News

POST TYPE

ABOUT US

လိမ္မော်ရောင်ကား
18-Dec-2016 tagged as ကား

အိမ်ခြေမဲ့တစ်ယောက် ဖြစ်သွားလျှင် နေအိမ်ပေါ် ပြန်ရောက်နိုင်ဖို့က အလုပ်ရဖို့ အရေးကြီးသည်။ ဝင်ငွေရမှ အိမ်ပြန်ငှားနေနိုင်မည် ဖြစ်ပါသည်။ ခက်တာက အိမ်ခြေမဲ့ ဖြစ်သွားလျှင် အလုပ်ရှာရလည်း ခက်သွားသည်။ လမ်းပေါ်နေ လမ်းပေါ်စားဆိုတော့ လူပုံစံက စုတ်ပြတ်ပေရေသွားပြီး အလုပ်လျှောက်ဖို့ ခက်ခဲသွားခြင်း ဖြစ်သည်။ ညစ်ထေးပေကျံနေသူက အလုပ်လာလျှောက်လျှင် လက်ခံပေးဖို့က အလုပ်ရှင်များဘက်က ကြည့်လျှင် တကယ်ခက်ခဲပါသည်။ ပရဟိတ သမားများကလည်း အိမ်ခြေမဲ့များ နေထိုင်ရန် ကျောတခင်းစာ ကူညီပေးခြင်း၊ အစားအသောက် ကူညီပေးခြင်း၊ အဝတ်အပိုအလျှံများ ဝေမျှပေးခြင်းတို့ ပြုလုပ်ကြသည်။ သို့ပါသော် သန့်ရှင်းစေရေးနှင့် လူရည်သန့်များသဖွယ် ပြန်လည်ဝတ်စားနိုင်စေရေး အတွက်ကိုမူ မစဉ်းစားမိကြ။ သြစတြေးလျနိုင်ငံမှ လူငယ်တစ်ဦးကတော့ ထိုကိစ္စကို စဉ်းစားမိခဲ့သည်။

ကျောင်းပြီးခါစ လူငယ်မောင်မယ်များသည် လစာကောင်းသော အလုပ်များရှာခြင်း၊ ကော်ပိုရေးရှင်းများတွင် ဝင်ရောက်နိုင်ရေးကို အာရုံပြုကြပေ၏။ သြစတြေးလျက နီကိုလက်စ်မာချီစီက ထိုသို့မဟုတ်ပေ။ ကောလိပ်ကျောင်းသား ဘဝက အိမ်ခြေမဲ့များအရေး စေတနာ့ဝန်ထမ်း ဝင်ကူခဲ့ဖူးသည့် ကိစ္စကို ကျောင်းပြီးသော်လည်း ဆက်လုပ်ချင်နေမိသည်။ 

“ကျွန်တော့်မှာ ရူးကြောင်ကြောင် အိုင်ဒီယာတစ်ခု ရခဲ့တယ်ဗျ” ဟု ၎င်းက ဆိုပါသည်။ လူသူလေးစားခံရမှု နည်းသွားသော သူများကို ကြည့်ပျော်ရှုပျော် လူရာဝင်အောင် ပြန်လုပ်ပေးနိုင်ရမည်ဟု Orange Sky Laundry အဝတ်လျှော် ဝန်ဆောင်မှုကို ပူးတွဲတည်ထောင်ခဲ့သူ နီကိုလက်စ်မာချီစီက ပြောကြားပါသည်။ 

