News

POST TYPE

ABOUT US

ဆရာဝန်များနှင့် စစ်ပွဲများ
07-Aug-2016 tagged as


ဂျီနိုစတရာဒါသည် အဆင့်မြင့် ဆေးဝါးကုသ စောင့်ရှောက်မှုနှင့် ခွဲစိတ်ကုသမှုများစွာကို စစ်ဘေးသင့် ပြည်သူများအတွက် ဆယ်စုနှစ် ၂ ခုကြာပေးအပ် ကူညီခဲ့သူ အီတလီလူမျိုး ခွဲစိတ်အထူးကု ဆရာဝန်ကြီးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်သားတစ်ဦး ဖြစ်သည်။ သူ၏ အဖွဲ့အစည်း Emergency သည် ၁၉၉၄ ခုနှစ်ကတည်းက ထူထောင်ခဲ့ခြင်း ဖြစ်ကာ အာဖဂန်နစ္စတန်မှသည် ဆူဒန်အထိ ပဋိပက္ခထိခိုက်ရာ နိုင်ငံအများအပြားတွင် ဆေးရုံပေါင်း ၆၀ကျော်၊ ဆေးပေးခန်းများစွာနှင့် ယာယီကုသပေးရေး စင်တာများစွာ လည်ပတ်နေသူ ဖြစ်သည်။ ရံဖန်ရံခါ အစိုးရများနှင့် ပူးပေါင်းကာ ဆေးပညာပေးခြင်း၊ ဒေသကျန်းမာရေးမှူးများကို သင်ကြားပေးခြင်း တို့ကိုလည်း ပြုလုပ်လေ့ရှိသည်။ ဂျီနိုစတရာဒါနှင့် ၎င်း၏ Emergency အဖွဲ့အစည်းသည် စစ်ဘေးဒဏ်သင့် ပြည်သူများကို ဆေးသာ ကုပေးနေသူများမဟုတ်ပါ။ ပြည်သူများ ထိခိုက်အနာ တရဖြစ်ရသည့် အကြောင်းရင်း စစ်ပွဲများ ကင်းမဲ့လာအောင် လှုံ့ဆော်ရာတွင်လည်း တက်ကြွစွာ ပါဝင်သည်။ အီတလီ စစ်တပ်၏ နိုင်ငံရပ်ခြား စစ်ပွဲများတွင် ပါဝင်နေခြင်းများကိုလည်း ထိပ်ဆုံးက ကန့်ကွက်ခဲ့သည်။ အီတလီနိုင်ငံက မြေမြှုပ်မိုင်းများ ထုတ်လုပ်ခြင်းကိုလည်း တားမြစ်ပိတ်ပင်စေရန် အောင်မြင်သော လူထုလှုပ်ရှားမှု တစ်ရပ်ကို ၁၉၉၇ ခုနှစ်က ဦးဆောင်ခဲ့ပါသည်။ 

ဂျီနို စတရာဒါကို ၁၉၄၈ ခုနှစ်တွင် မွေးဖွားခဲ့ပြီး မီလန်ဆေးတက္ကသိုလ်မှ ခွဲစိတ်ဆရာဝန်ဘွဲ့ ရရှိခဲ့ပါ သည်။ အီတလီ၊ တောင်အာဖရိကနှင့် အမေရိကန် ပြည်ထောင်စုတို့ရှိ ဆေးရုံများတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့တွင် ပါဝင်ခဲ့ကာ ဘော့စနီးယား- ဟာဇီဂိုးဗီးယား၊ ပါကစ္စတန်နှင့် ဆိုမာလီယာတို့ အပါအဝင် နိုင်ငံပေါင်း ရှစ်နိုင်ငံတွင် ၁၉၈၉ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ စစ်ဘေးသင့် ပြည်သူများအတွက် ခွဲစိတ်အထူးကု ဆရာဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ ၁၉၉၄ ခုနှစ်သို့ ရောက်သော် ဂျီနိုနှင့် ဇနီးသည် ထရီဇာတို့ လက်တွဲပြီး NGO Emergency အမည်ဖြင့် အရည်အသွေးမြင့်၊ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးသည့် အဖွဲ့အစည်းကို ထူထောင်ခဲ့သည်။ သူတို့၏ ပစ်မှတ်ထား အကူအညီပေးသည့် အုပ်စုမှာ စစ်ဘေးဒဏ်သင့်၊ မြေမြှုပ်မိုင်းဒဏ်သင့်နှင့် ဆင်းရဲနွမ်းပါးရာ ဒေသများ ဖြစ်ပေသည်။ 

