News

POST TYPE

ABOUT US

သက်ငယ်မုဒိမ်းမှုများနှင့် ပြန်လည်နိုးထ ရှင်သန်စေသူ
25-Dec-2016 tagged as မုဒိမ်း

ဇင်ဘာဘွေမှ ဟုပ်ဟု အမည်ရသည့် မိန်းကလေးငယ်လေးကို သူ့ဦးလေးအရင်းက မုဒိမ်းကျင့်စဉ်က သူ့အသက် ၁၄ နှစ်သာ ရှိသေးသည်။ “သူက သမီးကို မြေကြီးပေါ်ပစ်ချပြီး ပါးစပ်ကို သူ့လက်နဲ့ ပိတ်ထားတယ်။ တစ်ယောက်ယောက်ကို ပြောလိုက်ရင် သတ်မယ်လို့လည်း ပြောပါတယ်” ဟု ယခုအခါ အသက် ၂၅ နှစ်အရွယ် ရောက်နေပြီဖြစ်တဲ့ မိန်းကလေးက ပြန်ပြောပြပါသည်။ ဒီလိုနဲ့ သူလည်း ဘယ်သူ့ကိုမှ မပြောဘဲ နေလိုက်ရသည်။ “တော်တော်လေး ကြာလာတော့ ရွာနားက လူတွေက ကျွန်မကိုကြည့်ပြီး ကိုယ်ဝန်ရှိနေတာနဲ့ တူတယ်လို့ ပြောကြတယ်” ဟု ဆိုသည်။ တကယ်တော့ သူမသည် ကိုယ်ဝန်ရှိရုံသာ မကပါ။ ဦးလေးဖြစ်သူထံမှ HIV လည်း ကူးစက်ခံရပြီး ဖြစ်ပါသည်။

ဇင်ဘာဘွေနိုင်ငံ၏ စာမတတ် ပေမတတ် လူဦးရေများသည့် တောအရပ်တွင် အလွန်ဆိုးဝါး ယုတ်ညံ့လှသော မှားယွင်းယုံကြည်မှုတစ်ခု ရှိနေသည်။ HIV/AIDS ဖြစ်နေသော အမျိုးသားတစ်ဦးသည် အပျိုစင် စစ်စစ်ကို မုဒိမ်းကျင့် လိင်ဆက်ဆံလိုက်ပါက ရောဂါဝေဒနာ ပျောက်ကင်းသည်ဟူသော အယူဖြစ်သည်။ ရိုးရာပယောဂ ဆရာများကလည်း ထိုနည်းလမ်းကို အားပေးအားမြှောက်နေကြသည်။ သို့နှင့် ရာပေါင်းများစွာသော မိန်းကလေးငယ်များ မုဒိမ်းကျင့်ခံရသည်ဟု UNICEF က ထုတ်ပြန်ထားသည်။ တချို့ဆို လမ်းပင် မလျှောက်တတ်သေးသော ကလေးများ ပါဝင်သည်။ 

ဘက်တီမာကိုနီသည် ဇင်ဘာဘွေနိုင်ငံရှိ မိန်းကလေးငယ်များ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ကလူပြု ခံနေရခြင်းကို ရပ်တည်ကာကွယ်ပေးလာသည်မှာ ဆယ်စုနှစ်တစ်ခုမက ကြာမြင့်လှပြီ ဖြစ်၏။ ယင်းသို့သော မှားယွင်းယုံကြည်မှုများကြောင့် နောက်ဆက်တွဲ ဖြစ်လာသည့် အဆိုးဆုံး အခြေအနေများကိုလည်း သူမ ကြုံခဲ့ရဖူးလေပြီ။ “တစ်ရက် သမီးလေးကို မုဒိမ်းကျင့်လိုက်တဲ့ ဖြစ်စဉ်ကို ကြုံဖူးတယ်ရှင့်” ဟု ယခုအခါ ၄၅ နှစ် အရွယ်ကို ရောက်နေပြီ ဖြစ်သည့် ဘက်တီမာကိုနီက ပြောကြားသည်။ ဟုပ်ပ်ဆိုသည့် ကောင်မလေး အပါအဝင် လိင်မှုသားကောင် မိန်းကလေး ၃၅၀၀ ကို မာကိုနီနှင့် သူမ၏ Girl Child Network အဖွဲ့အစည်းက ကယ်တင်ထားပြီး ဖြစ်ချေသည်။ အဆိုပါ မိန်းကလေးများထဲမှ အမြောက်အမြားသည် ပညာပြန်လည် ဝေမျှဖြန့်ချိပေးပြီး အများပြည်သူရှေ့ ရဲရဲတင်းတင်း စကားပြောကာ ရပ်တည်နိုင်သည့် သတ္တိလည်း မွေးလာနိုင်ပြီ ဖြစ်ချေသည်။ 

