POST TYPE

ABOUT US

စာဖတ်ပြတဲ့ ကလေးတွေကို ဆံပင်အလကား ညှပ်ပေးတဲ့ ဆံသဆရာ
01-Dec-2016 tagged as ကလေး

အမေရိကန်နိုင်ငံ၊ အိုင်အိုဝါပြည်နယ်၊ ဒါဗြုခ်မြို့က ကော့တ်နီဟုမ်းစ်ရဲ့ ဆံပင်ညှပ်ဆိုင်ကို ကလေးတွေ ဆံပင်သွားညှပ်တဲ့အခါ ပိုက်ဆံပေးစရာ မလိုပါဘူး။ ပိုက်ဆံအစား စာအုပ်တစ်အုပ်ကိုသာ ဖတ်ပြရပါတယ်။ ငါးနှစ်ကနေ ဆယ်နှစ်ကြား ကလေးတွေဟာ သူ့ဆိုင်ကို ရောက်တဲ့အခါ ခုံမှာ ဝင်ထိုင်ပြီး ပုံပြင်စာအုပ်ဖြစ်ဖြစ် ကျောင်းသင်ခန်းစာ စာအုပ်ဖြစ်ဖြစ် သူတို့ကြိုက်နှစ်သက်တဲ့ စာအုပ်ကို ဖတ်နေရုံပါပဲ။

လွန်ခဲ့တဲ့နှစ်နှစ်က ဟုမ်းစ်ရဲ့ မြို့မှာ ကလေးတွေအတွက် စာသင်နှစ် အကြိုပွဲတော်တစ်ခု ဖြစ်တဲ့ Back to School Bash ကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး ကလေးတွေ အသိပညာ တိုးတက်ဖို့ အစီအစဉ်တွေ လုပ်ခဲ့တဲ့အခါ ဆံသဆရာ ဟုမ်းစ်ဟာလည်း အစီအစဉ်မှာ ပါဝင်ဖို့ သဘောတူခဲ့ပါတယ်။ အဲဒီအချိန်က သူဟာ ဆံပင်ညှပ်တဲ့ အလုပ်အပြင် အစိုးရ ဌာနတစ်ခုမှာပါ လုပ်ကိုင်နေတဲ့ကြားက ဆံပင်ညှပ်ဆိုင်မှာရှိတဲ့ သူရဲ့အချိန်တွေကို ကလေးတွေအတွက် ဖဲ့ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လတိုင်းလတိုင်းရဲ့ ပထမဆုံး အင်္ဂါနေ့တွေမှာ သူ့ရဲ့ ဆံပင်ညှပ်ဆိုင်ကိုလာတဲ့ ကလေးတွေဟာ သူတို့ကို ဟုမ်းစ် ဆံပင်ညှပ်နေတုန်း စာအုပ်တစ်အုပ်ကို ဖတ်နေရပါတယ်။ မဖတ်တတ်တဲ့ စာလုံးပါတဲ့ အခါမျိုးမှာ ဟုမ်းက နောက်ကနေ ထောက်ပြပေးပြီး ဆံပင်ညှပ်ပြီးတဲ့အခါ ဖတ်ထားတဲ့ စာအကြောင်းကို ဟုမ်းစ်နဲ့ အပြန်အလှန် အမေးအဖြေလုပ် ဆွေးနွေးကြပါတယ်။

အိမ်ထောင်ရှင်ဖြစ်တဲ့ ဟုမ်းစ်မှာလည်း သားနှစ်ယောက်ရှိပြီး သူက မိဘတွေ အနေနဲ့ ကလေးတွေနဲ့ စာဆွေးနွေးဖို့ အချိန်သိပ်မရှိတာကို ကိုယ်ချင်းစာပါတယ်လို့ ဆိုပါတယ်။ သူဒီအစီအစဉ်ကိုလုပ်ခဲ့တာ အခုဆိုရင် နှစ်နှစ်ရှိနေပါပြီ။ ဟုမ်းစ်နဲ့ သူ့ရဲ့မိသားစုဟာ ဒါဗြုခ်မြို့ကနေ ချီကာဂိုမြို့ ဆင်ခြေဖုံးကို သိပ်မကြာခင်က ပြောင်းရွှေ့သွားခဲ့ပါတယ်။ သူက ချီကာဂိုမှာ အခြေကျလို့ ဆံပင်ညှပ်ဆိုင်ကို ပြန်ဖွင့်တဲ့အခါ သူ့ရဲ့အစီအစဉ်ကို ဆက်လုပ်မယ်လို့ ဆိုပါတယ်။

Ref: rd.com