“ဗင်ကားအဟောင်း တစ်စီးရဲ့ နောက်ခန်းထဲမှာ အဝတ်လျှော်စက် နှစ်လုံးကိုတင်ပြီး၊ အခြောက်ခံ စက်နှစ်လုံးနဲ့အတူ လိုက်ပြီး အခမဲ့ အဝတ်လျှော်ပေးခြင်းကို စတင်ခဲ့ပါတယ်” ဟု မာချီစီက ပြန်ပြောင်းပြောကြားသည်။ သြစတြေးလျရှိ အိမ်ခြေမဲ့ အုပ်စုများ နေရာကို သွားကာ ညစ်ထေးနေပြီ ဖြစ်သော အဝတ်များကို သန့်စင်ပေးလျက် ရှိသည်။ သန့်ရှင်းသော အဝတ်အထည်ကို ဝတ်ဆင်ခွင့် ရခြင်းသည် အခြေခံလူ့အခွင့်အရေး ဖြစ်သည်ဟု သူက ခံယူထားသည်။ သို့သော် သူခံယူသလို လူတိုင်းရနေသော အခွင့်အရေးတော့ မဟုတ်ပါပေ။ “သန့်ရှင်းဖို့က အလွန်အရေးကြီးပါတယ်။ အလုပ်အင်တာဗျူး တစ်ခုကို သွားမယ်ဆိုရင် ညစ်ပတ်ပေရေနေတဲ့ အဝတ်အစားနဲ့ သွားလို့ မရပါဘူး” ဟု ၎င်းက ဆိုသည်။ “လူတစ်ယောက်ဟာ အမြဲတမ်းပဲ ဘေးထုတ်ခံရထားမယ်၊ သူ့အဝတ်အထည်တွေကလည်း အမြဲကို ညစ်ပတ်နေမယ်ဆိုရင် သူ့ဘဝကို အများကြီး သက်ရောက်မှုတွေ ရှိလာနိုင်ပါမယ်” ဟု နီကိုလက်စ်မာချီစီက မြင်သည်။ 

အဝတ်လျှော် ပေးနေရင်းဖြင့် အဆိုပါ အိမ်ခြေမဲ့များနှင့် စကားစမြည် ပြောကြသည်။ ယင်းသို့ စကားဝိုင်းများ လုပ်ဆောင်ခြင်းကလည်း အဓိက တာဝန်တစ်ရပ်အဖြစ် လုပ်ကြသည်။ အဝတ်ကို စက်ထဲထည့် လျှော်ထားလိုက်ရင်း စကားပြောနေရုံဖြစ်သည်။ ယခုအခါ ၎င်းတို့ ဗင်ကားများပေါ်တွင် အဝတ်လျှော်စက်က ခြောက်လုံးလောက် ရှိလာပါပြီ။ စကားဝိုင်း ထိုင်ပြောကြရန် ထိုင်ခုံများလည်း သယ်သွားကြသည်။ “ကျွန်တော်တို့ ဝန်ဆောင်မှုဟာ ကျွန်တော်တို့ရဲ့ အိမ်ခြေမဲ့ မိတ်ဆွေများ ဘဝတိုးတက်စေဖို့ အထောက်အပံ့ဖြစ် လိုပါတယ်” ဟု ၎င်းက ပြောကြားသည်။ 

အဝတ်လျှော်ခြင်းလုပ်ငန်း အပြင် နောက်ပိုင်း အရှိန်ရလာသောအခါ အခမဲ့ ရေချိုးခန်းများ စီစဉ်ပေးခြင်း၊ ဆေးကုသပေးခြင်းတို့ပါ လုပ်ဆောင်လာခဲ့သည်။ ယခုအခါ လိမ္မော်ရောင် ကောင်းကင်အဖွဲ့တွင် စေတနာ့ဝန်ထမ်း ၆၂၀ ခန့်ဖြင့် လည်ပတ်နေပြီ ဖြစ်သည်။ သြစတြေးလျနိုင်ငံ မြို့ကြီး ၁၂ မြို့ရှိ လမ်းမများပေါ် နေထိုင်သူများအတွက် ၂၀၁၄ ခုနှစ် ကတည်းက စတင်ကာ သန့်ရှင်းစွာ ဝတ်ဆင်အလုပ်ရှာနိုင်ရေး ကူညီပေးနေခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း အလားတူ အစီအစဉ်များ လာမည့်နှစ်တွင် လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။ ညစ်ပတ်စွာ ဝတ်ဆင်နေထိုင်ခြင်းကြောင့် ဖြစ်လာမည့် ရောဂါဘယများကို တားဆီးပေးသကဲ့သို့ လူအများကြား ပြန်လည်ဝင်ဆံ့လာစေရန် အတွက်လည်း လုပ်ပေးနိုင်ခဲ့သည်ဟု စေတနာ့ ဝန်ထမ်းများက ယုံကြည်လျက် ရှိပါသည်။ 

