News

POST TYPE

ABOUT US

ဆေးကြိတ်တဲ့မောင်
29-Jan-2017 tagged as စင်ကာပူ

‘ကိုယ့်အတွက် အဓိပ္ပာယ်ရှိတဲ့ အရာတစ်ခုကို သင်လုပ်နေပြီဆို နာကျင်မှုဆိုတဲ့ အရာအကြောင်းကို စဉ်းစားဖို့အတွက် ခင်ဗျားမှာ အချိန်မရှိပါဘူး’ ဟု စင်ကာပူသားကြီး မစ္စတာ အွန်ကင်ချွမ်းက ပြောကြားပါတယ်။ 

မစ္စတာအွန်ဟာ တရုတ်တိုင်းရင်းဆေးဖက်ဝင် သစ်ဥသစ်ဖုများ စိုက်ပျိုးတာ ဝါသနာထုံသူပါ။ ကိုယ်တိုင်လေ့လာသင်ကြား၊ ဗဟုသုတ ရှာဖွေစုဆောင်းသူ ဖြစ်သည်။ ရော်ဘာဖိနပ်လည်ရှည် အဝါရောင်ကြီးဝတ်ကာ ဝါးဦးထုပ် အပြားကြီးနှင့် တကယ့်လယ်သမားကြီးအလား အလုပ်လုပ်နေလေ့ ရှိပါသည်။ သူ့ဆေးစိုက်ခင်းက စင်ကာပူမှာ ဖြစ်ပါတယ်။ မစ္စတာအွန်းသည် စင်ကာပူ NTU ကျောင်းဝင်းအတွင်းရှိ ရပ်ရွာဆေးပင်ဝါးပင် စိုက်ခင်းထဲတွင် ဖြစ်ပါသည်။ သူလုပ်သည့် အလုပ်များကား ဆေးပင်များစိုက်ခြင်း၊ လာရောက်ဆေးပင် တောင်းကြသူများကို အခမဲ့ ဝေမျှပေးခြင်း၊ ရှင်းပြပေးခြင်းများ ပြုလုပ်ပေးသည်။ ဥယျာဉ်အတွင်း တရုတ်တိုင်းရင်းဆေးဖက်ဝင် အပင်များ အကြောင်း သင်ကြားပြသမှုများလည်း လုပ်ပေးပါသည်။

ငယ်စဉ်ကတည်းက အွန်သည် အဆိုပါ ဥယျာဉ်မြေနှင့် မလှမ်းမကမ်းတွင် နေထိုင်ခဲ့သူ ဖြစ်သည်။ ကျောင်းဆင်းတိုင်း ညီအစ်ကိုများနှင့် မိဘများ၏ ဟင်းသီးဟင်းရွက် စိုက်ခင်းများကို ဝင်ကူရသည်။ မစ္စတာအွန်သည် ငယ်စဉ်ကတည်းက တရုတ်ရိုးရာ ဆေးဖက်ဝင် အပင်များအကြောင်းကို စိတ်ဝင်စားကြသည်။ ညီအစ်ကို တော်စပ်သူတစ်ဦး lymphoma ဝေဒနာ ဖြစ်ကတည်းက ဆေးဝယ်ရသည့် စရိတ်များ အလွန်ကြီးသည်ကို သူသတိထားမိခဲ့သည်။ ငွေကြေးမတတ်နိုင်သူများ အတွက် ဘေးထွက်ဆိုးကျိုး မရှိသော အခမဲ့ဆေးဝါးများ ပေးနိုင်ရေးကို သူစဉ်းစားခဲ့ရာမှ အဆိုပါ ဥယျာဉ်ကို စဉ်းစားမိခဲ့ခြင်း ဖြစ်ပါသည်။ ဆေးဖက်ဝင် အပင်စုံကို ကြိုးစားပမ်းစားစိုက် ပျိုးပါတော့သည်။

ထိုအလုပ်ကို စလုပ်မည်ဆိုတော့ မစ္စတာအွန်၏ မိသားစုဝင်များက တားကြသည်။ အလုပ်ပင်ပင်ပန်းပန်းမျိုးကို ထိုအသက်အရွယ်မျိုးတွင် မလုပ်စေချင်တော့။ ပြီးတော့ ငွေကုန်ကြေးကျလည်း ရှိနိုင်ပါသည်။ မစ္စတာအွန်ကတော့ ၎င်း၏ ကိုယ်ပိုင်ပိုက်ဆံများကို အသုံးပြုကာ ဥယျာဉ်တစ်ခု ဖော်ဆောင်ပါတော့သည်။ ချော်လဲသဖြင့် ဒူးဒဏ်ရာရဖူးကာ ခွဲစိတ်ခဲ့ရဖူးသော်လည်း သူကတော့ နောက်မဆုတ်စတမ်း ဆေးပင်စိုက်သည့်လုပ်ငန်းကို လုပ်နေဆဲဖြစ်သည်။ “ကိုယ့်အတွက် အဓိပ္ပာယ်ရှိတဲ့ အလုပ်တစ်ခုကို လုပ်နေရမယ်ဆိုရင် နာကျင်မှုဆိုတဲ့ အရာကို စဉ်းစားမိမှာ မဟုတ်ပါဘူး” ဟု ၎င်းက မန်ဒရင်း ဘာသာစကားဖြင့် ပြောကြားခဲ့ပါတယ်။ “နာကျင်နေတယ် ဆိုတာကို မေ့သွားပါလိမ့်မယ်” ဟု ၎င်းက ဆိုပါသည်။

