News

POST TYPE

ABOUT US

ဖိလစ်ပိုင် ရေဘေးအတွင်းက အာဂလူငယ်
02-Apr-2017 tagged as ပရဟိတ

လူသားတိုင်းသည် အသက်ရှင်ရပ်တည်ရေးအတွက် ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ပုံစံဖြင့် ရုန်းကန်နေကြရသူများ ဖြစ်ကြသည်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့် ကဏ္ဍများတွင် ဝင်ဆံ့ရပ်တည် ခိုင်မာစေရန် အမြဲပြင်ဆင် လှုပ်ရှားနေကြရသည်။ ထို့ကြောင့် လူတိုင်းသည် အချိန်ပြည့် အများအကျိုး လုပ်ဆောင်နေနိုင်သူ မဖြစ်နိုင်ပေ။ သို့သော် နေ့စဉ်ဘဝတွင် ရုန်းကန်နေထိုင်ရင်းပင် ကြုံရာကျပန်း ကောင်းမှုလေးများကို လုပ်ဆောင်နိုင်ပေသည်။ သန်းကြွယ်သူဌေး အားကစားစတားမှသည် သာမန်ရထားစီး ခရီးသည်တစ်ယောက်အထိ လုပ်ဆောင်ပေးသမျှသည် သူ့နည်းသူဟန်ဖြင့် လိုအပ်နေသူအတွက် ထိရောက်မှု ရှိပါပေသည်။ ကြုံရာကျပန်း လုပ်ဆောင်ပေးသည့် လျှပ်တစ်ပြက်ကောင်းမှုလေးများ သတင်းတိုများကို ဖတ်ရှုရတိုင်း မဖော်ပြတတ်သော ကြည်နူးမှုများ ခံစားရတတ်သည်။ ထို့ကြောင့် The Voice Sunday စာဖတ်ပရိသတ်အတွက် အဆိုပါ ဖြစ်ရပ်လေးများကို ယခင်အပတ်မှ အဆက်အဖြစ် ဆက်လက်မျှဝေ ဖော်ပြလိုက်ပါသည်။

ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၀၉ ခုနှစ်တုန်းက အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ခဲ့သည်။ ရုတ်တရက်ရေတွေ  တက်လာပြီး လူတွေဟာ ကူကယ်ရာမဲ့ ဖြစ်ခဲ့ရကာ ကိုယ့်မိသားစုကိုယ် အသက်လုပြီး သယ်ယူပြေးလွှားနေရတဲ့ အချိန်၌ အသက် ၁၈ နှစ်သားလေး မူအယ်မာမာဂါလာ နက်စ်ဟာ လူ ၃၀ ရဲ့ အသက်တွေကို အသက်စွန့်ပြီး ကယ်တင်ခဲ့ခြင်း ဖြစ်သည်။ 
ပထမ ရေထဲကို ဒိုင်ဗင်ထိုးပြီး ဆင်းသွားတုန်းက သူဟာ ကိုယ့်မိသားစုကိုပဲ ကယ်ချင်လို့ ဖြစ်ပါလိမ့်မည်။ သို့သော် ရေနစ်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရတော့မယ့် လူပေါင်းများစွာကို ရေထဲမှာ သူ တွေ့လိုက်ရသောအခါ သူ့အစီအစဉ် ပြောင်းသွားသည်။ ကိုယ့်မိသားစုကို ကယ်ပြီးတာနဲ့ ရေလွတ်ရာကို ပြေးဖို့ ဆုံးဖြတ်ချက်ကို သူပြင်ခဲ့ခြင်း ဖြစ်သည်။ ဘာကြောင့် ပြင်လိုက်မှန်း၊ ဘာကြောင့် အန္တရာယ်များထဲ ရေထုထဲ ထပ်ဆင်းဖို့ ဆုံးဖြတ်လိုက်မှန်း သူတောင်သိချင်မှ သိလိုက်ပေလိမ့်မည်။ တဒင်္ဂလေးထဲမှာပဲ ဖြစ်ပျက်သွားတာပါ။ ရေကူးပြီး ရေနက်ပိုင်းကို သွားလိုက်၊ ရေလွတ်ရာကို ခေါ်လာလိုက်နဲ့ အကြိမ်ကြိမ်သူ ပြုလုပ်နေခဲ့ပါသည်။ နောက်ဆုံး ကလေးမလေး တစ်ယောက်နှင့် မိခင်တစ်ဦးကို ကယ်တင်ပြီးမှ ခြေကုန်လက်ပမ်းကျပြီး သူလက်လျှော့လိုက်ခြင်း ဖြစ်သည်။

စုစုပေါင်း လူ ၃၀ ရဲ့အသက်ကို ကယ်တင်နိုင်ခဲ့သည်။ ရုတ်တရက် စိတ်ထဲမှာ ပေါ်လာတဲ့ လူသားဆန်တဲ့ ကြင်နာမှုကြောင့် လူပေါင်းများစွာ အသက်ချမ်းသာရာရခဲ့ပြီး ဘဝကို ရှေ့ဆက် နိုင်ခဲ့ခြင်း ဖြစ်သည်။ လူသားတွေရဲ့ ကြင်နာမှုဟာ ဘေးဒုက္ခတွေရဲ့ ဆိုးယုတ်မှုကို ကျော်လွှားနိုင်စေတတ်ပါသည်။