News

POST TYPE

ABOUT US

ကိုနိုင်ထူးအောင် သို့မဟုတ် ပြည်တော်ပြန်လူငယ်ရဲ့ ပေးဆပ်မှုခရီး
02-Apr-2017 tagged as ပရဟိတ

လူသားတိုင်းသည် အသက်ရှင်ရပ်တည်ရေးအတွက် ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ပုံစံဖြင့် ရုန်းကန်နေကြရသူများ ဖြစ်ကြသည်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့် ကဏ္ဍများတွင် ဝင်ဆံ့ရပ်တည် ခိုင်မာစေရန် အမြဲပြင်ဆင် လှုပ်ရှားနေကြရသည်။ ထို့ကြောင့် လူတိုင်းသည် အချိန်ပြည့် အများအကျိုး လုပ်ဆောင်နေနိုင်သူ မဖြစ်နိုင်ပေ။ သို့သော် နေ့စဉ်ဘဝတွင် ရုန်းကန်နေထိုင်ရင်းပင် ကြုံရာကျပန်း ကောင်းမှုလေးများကို လုပ်ဆောင်နိုင်ပေသည်။ သန်းကြွယ်သူဌေး အားကစားစတားမှသည် သာမန်ရထားစီး ခရီးသည်တစ်ယောက်အထိ လုပ်ဆောင်ပေးသမျှသည် သူ့နည်းသူဟန်ဖြင့် လိုအပ်နေသူအတွက် ထိရောက်မှု ရှိပါပေသည်။ ကြုံရာကျပန်း လုပ်ဆောင်ပေးသည့် လျှပ်တစ်ပြက်ကောင်းမှုလေးများ သတင်းတိုများကို ဖတ်ရှုရတိုင်း မဖော်ပြတတ်သော ကြည်နူးမှုများ ခံစားရတတ်သည်။ ထို့ကြောင့် The Voice Sunday စာဖတ်ပရိသတ်အတွက် အဆိုပါ ဖြစ်ရပ်လေးများကို ယခင်အပတ်မှ အဆက်အဖြစ် ဆက်လက်မျှဝေ ဖော်ပြလိုက်ပါသည်။

ကိုသာပိုလို့ Facebook မိတ်ဆွေများရဲ့ ခင်မင်ရင်းနှီးမှုကို ရရှိထားတဲ့ ကိုနိုင်ထူးအောင်ဟာ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေရင်း လစာကောင်းကောင်း ရရှိပြီး တည်ငြိမ်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ပြည်ပကို ရောက်နေသော်ငြား လူမှုကွန်ရက် မီဒီယာကို အသုံးပြုပြီး အမိမြေ၊ မွေးရပ်မြေ မြန်မာပြည်အတွက် ကောင်းရာကောင်းကြောင်း ပရဟိတ လှုပ်ရှားထောက်ပံ့မှုများကို တက်ကြွစွာ လုပ်ဆောင်နေခဲ့သည့် မြန်မာလူငယ်တစ်ဦး ဖြစ်ပါသည်။ 

သို့သော် ၂၀၁၅ ခုနှစ်မှာ သူအိမ်ပြန်ရဖို့ ဖြစ်လာခဲ့သည်။ အားလုံးသိကြသည့် ၂၀၁၅ ရေဘေးသည် မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားကို ရေလွှမ်းမိုးမှုများ၊ မြေပြိုမှုများ ဆက်တိုက်ဖြစ်စေခဲ့ကာ ပြည်သူများစွာ နေရပ်များကို တိမ်းရှောင်စွန့်ခွာရပြီး အတိဒုက္ခ ဖြစ်စေခဲ့သည်။ အစပိုင်းက သဘာဝဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ရေး အွန်လိုင်းမှ အခမဲ့ စေတနာ့ဝန်ထမ်းများအဖွဲ့ဖြင့် လှုပ်ရှားဆောင်ရွက်နေခဲ့သည်။ ရေဘေးသင့် ကောလင်းနယ်တစ်ဝိုက်မှ ကျေးရွာများရှိ ရေတွင်းများအတွင်းသို့ ဝင်ရောက်သွားသော နုန်းအနယ်အနှစ်များကို ရေစုပ်စက်များစွာဖြင့် ပြန်လည်စုပ်ယူခြင်းကို ကိုသာပိုနှင့် မိတ်ဆွေများက တက်ကြွစွာ လိုက်လံဆောင်ရွက်ပေးနေခဲ့သည်။

ရေဘေးဒဏ်က အမြင့်ဆုံးသို့ ရောက်ရှိနေစဉ် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာပြီး ပြည်တွင်းပြည်ပ အလှူရှင်များနှင့် ချိတ်ဆက်ကာ ပြန်လည်ထူထောင်ရေး၊ အစောပိုင်း ကူညီကယ်ဆယ်ရေးတို့ကို တက်ကြွစွာ ဆောင်ရွက်နေခဲ့သည်။ ရေဘေးမပြီးသေးခင်မှာပင် နာမည်ကျော် အမြန်လမ်းပေါ်၌ ယာဉ်မတော်တဆမှုဖြင့် သူ ကွယ်လွန်သွားခဲ့သည်။ ကိုသာပို၏ ဈာပနသို့ ရန်ကုန်ရှိ ပရဟိတအဖွဲ့ပေါင်းစုံက ဝန်းရံပို့ဆောင်ပေးခဲ့သည်။