“ကျွန်တော့် သူငယ်ချင်း လူးကတ်စ်နဲ့အတူ လန်းတဲ့ အိုင်ဒီယာလေးတစ်ခု အဖြစ် စခဲ့တာပါ။ အားရက်မှာ ကျွန်တော်တို့ ရပ်ရွာထဲက လူတွေအတွက် ကောင်းတာလေး လုပ်ပေးချင်လို့ပါ။ ဒါပေမဲ့ နောက်ဆုံး သိလိုက်တာကတော့ လိုအပ်ချက် ကြီးမားလှတဲ့ ကိစ္စကြီးတစ်ခုကို ကျွန်တော်တို့ လုပ်မိနေတာပဲ ဆိုတာပါ” ဟု ၎င်းက ပြောကြားသည်။ အိမ်ခြေမဲ့ လူတန်းစားများအပေါ် များစွာ အကူအညီဖြစ်ပြီး သူတို့ အမှန်တကယ် လိုအပ်နေသည့် အရာတစ်ခုမှန်း သိလာခဲ့သည်။ 

“ကျွန်တော်တို့ကို နေရာအနှံ့က လူတွေက ဝိုင်းဝန်းကူညီကြပါတယ်” ဟု နီကိုလက်စ်က ပြောပြခဲ့သည်။ လုပ်ငန်းကကြီးလာတော့ အဝတ်လျှော်သည့် အစီအစဉ်တွင် အိမ်ခြေမဲ့များကို ခေါ်ယူ အလုပ်ခန့်ထားနိုင်လာပါသည်။ 

“ဗင်ကားတွေကို ကျွန်တော်တို့ကိုယ်တိုင် ဆင်ကြတယ်။ အတွင်းအပြင် ဘယ်လိုသုံးရမယ် ကောင်းကောင်းသိကြပြီပေါ့။ ကားတစ်စီးကို အဝတ်လျှော်ကား ဖြစ်အောင် ဆင်တာ နှစ်ရက်သုံးရက်ပဲ ကြာတော့တယ်။ အဝတ်လျှော်စက်၊ အခြောက်ခံစက်၊ ရေတိုင်ကီ၊ မီးစက်တို့ သယ်သွားရတယ်။ ဆင်ပြီးပြီဆိုတာနဲ့ ဝန်ဆောင်မှုပေးမယ့် ဧရိယာတစ်ခုမှာ တာဝန်ချတော့တာပေါ့” ဟု နီကိုလက်စ်က ရိုးရှင်းသော ၎င်းတို့၏ လုပ်ငန်းစဉ်ကို ရှင်းပြသည်။ တစ်ရက်မှာ အိမ်ခြေမဲ့ရှိသော နေရာတိုင်းက ပရဟိတသမားတွေ အလားတူ အကူအညီများ ပေးနိုင်စေရမည်ဟု သူက မျှော်လင့်ထားပါသည်။

အချို့အကူအညီများသည် အရေးမကြီးလောက်ဟု ထင်ရသည်။ သို့သော် အဆိုပါ အကူအညီကို လိုနေသူ တစ်ဦးတစ်ယောက် အတွက်တော့ သိကြားမင်း ဆင်းလာသကဲ့သို့ ခံစားရပေလိမ့်မည်။  လူသားချင်း စာနာသော အကူအညီမှန်သမျှသည်  မည်မျှပင်သေးငယ် စေကာမူ အရေးကြီးသည်ချည်း ဖြစ်ပါသည်။ လိမ္မော်ရောင် အဝတ်လျှော် ကားများကတော့ ရုံးပိတ်ရက် ကျောင်းပိတ်ရက်တိုင်း လမ်းမပေါ်တွင် မောင်းနေကာ ကူညီနေမြဲ ဖြစ်သည်။

သန့်ဇင်စိုး

ABOUT AUTHOR

(သန့်ဇင်စိုး)