News

POST TYPE

ABOUT US

မြန်မာပြည်က ဘိက္ခူမာတာ
15-Jan-2017

မြန်မာပြည်၏ ကမ္ဘာကျော် ၂၀၀၇ ရွှေဝါရောင် အရေးတော်ပုံကို အများက မှတ်မိနေကြပါမည်။ ထိုအရေးအခင်းအပြီးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးကို လိုလားသော သီလရှင် ဆရာလေးအချို့နှင့် ရဟန်းတော် အများအပြား ထောင်ဒဏ်များ ကျခံခဲ့ကြရသည်။ ရဟန်းအကျဉ်းသားများထဲမှ နာမည်ကြီးများ မဟုတ်သော ရဟန်းပျို အကျဉ်းသားများသည် လူအကျဉ်းသားများနှင့် မတူသည်ကား ထောင်ဝင်စာလာပို့သူ အိမ်သူအိမ်သား မရှိကြခြင်း ဖြစ်သည်။ ထောင်ဝင်စာ အစားအစာ မရှိပါက ထောင်ထဲတွင် မျက်နှာငယ်ရသည်။ တပည့် ဒကာ၊ ဒကာမများနှင့် အဆက်အသွယ် မရသူများမှာ ခက်ခဲစွာ နေထိုင်ရပါသည်။ 

ဘိုကလေး ဇာတိဖွား စမ်းချောင်းသူ ဒေါ်ရှုသည် အကျဉ်းကျသံဃာများအတွက် အများပြည်သူ လှူဒါန်းမှုများနှင့် ၎င်း၏ စိုက်ထုတ်ကျခံမှုများ၊ လုပ်အားများကို စုပေါင်းကာ ထောင်ဝင်စာတွေ့သည့် ပရဟိတလုပ်ငန်းကို ဆက်ကပ်လုပ်ဆောင်ပါတော့သည်။ ထိုစဉ်က အခြေအနေသည် တပ်မတော်အစိုးရ အုပ်ချုပ်စဉ်ဖြစ်ပြီး ယခုလောက် အရပ်သား အခွင့်အရေးများ မရှိပါပေ။ သူကိုယ်တိုင်လည်း ထောင်နှုတ်ခမ်းနင်းပြီး ပရဟိတ လုပ်ရခြင်း ဖြစ်သည်။ ရဟန်းအပါး ငါးဆယ်ကျော်အတွက် ထောင်ဝင်စာထုပ်များကို မမောနိုင် မပန်းနိုင် ပုံမှန်ပို့ဆောင်ကာ နိုင်ငံသား တာဝန်ကျေခဲ့သူ ဖြစ်သည်။ ၎င်းကို သံဃာအများက ဘိက္ခူမာတာဟု ဘွဲ့ချီးမြှင့် ချီးကျူးကြသည်။