News

POST TYPE

ABOUT US

ရော်ဘင်ဟုဒ် ကဖေး
05-Feb-2017 tagged as

ရော်ဘင်ဟုဒ် ဆိုသည်မှာကား ဗြိတိန်ဒဏ္ဍာရီလာ သူရဲကောင်း ဇာတ်ကောင်ကြီးတစ်ဦး ဖြစ်သည်။  မြားရေးကောင်းသည်။ ဓားရေးသွက်သည်။ သူ့နာမည် ကျော်ရခြင်းမှာ တတ်နိုင်သူများထံမှ ဓားပြတိုက် ဆက်ကြေးတောင်းပြီး ဆင်းရဲသားများကို လိုက်လံကူညီသောကြောင့် ဖြစ်သည်။ စပိန်နိုင်ငံ မြို့တော် မက်ဒရစ်တွင်လည်း ယခုအခါ ရော်ဘင်ဟုဒ်ကဖေးဆိုင် ဆိုပြီး နာမည်ကျော်နေသော စားသောက်ဆိုင်  တစ်ဆိုင် ရှိပါသည်။ အဆိုပါဆိုင်သည် ဓားပြတိုက်ခြင်းကြောင့်တော့ နာမည်ကျော်ခြင်း မဟုတ်ပါပေ။ နေ့လယ်နေ့ခင်းအခါတွင် တတ်နိုင်သူများကို ရောင်းချပိုက်ဆံယူပြီး ညချမ်းချိန်ခါတွင် အိမ်ခြေမဲ့များ နွမ်းပါးသူများကို ညစဉ်စတုဒိသာဖြင့် တည်ခင်းဧည့်ခံသောကြောင့် ဖြစ်ပေသတည်း။ တတ်နိုင်သူများထံမှ ငွေယူပြီး မတတ်နိုင်နွမ်းပါးသူများကို ကူညီသောကြောင့် ရော်ဘင်ဟုဒ် စားသောက်ဆိုင်ဟု အမည်ပေး ခံထားရခြင်း ဖြစ်တန်ရာသည်။

မနက်ခင်းစာနှင့် နေ့ခင်းစာများကို သာမန် စပိန်စားသောက်ဆိုင်များအတိုင်း တည်ခင်းဧည့်ခံ  ရောင်းချပေးသည်။ ကော်ဖီရသည်။ စပိန်စာများ ရောင်းပေးသည်။ ညပိုင်း ဆိုင်ပြန်ဖွင့်လျှင်တော့ ဆိုင်က ပြောင်းသွားသည်။ မီနူးကလည်း တစ်မည်တည်းသာ ရတော့သည်။ သို့သော် အယုတ်အလတ်အမြတ်မရွေး မတတ်နိုင်သူများအတွက် ထိုင်ပြီး စားသောက်သွားနိုင်သော နေရာဖြစ်ပေသတည်း။ အဆိုပါ စားသောက်ဆိုင်လုပ်ငန်းကို ဆောင်ရွက်နေသည်မှာ ဒေသဆိုင်ရာ ပရဟိတ အဖွဲ့အစည်း Mensajeros de la Paz ဖြစ်သည်။ ယင်း စပိန်ဘာသာစကား၏ အဓိပ္ပာယ်က ငြိမ်းချမ်းရေး၏ တမန်တော်များဟု အဓိပ္ပာယ်ရပါသည်။ နေ့စဉ် အိမ်ခြေမဲ့ ၁၀၀ ကျော်ကို ညစာကျွေးနိုင်ဖို့ ရည်ရွယ်ချက်ဖြင့် အဆိုပါ စားသောက်ဆိုင်ကို ဖွင့်ထားခြင်း ဖြစ်ပါသည်။ 

“ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကလည်း ဆုံးမထားပါတယ်။ လူတွေကို သူတို့ထိုက်တန်တဲ့ ဂုဏ်သိက္ခာ ချီးမြှင့်ပေးရမယ် ဆိုတာပါ။ ပေါင်မုန့်နဲ့ဖြစ်စေ၊ လုပ်အားပေးခြင်းနဲ့ဖြစ်စေ ကူညီရတာ ဖြစ်ပါတယ်” ဟု လွန်ခဲ့သည့် ၅၄ နှစ်ကတည်းက အဆိုပါ အများအကျိုးဆောင်သည့် လုပ်ငန်းကို တည်ထောင်ထားသည့် ဖာသာအိန်ဂျယ်ဂါစီယာရိုဒရီဂွက်ဇ်က ပြောကြားခဲ့ သည်။ သေသေချာချာ စားပွဲခင်းများဖြင့် ပြင်ဆင်ခင်းကျင်းထားသည့် စားသောက်ခန်းဝယ် စားပွဲထိုး အစုံအလင်ဖြင့် တည်ခင်းသော ညစာကို နွမ်းပါးသူများ လာရောက်စားသောက်နိုင်ရန် ပြင်ဆင်ပေးသည့် လုပ်ငန်းကိုပါ တိုးချဲ့ခဲ့ခြင်း ဖြစ်သည်။ နေ့ခင်းလာစားသူများနှင့် တန်းတူသည့် ပြုစုဧည့်ခံမှုများ ပြုလုပ်ပေးသည်ဟု ၎င်းက ဆက်လက်ပြောကြားပါသည်။ ရိုးရှင်းစွာပင် ပြုလုပ်ပေးထားပါသည်။ ရော်ဘင်ဟုဒ် ကဖေးဟု အမည်နာမရထားသည့် အဆိုပါ စားသောက်ဆိုင်သို့ နေ့ခင်းတွင်လည်း တတ်နိုင်သူများက တခုတ်တရ လာစားကြပါသည်။ အနီးအနား ဘုရားကျောင်းတွင်လည်း အဆိုပါ ပရဟိတအဖွဲ့ကပင် အိမ်ခြေမဲ့ ၂၀၀ အတွက် နေ့လယ်စာနှင့် မနက်စာများ ကူညီပေးသော အစီအစဉ်ကို နေ့စဥ မျှဝေပေးနေပါသည်။