“ကျွန်တော်ဟာ ခွဲစိတ်အထူးကုတစ်ယောက်ပါ။ အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ လက်တင် အမေရိကနဲ့ ဥရောပတို့မှာ ပဋိပက္ခတွေကြောင့် ဒဏ်ရာရသူတွေ သေဆုံးရသူတွေ များစွာကို တွေ့ခဲ့ရပါတယ်။ ကျည်ဆန်၊ ဒုံးကျည်၊ ဗုံးဆန် စတာတွေ ထိမှန်ခဲ့တဲ့ ထောင်ပေါင်းများစွာသော လူတွေကို ကျွန်တော် ခွဲစိတ်ခဲ့ဖူးပါတယ်” ဟု ၎င်းကဆိုသည်။  

ဂျီနိုက ကပ်ဘေးသင့်ရာ နေရာများတွင်သာ အနေများပြီး ဆေးရုံဆေးခန်းများကို ဦးဆောင်သည်။ ဇနီးသည် ထရီဇာက အီတလီတွင် နေထိုင်ပြီး Emergency အဖွဲ့အစည်းအတွက် စီမံခန့်ခွဲမှုများ ပြုလုပ်သည်။ ၂၀၀၉ ခုနှစ်တွင် ထရီဇာကွယ်လွန်သွားတော့ သမီးဖြစ်သူ စီစီလီယာက မအေ့နေရာ ဝင်ယူပြီးနောက်တန်းက စီမံပေးနေသည်။ ယခု သူတို့အဖွဲ့တွင် စေတနာ့ဝန်ထမ်း လေးထောင်ခန့်ရှိပါသည်။

၂၀၁၅ ခုနှစ်သို့ ရောက်ရှိသောအခါ Emergency အဖွဲ့ကြီးသည် ပြည်သူ ခြောက်သန်းခန့်ကို ဆေးဝါးကုသမှုနှင့် ခွဲစိတ်ကုသမှုများစွာ အခမဲ့ ဝန်ဆောင်မှုပေးခဲ့ပြီး နိုင်ငံများ ၁၅ နိုင်ငံတွင် ဆေးရုံ များ၊ ခွဲစိတ်ခန်းပါ ဆေးခန်းများ၊ ပြန်လည်သန်စွမ်းရေး ဂေဟာများ၊ ကလေးအထူးကု ဆေးခန်းများ၊ အရေးပေါ် ကယ်ဆယ်ကုသရေး စခန်းများ၊ မီးဖွားခန်းများနှင့် နှလုံးခွဲစိတ်ခန်းတစ်ခုပါ ထူထောင်ထားပြီးသား ဖြစ်သည်။ ရပ်ရွာနေပြည်သူများ၊ ရပ်ရွာအာဏာပိုင် များနှင့် သဘောတူညီမှုရယူကာ လိုအပ်ချက်များကို အခြေခံလျက် ရပ်ရွာတစ်ခုကို Emergency အဖွဲ့က ပါဝင် ဝင်ရောက်ပါသည်။ 

“စစ်တွေဖြစ်နေတဲ့နေရာတွေမှာ ၂၅ နှစ်ကျော် အလုပ်လုပ်ပြီးတဲ့အခါ ရက်စက်မှု၊ ဝမ်းနည်းစရာ အမှန်တရားတွေကို တွေ့ရှိခဲ့ရပြီးတော့ ဒီလူမှုအဖြစ်ဆိုးတွေဟာ ဆေးခန်းတောင်မရှိတဲ့  နေရာတွေမှာ ဖြစ်နေတာကို သိလိုက်ရပါတယ်” ဟု ဒေါက်တာဂျီနိုက ထောက်ပြသည်။ 

