POST TYPE

ABOUT US

ပျော်စရာကောင်းသော မီးဖိုချောင်
04-Dec-2016 tagged as


အကူအညီ ပေးရာတွင် ဟင်းစား မပေးဘဲ ဟင်းစားရအောင် ရှာနည်းကိုသာ ပေးရန် ဖွံ့ဖြိုးရေး အကူအညီ အစီအစဉ်ဆိုင်ရာ ပညာရပ်များက ပြောကြပါသည်။ မှန်ကန်သည့် ဘာသာရပ်ဆိုင်ရာ ယူဆချက် တစ်ရပ် ဖြစ်ပါသည်။ ယင်းလုပ်ငန်းများကို ပညာရှင်များ၊ ဒေါ်လာသန်းချီ အသုံးပြုနိုင်သည့် အကူအညီပေးရေး အေဂျင်စီကြီးများက လုပ်ဆောင်နိုင်ပါလိမ့်မည်။ သို့သော် စစ်မှန်သော လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတိုင်းသည် မိမိ တတ်နိုင်သမျှကို မိမိ လွှမ်းခြုံနိုင်လောက်သော ပမာဏလောက်အထိ ပေးကမ်း စွန့်ကြဲခြင်းက စတင် အခြေခံကြခြင်း ဖြစ်ပေသည်။ သေးငယ်သည်ဟု ယူဆရသော အကူအညီလောက်ကို ပေးလိုက်သော်လည်း ရရှိသူသည် အဆိုပါ အကူအညီမှ အကျိုး ရှိသကဲ့သို့ မိမိကို ဂရုစိုက်သူ ရှိပါသေးလား ဆိုသည့် မေတ္တာတရားကို ခံစားရသော ပီတိကိုလည်း ရရှိသည်။ လျစ်လျူရှုခံရခြင်း၊ မေတ္တာ ငတ်မွတ်ခြင်းသည် ကြီးစွာသော ဆင်းရဲဖြစ်၏။ စင်ကာပူ နိုင်ငံသူ တစ်ဦး၏ မီးဖိုချောင်ကလည်း ယင်းသို့ပင် စိတ်ဝင်စားစရာ ကောင်းသည်။ ယင်းမီးဖိုချောင်သည် ရုပ်အာဟာရလည်း ပေး၏။ စိတ်ဓာတ်ခွန်အားလည်း ပေး၏။

မားဗစ်ချင်းသည် စင်ကာပူသူ စန္ဒရားသမား တစ်ဦး ဖြစ်သည်။ မလေးရှားနိုင်ငံတွင် စန္ဒရားပညာ သင်ကြားပေးခဲ့သည်။ သူ့ဘဝက သာသာယာယာ ရှိခဲ့ပါသည်ဟု မားဗစ်က ဆိုသည်။ အရွယ် ရောက်ပြီးသား သားသမီး နှစ်ဦးက လက်လွှတ် ရပြီမို့ ဂီတကသာ သူ့ဘဝ ဖြစ်နေပါသည်။ “တစ်ခုခု လိုနေသလို ခံစားရတယ်။ တစ်ရက်ပြီးတစ်ရက် ဒီလိုပဲ ကုန်ဆုံးနေတယ်လို့  ခံစားနေရတယ်”ဆိုပြီး သူမက ပုံမှန်ရေးနေကျ ကိုယ်ပိုင် အင်တာနက် စာမျက်နှာ Touch A Life မှာ ရေးထားခဲ့ပါသည်။ နှစ်ပေါင်း အတန်ကြာတော့ အဆင်ပြေ ကြွယ်ဝနေသော စင်ကာပူကို စွန့်ခွာပြီး ကမ္ဘောဒီးယားသို့ ပြောင်းရွှေ့ သွားခဲ့သည်။ ဆီယမ်ရိမြို့မှ ကလေးငယ်များအတွက် ခန္ဓာကိုယ်အတွက် အာဟာရ၊ စိတ်ဓာတ်အတွက် ပျော်ရွှင်မှုတို့ကို ဖန်တီးသည့် အလုပ်ကို နှစ်မြှုပ် လုပ်ကိုင်ပါတော့သည်။ 