၂၀၀၈ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်းကာလ ပြီးကတည်းက စပိန်နိုင်ငံတွင် မညီမျှမှုများက မြင့်တက်လာနေသည်။ တိုင်းပြည်၏ အလုပ်လက်မဲ့နှုန်းသည် ၂၀ ရာခိုင်နှုန်းနားသို့ ကပ်သွားသည်။ လူငယ်အလုပ်လက်မဲ့နှုန်းသည် ဥရောပတွင် အမြင့်ဆုံးနှုန်းသို့ ရောက်ခဲ့သည်။ လူငယ်အလုပ်လက်မဲ့နှုန်းက ၄၂ ရာခိုင်နှုန်းဖြစ်သည်။ ယခုလိုမျိုး အခြေအနေတွင် Mensajeros de la Paz အဖွဲ့သည် ၎င်းတို့၏ ထိရောက်သော အကူအညီပေးမှုများက အလုပ်လက်မဲ့များ အလုပ်ရှာနေစဉ် များစွာ အကူအညီ ဖြစ်ပါသည်။ ဘုရားကျောင်းတွင် wifi ဖြင့် အင်တာနက်သုံးနိုင်ခြင်း၊ စမတ်ဖုန်း app ဖြင့် အပြစ်ဝန်ခံ အာပတ်ဖြေနိုင်ခြင်း၊ လက်ဖက်ရည်နှင့် ကော်ဖီအေးအေးဆေးဆေး သောက်နိုင်ခြင်းတို့ကို စီစဉ်ပေးထားသည်။ ပြီးခဲ့သည့် နှစ်ကလည်း အိမ်ခြေမဲ့များ ၂၀၀ ခန့်ကို မြို့တော်ခန်းမတွင် ညစာစားပွဲ စီစဉ်ပေးခဲ့သေးသည်။ အစားအသောက်များကို စီစဉ်ပေးရာတွင် ဂုဏ်သရေရှိ ပုဂ္ဂိုလ်များကို စီစဉ်ပေးသည့် အလားလေးစားစွာ ခင်းကျင်းပေးခဲ့ပါသည်။ “လူယောက်ျားသည် ပေါင်မုန့်စားရန် အသက်ရှင်နေခြင်း မဟုတ်လို့ ဆိုထားပေသော်ငြား တချို့ဟာ အဲဒီပေါင်မုန့် တစ်ချပ်တောင် မရှိပါဘူး” လို့ စားသောက်ဆိုင် ထူထောင်သူ ဖာသာရိုဒရီဂွက်ဇ်က ပြောပြပါသည်။ ဒါကြောင့်လည်း ပေါင်မုန့်ကို ဝေမျှပေးဖို့ ကြိုးစားခဲ့သည်ဟုလည်း ဆိုသည်။

မည်မျှပင်သေးငယ်သော အကူအညီ ဖြစ်စေကာမူ မိမိလိုအပ်နေသော အချိန်တွင် ရလိုက်ပါက အလွန်အဖိုး မဖြတ်နိုင်အောင် တန်ဖိုးရှိလှပါသည်။ ညစာတစ်နပ်သည် မပြောပလောက်သော အကူအညီဟု ဆိုနိုင်ပေသော်ငြား အလုပ်လက်မဲ့ ဖြစ်နေသည့် အိမ်ခြေမဲ့တစ်ယောက် အတွက် နောက်တစ်နေ့အတွက် မျှော်လင့်ချက် ဖြစ်ပေသည်။ အခမဲ့ အင်တာနက်သုံးခွင့် ပေးထားခြင်းသည် မသိသာလှသည့် အကူအညီ ဖြစ်သော်လည်း အလုပ်ရှာနေသူအတွက် ကောက်ရိုးတမျှင် ဖြစ်ပါသည်။ စိတ်ကူးကောင်းသော ရေရှည်တည်တံ့သည့် ပရဟိတ အစီအစဉ်ဟု ဆိုရပေမည်။ 

သန့်ဇင်စိုး

  • TAGS