ဆေးပင်ဆေးရွက်ဆေးမြစ် လာယူကြသူ ပြည်သူများက ဘယ်လိုဘယ်ပုံ သက်သာကြပါကြောင်း ပြောလာတဲ့အခါ ၎င်းအနေနှင့် ကျေနပ်ပီတိ ဖြစ်ရပါသည်။ ဆေးစွမ်းထက်မြက်ကြကြောင်း ဆက်သွယ်ပြောကြားလာကြတိုင်း နေ့စဉ်အလုပ်သွားပြီး စေတနာ့ဝန်ထမ်းရန်အတွက် ခွန်အားရစမြဲ ဖြစ်သည်။ လူဦးရေ လေးထောင်ခန့်ကို ဆေးဖက်ဝင် သစ်ပင်ထွက်ပစ္စည်းများ လက်ဆောင်ပေးပြီး ဖြစ်သည်ဟု ၎င်းက ခန့်မှန်းပြောကြားသည်။ သူ့ရဲ့ ခြံတွင်းဆေးပင်ဆိုင်ရာ ပညာပေး အစီအစဉ်များကို လာရောက်နားထောင်ကြသူများ ရှိသည်။ ဘာကြောင့် ထိုအလုပ်ကို နှစ်မြှုပ်လုပ်ကိုင်နေပါသလဲ ဆိုသည့် မေးခွန်းကလည်း ယေဘုယျကျသော မကြာခဏ ဖြေရသည့် မေးခွန်းဖြစ်ပါသည်။

သူ့ရဲ့ဆေးဝါးလှူဒါန်းမှု ပရဟိတ လုပ်ငန်းများကို အမြတ်ထုတ်သူများလည်း ရှိသည်ဟု ဆိုပါသည်။  ထိုကဲ့သို့သော စိန်ခေါ်မှု ပြဿနာများကို ရင်ဆိုင်ရတိုင်း သူ့မိခင်ပြောကြားသော စကားတစ်ခုကို ပြန်လည်ကြားယောင်မိမြဲ ဖြစ်သည်။ “ဇွဲရှိရှိ အလုပ်လုပ်ပါ။ ဂုဏ်သိက္ခာရှိစွာ နေထိုင်ပါ” ဟူ၍ ဖြစ်သတည်း။ ဒီလိုစိတ်ထားမျိုးနဲ့ပင် သူရှေ့ဆက်နေပါသည်။ 

“ဆေးပင်တွေကို ဖြည်းဖြည်းခူးပါ။ နေ့စဉ် လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ထားကောင်းထားပါ” ဆိုသည့် အကြံဉာဏ်က သူ့ဥယျာဉ်သို့ လာသူတိုင်းကို သူပေးလေ့ ရှိသည်။ 

စေတနာ့ ဝန်ထမ်းများကလည်း နောက်ပိုင်းကျတော့ မစ္စတာအွန်၏ ဆေးစိုက်ခင်းသို့ လာရောက်ကြပါသည်။ ဆေးဖက်ဝင်အပင်များ အကြောင်းကို မန်ဒရင်း တရုတ်စကားမှ အင်္ဂလိပ် ဘာသာသို့ ဘာသာပြန်ပေးမည့် စေတနာ့ ဝန်ထမ်းများ လိုကြောင်း ၎င်းက ဆိုသည်။ ဆေးစိုက်ခင်းတွင် သုံးရမည့် ကုန်ကျစရိတ်များ အတွက်လည်း လှူနိုင်ကြောင်း ၎င်းက  ဖိတ်ခေါ်ပါသည်။ ရုပ်ဝတ္ထုပစ္စည်း တိုးတက်မှုများက အရာရာလွှမ်းမိုးထားသော စင်ကာပူလို နေရာမျိုးတွင် ယခုကဲ့သို့ အေးဆေးတည်ငြိမ်သည့် ဆေးစိုက်ခင်း သင်ခန်းတစ်ခုက တက္ကသိုလ်ရပ်ရွာစင်တာ မြေကွက်တွင် ရှိနေပါသည်။ တကယ့်လယ်ယာလုပ်သားကြီး ပုံစံအတိုင်း တကုပ်ကုပ် အလုပ်လုပ်နေသော စင်ကာပူသားကြီး၏ စိတ်စေတနာက ရပ်ရွာစိတ်ဓာတ်များ စင်ကာပူတွင် ရှိနေသေးကြောင်း သက်သေသက္ကာယ ဖြစ်ပါပေသည်။        

သန့်ဇင်စိုး