Emergency အဖွဲ့သည် ကျန်းမာရေးစောင့်ရှောက်မှုအား လူ့အခွင့်အရေးရှုထောင့်မှ ချဉ်းကပ်ပါ သည်။ ခွဲခြားဆက်ဆံခြင်း မရှိရဟူသော မူဝါဒဖြင့် လည်ပတ်သည်။ အတွေ့အကြုံရှိပြီးသော Emergency ၏ နိုင်ငံတကာဝန်ထမ်းများက ဒေသခံဝန်ထမ်းများကို လုပ်ငန်းခွင် သင်တန်းများပေးကာ နောက်ပိုင်း မိမိတို့ကိုယ်တိုင် ရပ်တည်သွားနိုင်ရန် အတွက် အခြေခံကောင်းများ ဖန်တီးပေးကြသည်။ 
မကြာသေးခင် ကာလများအတွင်း အာဖဂန်နစ္စတန်၊ ဗဟိုအာဖရိက သမ္မတနိုင်ငံ၊ အီရတ်၊ ဆီရာလီယွန်၊ ဆူဒန်တို့တွင် ဖြစ်နေသော အနိဋ္ဌာရုံများကို အလျင်အမြန် တုံ့ပြန်ကုသ  ကယ်ဆယ်မှုများ ပြုလုပ်လျက်ရှိသည်။ အာဖရိက ဆီရာလီယွန်နိုင်ငံတွင် အီဘိုလာ ရောဂါကပ်ဘေး ဖြစ်တော့လည်း အစိုးရ၏ မေတ္တာရပ်ခံမှုဖြင့် ခုတင် ၁၀၀ အီဘိုလာ ဆေးရုံတစ်ရုံ ဖွင့်ခဲ့သေးသည်။ ဥရောပ အဆင့်မီကုသမှု ကိရိယာများ၊ ကျွမ်းကျင်ပညာရှင်များဖြင့် ကုသပေးနေသော တစ်ခုတည်းသော ဆေးရုံဖြစ်သည်။ ဆီးရီးယား ဒုက္ခသည်စခန်းများတွင် Emergency အဖွဲ့၏ ဆေးခန်းများစွာ ဖွင့်လှစ် ထားရှိထားသည်။ စေတနာ့ဝန်ထမ်း ဆရာဝန်များ၏ အကူအညီဖြင့် ကုသပေးမှုပေါင်း ၇၅,၀၀၀ ကို ပြုလုပ်ပေးခဲ့ပြီး ဖြစ်သည်။ 

“စစ်ပွဲဆိုတာ လူ့အခွင့်အရေးဆိုတာကို ဘယ်တော့မှ ထည့်မတွက်ပါဘူး။ အကြမ်းဖက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံတွေကို သွားကြည့်မယ်ဆိုရင် လူဆယ်ယောက်ကို တစ်ယောက်လောက်က ထိခိုက် ခံစားနေရပါတယ်။ ဒါကို ကျွန်တော်တို့ မေ့မထားသင့်ပါဘူး” ဟု ၎င်းကဆိုသည်။ 

စစ်၏ အနိဋ္ဌာနရုံများကို ဗွေဆော်ဦး မြင်ရရှင်းရသူမှာ ဆရာဝန်များ ဖြစ်ကြသည်။ ဝေဒနာများကို ကုသပျောက်ကင်းစေ သည်သာမက နောက်ကွယ်တွင် ဆိုးဝါးစွာရှိနေသော ပဋိပက္ခများ အမြစ်ပြတ်ရေးကိုပါ အစဉ်တစိုက် တောင်းဆိုခဲ့သော ဆရာဝန်များ၏ အားထုတ်မှုမှာ ချီးကျူးစရာဖြစ်သည်။ ထို့ကြောင့်ပင် Alternative Nobel ဆုဟု ခေါ်ကြသော Right Livelihood Award ကို တည်ထောင်သူ ဆရာဝန်ကြီးနှင့် အဖွဲ့အစည်းက ၂၀၁၅ ခုနှစ်တွင် ပူးတွဲရရှိ သွားခဲ့ခြင်းဖြစ်သည်။                

သန့်ဇင်စိုး

  • TAGS

ABOUT AUTHOR

(သန့်ဇင်စိုး)