မားဗစ်သည် ကိုယ်ပိုင် မီးဖိုချောင် စခန်း တစ်ခု တည်ထောင်သည်။ တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တိုင်း ကလေးများအတွက် အာဟာရ အစီအစဉ် ပြုလုပ်ပါသည်။ စနေနေ့ ဆိုလျှင်တော့ သူတို့ စခန်း ပိတ်သည်။ စားသောက်ဖွယ် အာဟာရများကို နွမ်းပါးသည့် ဝေးလံခေါင်ဖျား ကျေးရွာများမှ လူတိုင်းဆီသို့ အိမ်တိုင်ရာရောက် လိုက်ပို့ခြင်း အလုပ်ကို  လုပ်ဆောင်ခြင်း ဖြစ်သည်။ မားဗစ်သည် ကမ္ဘောဒီးယားတွင် စားဖိုမှူးကြီးဖြစ်လိုက်၊ ကလေးများအတွက် စန္ဒရားဆရာ မဖြစ်လိုက်၊ ထမင်း လိုက်ပို့သည့် စေတနာ့ ဝန်ထမ်းဖြစ်လိုက်နှင့် မမောနိုင် မပန်းနိုင် ရှေ့ဆက် နေလေပြီ။ “ကျွန်မ လုပ်ပေးတာလေးတွေက ဘာမှ မဟုတ်ပါဘူး။ ဒါပေမဲ့ ရယ်မော ပျော်ရွှင်မှုတွေက အတူ ကပ်ပါလာပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း ဒီလို လုပ်ပေးနေရတာ ပျော်ပါတယ်”ဟု မားဗစ်ချင်းက ပြောကြားသည်။ 

သူ့မီးဖိုချောင်လေးက သပ်သပ်ရပ်ရပ် ဖြစ်သော်လည်း လုပ်ငန်း လည်ပတ်မှုကတော့ မသေးလှပါ။ ပျော်စရာ ကောင်းသော မီးဖိုချောင်ဟု သူတို့က အမည် ပေးထားကြသည်။ ဒါဇင်ပေါင်း များစွာသော စေတနာ့ ဝန်ထမ်းများနှင့် မားဗစ်တို့သည် သန့်ရှင်းရေး လုပ်သူလုပ်၊ လှီးချွတ်သုတ်သင် ချက်ပြုတ်နေကြတာ ပျော်စရာ ကောင်းလှသည်။ ရယ်ရယ်မောမော နောက်နောက်ပြောင်ပြောင်နှင့် လုပ်နေကြသည်များက စိတ် ပျော်ရွှင်စရာ။ နာမည်နှင့်လည်း လိုက်ပါပေသည်။ “ကျွန်မ ရည်ရွယ်ချက်ကိုက သူတို့ကို ပျော်စေချင်တာပါရှင်”ဟု ၎င်းက ဆိုပါသည်။ ကလေး အာဟာရ အစီအစဉ်ကို အနီးအနား နွမ်းပါး ကျေးရွာများမှ ကလေးများအတွက် လုပ်ဆောင်ပေးနေသကဲ့သို့ ကျန်းမာရေး အကူအညီပေး စောင့်ရှောက်မှု အစီအစဉ်များလည်း လုပ်ဆောင်နေသည်။ “ကလေးတွေက သူတို့ ဂရုစိုက် ခံချင်ကြတယ်။ ကျွန်မဆီ လာပြီး ဟိုနားလေး ထိသွားလို့၊ ဒီနားလေးနာလို့ဆိုပြီး လာပြကြတယ်။ ကျွန်မလည်း ဂရုစိုက်ပေးလိုက်တာပေါ့။ ဘာလို့ မလုပ်နိုင်ရမှာလဲရှင့်။ ကလေးတွေဟာ ဘာကိုမှ သိပ်ပြီး မျှော်လင့်တတ်ကြတာ မဟုတ်ဘူး။ ကျွန်မလည်း အဲဒီလို လုပ်ပေးရတာ ပျော်ပါတယ်”ဟု မားဗစ်ကဆိုသည်။ 

