News

POST TYPE

ABOUT US

ဟိုတယ်အလုပ်သမားလေး၊ ဟိုတယ်လုပ်ငန်းရှင်ကြီး ဘဝမှသည် လူပေါင်းများစွာကို အလင်းဆောင်သူ
15-Jan-2017

ပိုက်ဆံရှိတာပဲ လှူနိုင်မှာပေါ့ဟု အလွယ်တကူ ပြောလိုက်မိတတ်ကြသည်။ တကယ်တမ်း ပိုက်ဆံရှိတိုင်း လှူနိုင်သည် မဟုတ်ပါဘူး။ မိမိတို့ စီးပွားရေးအတွက်၊ နိုင်ငံရေး အကျိုးအမြတ်အတွက် လှူကြတန်းကြသည့် ကျိကျိတက် ချမ်းသာသူတွေလည်း ရှိပါသည်။ မစ္စတာဟားရစ် ရိုဆင်ကတော့ ထိုသို့မဟုတ်ပါ။ သူကိုယ်တိုင်လည်း ဟိုတယ်များတွင် အလုပ်များ လုပ်ကိုင်ရင်း ကျွမ်းကျင်ပိုင်နိုင်လာသောအခါ ကိုယ်ပိုင်စီးပွားရေးများ ချဲ့ထွင်ရင်း အမေရိက ဟိုတယ်လုပ်ငန်းရှင် သူဌေးကြီးတစ်ဦး ဖြစ်နေခြင်း ဖြစ်ပါသည်။ အများဘဝ တိုးတက်မြင့်မားစေရေး ကောင်းကျိုးများကို တတ်အားသရွေ့ ပြုပေးနေသူ ဖြစ်သည်။ ၂၀၀၂ ခုနှစ်က သူ့ရဲ့ လှူဒါန်းမှုက ကြီးကျယ်လှသည်။ မြေနေရာ ဈေးကောင်းသော အမေရိကန်ပြည်ထောင်စုတွင် ဖလော်ရီဒါပြည်နယ်၌ ဧက ၂၀ သော မြေရာနှင့် ဒေါ်လာ ၁၀ သန်းကို ဗဟိုဖလော်ရီဒါ တက္ကသိုလ်ကို လှူဒါန်းခဲ့သည်။ 

အလုပ်အကိုင် မရှိသော လူငယ်များအတွက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းများ အခမဲ့ ပညာသင်ပေးခဲ့ကာ အလုပ်ရှာပေးသည်။ နွမ်းပါးမိသားစုများ၏ ကလေးများ ကျောင်းစရိတ်နှင့် ဗာဟီရစရိတ်များကို ကူညီပေးသည်။ အံ့အားသင့်ဖွယ် ကောင်းစွာပင် ဖလော်ရီဒါတွင် သူကြည့်ရှုပေးနေသော ဒေသတစ်ခုအတွင်း ရာဇဝတ်မှု ဖြစ်နှုန်းက ၂၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကာ အထက်တန်းပြီးမြောက်မှုနှုန်းက ၁၀၀ ရာခိုင်နှုန်း တက်လာသည်။ လူများသည် ဆိုးချင်လို့ ဆိုးနေသူများ ရှိသလို ဆင်းရဲနွမ်းပါးလွန်း၍ မငတ်အောင် ဆိုးရသူများလည်း ရှိသည်။ ရိုဆင်သည် ပညာရေးဖြင့် လမ်းပြခဲ့သည်။ အလုပ်အကိုင် အခွင့်အလမ်းဖြင့် မြှင့်တင်ပေးခဲ့သည်။