News

POST TYPE

ABOUT US

စာရေးဆရာမကြီးနှင့် သူ၏သမီးများ
22-Jan-2017

အိန္ဒိယနိုင်ငံ လက်ခ်နောင်မြို့ကြီးရှိ နေအိမ်တစ်လုံး အပြင်ဘက်မှ ပုခက်ကြိုးတန်းတစ်ခုသည် ဖြတ်သွားဖြတ်လာများအတွက် အမြင်စိမ်းနေမည် ဆိုသော်ငြား မိဘမဲ့ ကလေးများ၊ စွန့်ပစ်ခံ ကလေးများ အတွက်မူ အဓိပ္ပာယ် တစ်ခုခု ရှိပါလိမ့်မည်။ ချစ်ခြင်းတရား၊ နွေးထွေးမှု၊ မိခင်မေတ္တာ၏ ပြယုဂ်တစ်ခု ဖြစ်ပါသည်။ နှစ်ပေါင်းသုံးဆယ်ကျော်ကြာအောင် ထိုပုခက်ထဲသို့ ကလေးပေါင်းများစွာ ဝင်ခဲ့ရသည်။ ထားခဲ့ခံရသည်။ ဘဝတစ်ခုလုံးကို မြှုပ်နှံကာ ကလေးများအတွက် တာဝန်ယူ လုပ်ဆောင်ပေးနေသည့် မိခင်တစ်ဦး၏ စောင့်ရှောက်မှုကို ထိုပုခက်ထဲ ဝင်ပြီးမှ ရရှိခဲ့ကြသည်။ ထိုမိခင်ကြီး၏ အမည်မှာ ဒေါက်တာဆာရိုဂျီနီ အဂါဝယ် ဖြစ်ပါသည်။ 

ဒေါက်တာဆာရိုဂျီနီ အဂါဝယ်သည် ယခုအခါ အသက် ၈၀ ရှိပါပြီ။ သို့သော် ထိုဂေဟာတွင် နေထိုင်သည့် ကလေးမလေးများ၊ အမျိုးသမီးငယ် အတော်များများက မေမေ ‘Maa’ ဟုသာ ခေါ်ဆိုကြသည်။ ဂေဟာကြီးကို မာနီရှာမန်ဒီရာဟု ခေါ်ပါသည်။ မေမေကြီး မွေးစားထားသော သမီးများအားလုံး အဆိုပါ ကျောင်းတော်ဂေဟာတွင် နေထိုင်ကြရသည်။ ထိုအိမ်ကြီး အတွင်းဝယ် သမီးငယ်လေးများ ဆော့ကစား၊ အစားစား၊ စာကျက်နှင့် ပျော်ရွှင်ဖွယ် ကောင်းလှသည်။ သို့ပါသော် တစ်ချိန်က ထိုအိမ်ကြီးတွင် ကံမကောင်း အကြောင်းမလှသည့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။ ထိုဖြစ်ရပ်ကြောင့်လည်း ဒေါက်တာဆာရိုဂျီနီ အဂါဝယ် တစ်ယောက် သမီးရာပေါင်းများစွာ မွေးစားခဲ့ခြင်း ဖြစ်ပါသည်။ 

၁၉၇၈ ခုနှစ်က ထိုစံအိမ်ကြီးတွင် ငိုသံများဖုံး လွှမ်းခဲ့ဖူးသည်။ ဆရာမကြီး၏ သမီး အသက်ရှစ်နှစ်အရွယ် မာနီရှာတစ်ယောက် ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့ရသည်။ ထိုအဖြစ်ဆိုးကြောင့် ဒေါက်တာဆာရိုဂျီနီအဂါဝယ် တစ်ယောက် ပူဆွေးသောကကြီး စွာ ရောက်ခဲ့ရသည်။ ယာဉ်မတော်တဆမှု ဖြစ်စဉ်က သူမကိုယ်တိုင် ကားမောင်းနေခဲ့သည်။ ဘာကြောင့် ငါ့သမီးမှ ဒီလိုဖြစ်ရတာလဲဆိုတဲ့ ပူဆွေးသောကက သူ့ကို ဖိစီးနှိပ်စက်ခဲ့ပါသည်။ နောက်တော့ သူမ အဖြေ ရရှိသွားခဲ့သည်။ 

သူမအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ရာအတွက် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါသည်။ ဂျိုဒါပူရ်တွင် မွေးဖွားကြီးပြင်းခဲ့ကာ ဟင်ဒီစာပေ ဘာသာဖြင့် Ph.D ဘွဲ့ကို ရရှိခဲ့သည်။ ထို့နောက် ဒေါက်တာဆာရိုဂျီနီအဂါဝယ်သည် စာရေးဆရာမ တစ်ယောက် ဖြစ်လာခဲ့ပြီး ဝတ္ထုတိုပေါင်းများစွာ၊ ကဗျာပေါင်းများစွာ၊ ဝတ္ထုရှည်များစွာ ရေးသားခဲ့သည်။ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တစ်အုပ်ကိုလည်း ပြုစုခဲ့ပါသည်။ ခင်ပွန်းသည် သားသုံးယောက်နှင့်အတူ နေထိုင်ရင်း မွေးစားသမီးပေါင်း များစွာ၏ ရှေ့ရေးအတွက် အားတက်သရော အလုပ်လုပ်နေသည်။ သားသုံးယောက်အနက် တစ်ဦးမှာ ကွယ်လွန်သွားပြီ ဖြစ်သော မာနီရှာ၏ အမြွှာမောင်ဖွား ဖြစ်သည်။ 

“ကျွန်မသားကြီး အင်ဂျင်နီယာ ဖြစ်သွားပြီး နောက်မှာ စွန့်ပစ်ခံ ကလေးငယ်တွေအတွက် အိမ်တစ်လုံး ထူထောင်ဖို့ ခင်ပွန်းဖြစ်သူနဲ့ တိုင်ပင်ခဲ့ပါတယ်” ဟု ဒေါက်တာအဂါဝယ်က ဖွင့်ဟပြောဆိုသည်။ 

ယခုအခါ မန်နီရှာမန်ဒီဟာ ဂေဟာကြီးတွင် ဆရာမကြီး၏ ခင်ပွန်းကလည်း သမီးများစွာတို့၏ အဖေ ဖြစ်နေခဲ့လေပြီ။ 

၁၉၈၅ ခုနှစ်တွင် သမီးတို့ဂေဟာကို စတင်ထူထောင်ခဲ့ခြင်း ဖြစ်သည်။ စာရေးဆရာမကြီးသည် သူ့စာအုပ်ပေါင်း များစွာမှ ရရှိထားသော ဝင်ငွေများကို သုံးကာ ထိုဂေဟာကို ထူထောင်ခဲ့ခြင်း ဖြစ်သည်။ ပထမဆုံး မွေးစားခဲ့သည့် သမီးမှာ နားမကြား၊ စကားမပြောနိုင်သော ကလေးတစ်ဦး ဖြစ်ပြီး သူမ၏ မိခင်မှာ ခင်ပွန်းသည်နှင့် ကွာရှင်းထားကာ မီးတွင်း၌ပင် ဆုံးပါးသွားခဲ့သူ ဖြစ်သည်။ ပထမဆုံး သမီးလေးကို ရှီဗီဟု အမည်ပေးခဲ့သည်။ ထို့နောက် သူမတွင် ညီအစ်မနှစ်ဦး ရလာသည်။ မိခင်မဲ့ သမီးများ ဖြစ်ကြသည်။ ထို့နောက် စွန့်ပစ်ကလေးငယ်ပေါင်း များစွာကို စတင်လက်ခံ ပြုစုစောင့်ရှောက်ခဲ့သည်။ ပြည့်တန်ဆာအိမ်များမှ ထွက်ပြေးလွတ်မြောက်လာသူ မိန်းကလေးများကိုလည်း လက်ခံကူညီ ပြုစုစောင့်ရှောက်နေပါသည်။ 