မားဗစ်ချင်းသည် အသက် ၅၈ နှစ် ရှိလေပြီ။ ကိုယ့်ရဲ့ ကြင်နာ သနားတတ်မှုကို ခုတုံး လုပ်ပြီး အမြတ် ထုတ်ကြသူများကိုလည်း သူကြုံခဲ့ရဖူးပြီ။ “တချို့တွေက အကူအညီ မလိုအပ်ပါဘဲလျက် လာရောက်ပြီး အကူအညီပေးမှုကို ရယူကြတာမျိုးတွေ ရှိတတ်ပါတယ်။ ကျွန်မကတော့ ဘယ်သူ့ကိုမှ မေးခွန်း မထုတ်ပါဘူး။ လူတိုင်း လာနိုင်တယ်။ ရယူနိုင်တယ်။ အပြုံး တစ်ပွင့် လက်ဆောင် ရနိုင်ပါတယ်”ဟု မားဗစ်က ဆိုသည်။

သူမဘဝ၏ အပြောင်းအလဲက ၂၀ဝ၄ နောက်ပိုင်းတွင် စခဲ့သည်ဟု ဆိုရမည်။ နှစ်ပေါင်း ၃၀ ကြာအောင် နွမ်းပါးသူများအတွက် စားနပ်ရိက္ခာ ကူညီခဲ့သော မစ္စတာ နာရာရင်ဆိုသူနှင့် ဆူရာဘြားတွင် တွေ့ဆုံခဲ့သည်။ ထိုအမျိုးသားကြီးက အသက် ၈၀ ကျော် ပြီ။ ၎င်း၏ ဇာတ်လမ်းကို နားထောင်ရင် မားဗစ်ချင်း တစ်ယောက် စိတ်ထဲ တစ်ခုခု ထိခိုက် ရရှိသွားခဲ့သည်။ သူလည်း ထိုသို့ ဘဝမျိုး ရနိုင်သည်။ လုပ်နိုင်သည်ဟု တွေးမိလာသည်။ အင်ဒိုနီးရှား ယိုဂျာကာတာရှိ လမ်းဘေးနေ ပြည်သူများအတွက် ကာလအတန်ကြာအထိ ချက်ပြုတ် ပေးခဲ့ဖူးသည်။ အင်ဒိုနီးရှား ဆူနာမီဘေးသင့်ဒေသတွင် သွားရောက် အခြေစိုက်ကာ သူ့မီးဖိုချောင် ယာယီ စခန်းကို ဖွင့်ခဲ့သေးသည်။ ရွှေ့ပြောင်း မီးဖိုချောင် အစီအစဉ်လည်း ရှိသည်။ မိဘမဲ့ဂေဟာများ၊ ခိုလှုံရာ နေရာများသို့ မီးဖိုချောင်လိုက်ကြီး ရွှေ့သွားပြီး သွားရောက် ချက်ပြုတ် စားသောက်ကြခြင်း ဖြစ်ပါသည်။ 

“ကြောက်စရာ အကောင်းဆုံး ဆင်းရဲမွဲတေမှုကတော့ အထီးကျန်ခြင်းနဲ့ ဘယ်သူမှ မချစ်ကြဘူးလို့ ခံစားရခြင်းပဲ ဖြစ်ပါတယ်”ဟု မာသာထရီဇာက ပြောဖူးပါသည်။ မားဗစ်က ထိုစကားကို အပြည့်အဝ ယုံကြည်သည်ဟု ပြောခဲ့ဖူးသည်။ ထမင်း တစ်နပ်ဖြင့်  လက်တွေ့ကျစွာ လူတစ်ယောက်ကို ပျော်ရွှင်အောင် ကူညီပေးရင်း မေတ္တာ မျှဝေရခြင်းကို မားဗစ်က ကျေနပ်ပါသည်။ ဆီရမ်ရိ ဒေသက နွမ်းပါးဒေသခံများ ဈေးဖိုး မလောက်သည့်နေ့များ၊ အလုပ် မရှိသည့်နေ့များအတွက် ထမင်း ငတ်ဖို့တော့ မပူရအောင် မားဗစ်က ကူညီပေးနေသလို သူနဲ့တွေ့သူတိုင်း ပျော်ရွှင်ရအောင် ကြင်နာစွာ ဆက်ဆံပေးနေပါသည်။ 

သန့်ဇင်စိုး

  • TAGS