“တစ်နေ့ကို မိန်းကလေး ဆယ်ယောက်လောက် အဓမ္မပြုကျင့် ခံနေရတယ်ရှင့်” ဟု သူမက ၂၀၀၉ ခုနှစ်တွင် ပြောကြားခဲ့သည်။ ဒီကိန်းဂဏန်းရဲ့ အဓိပ္ပာယ်မှာ အသံထွက် မကန့်ကွက် မတားဆီးဘဲ နေလိုက်မည် ဆိုပါလျှင် တစ်နှစ်တွင် အနည်းဆုံး မိန်းကလေး ၃၆၀၀ လောက် မုဒိမ်းကျင့်ခံနေရပြီး HIV ကူးစက်ခံနေရမည် ဖြစ်ခြင်းပင်တည်း။ မာကိုနီသည် အဘယ့်ကြောင့် အဓမ္မပြုကျင့်ခံ မိန်းကလေးများကို ကျားကုတ်ကျားခဲ လိုက်လံ ကူညီအားပေးနေပါသနည်း။ သူသည် အလားတူ အဖြစ်ဆိုးမျိုးကို ငယ်စဉ်က ကြုံခဲ့ရပြီး ထိုအတွေ့အကြုံက သူ့ကို အဆိုပါ အလျှံတညီးညီး တောက်လောင်နေသည့် စိတ်အားနှစ်မြှုပ်မှုဖြင့် အကျိုးဆောင်ခြင်းကို တွန်းအားဖြစ်စေခဲ့ပါသည်။

“ကျွန်မ ၆ နှစ် အရွယ်မှာ မုဒိမ်းကျင့်ခံရပါတယ်” ဟု ၎င်းက ပြန်ပြောင်းပြောပြသည်။ မုဒိမ်းကောင်က ဈေးဆိုင်ပိုင်ရှင်တစ်ဦး ဖြစ်သည်။ မာကိုနီ ပြန်ပြောပြချက်အရ မိခင်ဖြစ်သူက သူမကို သွားရောက်တိုင်တန်းခြင်း ခွင့်မပြုခဲ့ပေ။ “ဒီကိစ္စကို လူကြားထဲ သွားမပြောလေနဲ့လို့ အမေက ပြောပါတယ်။ ဘယ်ရင်ခွင်ထဲကို တိုးပြီး ငိုရမယ်မှန်းတောင် မသိပါဘူး” ဟု မာကိုနီက ဆိုသည်။ ဖခင်ဖြစ်သူက မိခင်ကို သတ်လိုက်သည်ကိုလည်း သူ မြင်တွေ့ခဲ့ရသည်။ အမျိုးသမီးတစ်ဦး တိတ်ဆိတ်ငြိမ်ခံနေသည့် နောက်ဆုံးတွင် သေဆုံးရတတ်သည်ဟု သူ နားလည်လိုက်သည်။ “ဘယ်မိန်းကလေးမှ ဒီလိုအဖြစ်ဆိုးမျိုးကို မကြုံစေရဖူးလို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးလိုက်ပါတယ်” ဟု မာကိုနီက ဆိုသည်။ 

ပညာရေးသည် အကောင်းဆုံး အခွင့်အလမ်း ဖြစ်ကြောင်း သူ ယုံကြည်ကြိုးစားခဲ့ပါသည်။ ပညာတတ်မှ ပြောတတ်ဆိုတတ် ဖြစ်လာမည်။ မာကိုနီသည် တက္ကသိုလ်ဘွဲ့ နှစ်ခု ရရှိခဲ့သည်။ ဆရာမတစ်ယောက် ဖြစ်လာသည်။ ကျောင်းဆရာမ ဖြစ်လာတော့မှ ကျောင်းတွင်လည်း မိန်းကလေးများ ကျောင်းထွက်သည့်နှုန်းက ကြောက်စရာ မြင့်မားနေကြောင်း သိလာခဲ့သည်။ ကျောင်းသူများကို ချဉ်းကပ်ရင်း “ဆရာမတို့ပဲ သိတဲ့ လွတ်လွတ်လပ်လပ် ဝေမျှပြောပြ ရင်ဖွင့်ကြမယ်” ဆိုတဲ့ အစီအစဉ်ကို ပြုလုပ်ခဲ့သည်။ ဒီလိုနဲ့ တဖြည်းဖြည်း မိန်းကလေးငယ်များ ကွန်ရက်က ကျယ်ပြန့်လာခဲ့သည်။ 