သူမတို့ ခြံဝင်းကြီး၏ ရှေ့နားတွင် ပုခက်လေးတစ်ခု ဆင်ပေးထားသည်။ မလိုချင်သည့် ကလေးများကို လမ်းဘေးတွင် စွန့်ပစ်ထားမည့်အစား အဆိုပါ ပုခက်လေးထဲ ထည့်ခဲ့နိုင်အောင် ဖြစ်သည်။ လမ်းဘေးတွင် စွန့်ပစ်ထားခဲ့ပါလျှင်မူ မွေးကင်းစ ကလေးများ သေဘေးနီးသောကြောင့် ဖြစ်သည်။ နှစ်ပေါင်းများစွာ ထိုအလုပ်ကို အာရုံစိုက်ပြီး လုပ်ခဲ့သော ဆရာမကြီးသည် ယခုအခါ အသက် ၈၀ ဖြစ်လာခဲ့လေပြီ။ ဂေဟာ အကြိမ် အနည်းငယ် ပြောင်းရွှေ့ခဲ့ရသည်။ ယခုတော့ လက်ခ်နောင်မြို့ ဂွန်တီနာဂါဒေသတွင် သုံးထပ်အဆောင်ကြီးဖြင့် သမီးများစွာကို ပြုစုမြေတောင်မြှောက်ပေးနေဆဲ ဖြစ်သတည်း။ ဂေဟာ၏ ဂိတ်ဝတွင် ကွယ်လွန်သူ သမီး၏ ကိုယ်တစ်ပိုင်းပုံ ရုပ်လုံးလေး ထားရှိထားသည်။ သူမ၏ သမီးများစွာသည် ယခုအခါ ပညာတတ်များ ဖြစ်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ကာ အိမ်ထောင်ရက်သားများ ကျနေသူများစွာ ရှိနေလေပြီ။ သမီးများက ဂေဟာကို မကြာခဏ လာလည်ကြသည်။ ပြန်ပြီး ကူညီပေးကြသည်။  

ဆုပေါင်းများစွာ ရရှိထားသည်။ ရသမျှကို ပရဟိတလုပ်ငန်း အတွက်သာ ပြန်လည်အသုံးပြုနေသည်။ ဆင်းရဲနွမ်းပါးသော မိန်းကလေး မိသားစုများအတွက် အဆင့်မြင့်ပညာ သင်နိုင်ရန် ပညာသင်ဆုများ ပေးခဲ့သည်။ ဘွဲ့သင်တန်း၊ ဘွဲ့လွန်သင်တန်းများ ဆက်လက်တက်ရောက်နိုင်ရန် အတွက် ကွယ်လွန်သူ သမီးနာမည်ဖြင့် ပညာသင်ဆု ဖောင်ဒေးရှင်း တည်ထောင်ထားခြင်း ဖြစ်ပါသည်။ 

အသက်အရွယ်ကလည်း ရလာခဲ့ပါပြီ။ ဆရာမကြီးအတွက် ကလေးငယ်များ မည်မျှအထိ ထပ်မံမွေးစားနိုင်ကာ စောင့်ရှောက်နိုင်မည်ကို မသိတော့။ နိုင်သလောက်တော့ ဆက်လုပ်နေဦးမည်ဟု ဆရာမကြီးက ပြောကြားထားသည်။

“မိဘမဲ့၊ စွန့်ပစ်ခံ မိန်းကလေးတွေ တွေ့တိုင်း ကျွန်မ သမီးလေးကို မြင်ရပါတယ်။ ဘုရားရှင်ဟာ ကျွန်မ သမီးလေးကို ပြန်ခေါ်သွားခဲ့ပြီး သမီးတွေ အများကြီးကို စောင့်ရှောက်ပေးဖို့ ပြန်ခေါ်တာများလား မသိပါဘူး။ ကျွန်မ သမီးနဲ့ ပတ်သက်တာကို တွေးလိုက်တိုင်း အဓိပ္ပာယ်ပြည့်ဝတဲ့ နည်းလမ်းနဲ့ အမှတ်ရနေအောင် အခွင့်အလမ်းပေးတဲ့ သူ့ကို ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ 

သန့်ဇင်စိုး