ဘက်တီမာကိုနီ၏ မဆုတ်မနစ် ဦးဆောင်မှုကြောင့် ဇင်ဘာဘွေ နိုင်ငံလုံးတွင် မိန်းကလေးများ ကလပ် ၁၀၀ ခန့်ကို ၂၀၀၉ ခုနှစ်က တည်ထောင်နိုင်ခဲ့သည်။ အမျိုးသမီးတိုင်း လိုအပ်နေသည့် ဝေမျှတိုင်ပင် ရပ်တည်ပြောကြားခြင်း ဆိုသည့် အရေးကိစ္စကို ကိုင်တွယ်ခြင်းကြောင့် လာရောက်ပူးပေါင်းကြသူ များစွာ ရှိလာခဲ့သည်။ ၂၀၀၀ ခုနှစ် ကတည်းက မာကိုနီသည် ကျောင်းဆရာမ အလုပ်ကို ထွက်ခဲ့ပြီး မိန်းကလေးငယ်များ ကွန်ရက်ကို အချိန်ပြည့် ဦးဆောင်ခဲ့သည်။

နောက်ပိုင်းနှစ်များတွင် မာကိုနီသည် မြေကွက်လပ်တစ်ခုကို ရရှိခဲ့ပြီး ပထမဆုံး မိန်းကလေးများ ကယ်ဆယ်စောင့်ရှောက်ရေး ဂေဟာကို ဖွင့်လှစ်ခဲ့ပါသည်။ အားပေးမြှင့်တင်ခြင်းကျေးရွာဟု သူတို့က ဆိုသည်။ နှိပ်စက်အနိုင်ကျင့်ခံ မိန်းကလေးများကို ခေါ်ဆောင်လာပြီး ကူညီသင်ပြပေးမှုများ၊ သက်မွေးဝမ်းကျောင်းမှုများ ပြုလုပ်ပေးသည်။ “ပထမဆုံး ၇၂ နာရီ အတွင်းမှာပဲ ရောက်လာတဲ့ မိန်းကလေးကို ဆေးကုပေးပါတယ်။ ကျောင်းပြန်အပ်ပေးတယ်။ နှစ်သိမ့်ဆွေးနွေးမှုတွေ ပြုလုပ်ပေးပါတယ်” ဟု မာကိုနီက ဆိုပါသည်။ 

၂၀၀၈ ခုနှစ်တွင် မာကိုနီလည်း ဇင်ဘာဘွေက ထွက်ပြေးခဲ့ရသည်။ အာဏာရှင်အစိုးရက မိန်းကလေးများ လူစုနေခြင်းကိစ္စကို နိုင်ငံရေးအဖြစ် ယူဆမြင်ခံခဲ့ရသည်။ ဗြိတိန်သို့ ခိုလှုံနေရင်း အမျိုးသမီးအဖွဲ့ကို ဆက်လက်ဦးဆောင်နေသည်။ သူမ နိုင်ငံတကာမျက်နှာစာသို့ ရောက်သွားသောအခါ ပြည်တွင်းအခြေအနေများကို ပြန်လည်ဖောက်သည်ချခဲ့ပြီး သက်ငယ်မုဒိမ်းမှုများ ထိရောက်စွာကိုင်တွယ်ရေး ဖိအားများ အစိုးရကို ပိုမိုပေးလာနိုင်ခဲ့သည်။ ဘက်တီမာကိုနီ တစ်ယောက် တစ်ချိန်လုံး ခရီးများသွားနေသည်။ ရည်ရွယ်ချက်က သက်ငယ်မုဒိမ်းမှုများ ပပျောက်ရေး၊ ပြင်းပြင်းထန်ထန် အရေးယူရေး ဖြစ်သည်။ သူ့လို အဖြစ်ဆိုးမျိုး ဘယ်သူ့ကိုမှ မကြုံစေချင်တော့ပေ။ 

သန့်ဇင်စိုး

ABOUT AUTHOR

(သန့်ဇင်စိုး)