News

POST TYPE

ABOUT US

ဧမာနွေလနှင့် အန်ကယ်မာ့ခ်
27-Nov-2016

လူမှုကွန်ရက် မီဒီယာများဖြစ်သော Facebook အစရှိသည့် အင်တာနက် စာမျက်နှာများနှင့် You Tube ကဲ့သို့ ဗီဒီယို စာမျက်နှာများတွင် ဟာသ ဇာတ်ရုပ်များဖြင့် အပျော်တမ်း ဖျော်ဖြေကြရင်း တော်တော်များများက ပညာရှင်တန်းကို ရောက်လာသလို တချို့လည်း ပေါချာချာနဲ့ တောင်လုပ်ပြ မြောက် လုပ်ပြနဲ့ ကလိထိုး ရယ်ပြနေပါတယ်။ နိုင်ဂျီးရီးယား အခြေစိုက် အာဖရိကန် ဟာသအဖွဲ့ တစ်ဖွဲ့ကတော့ ကျကျနန ကြိုးစား ဖန်တီးလိုက်တာ ကမ္ဘာတစ်လွှား ပရိသတ်တွေအကြား အုန်းအုန်းကျွက်ကျွက် အားပေးတာ ခံနေရပါပြီ။ မာ့ခ်အိန်ဂျယ် ဆိုသည့် အနုပညာရှင် တစ်ယောက်က ဦးဆောင်သည့် ဟာသ အစီအစဉ်များဖြင့် အင်တာနက် အခြေပြု ဖျော်ဖြေရေး လုပ်ငန်း တစ်ရပ် ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုအစီအစဉ်များထဲမှာမှ ဧမာနွေလဟု အမည်ရသည့် သမီးငယ်လေး တစ်ဦး၏ သရုပ်ဆောင်မှုများကို တစ်ကမ္ဘာလုံးက အင်တာနက် မီဒီယာ စားသုံးသူများ အကြိုက် တွေ့ခဲ့ပါသည်။ ဩစတြေးလျ ဟာသ နတ်မိမယ်ဆုကို ယခုနှစ် ဆွတ်ခူး သွားခဲ့၏ အံ့ဩစရာ ကောင်းပေစွ။ သူ့ဆရာ အစ်ကို တစ်ဦးဖြစ်သည့် မာ့ခ်အိန်ဂျယ်ကတော့ အနုပညာ ခေါင်းဆောင်မှုဆုကို ရရှိသွားခဲ့ပါသည်။

“ကျွန်တော်တို့ရဲ့ ဟာသ အမျိုးအစားက ဘယ်လိုမျိုးလဲဆိုတာ ကျွန်တော်တို့ ခွဲခြားပြောဖို့ ခက်ပါတယ်။ ကျွန်တော် ပြောနိုင်တာကတော့၊ မိသားစု အားလုံး အတူ ခံစား ရယ်မောနိုင်မယ့် အာဖရိက ဟာသတွေ ဖန်တီးဖို့ လိုပါတယ်။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ နှစ်ခြိုက်မယ့် ဟာသတွေကို ဖန်တီးတာပါပဲ။ ကမ္ဘာ အရပ်ရပ်က ဟာသတွေအတိုင်းပေါ့”ဟု မာ့ခ်အိန်ဂျယ်က ပြောပြပါသည်။

သမီးငယ်လေး ဧမာနွေလသည် ၆ နှစ်ကျော်သာ ရှိသေးသူ ဖြစ်သည်။ ကတုံးလူမည်းမလေး ဖြစ်ပြီး သူ့ပုံစံက ဂျစ်ကန်ကန် ရိုးရိုးသားသား စရိုက်လေး ဖြစ်ပြီး ချစ်စရာ ကောင်းသည်။ YouTube  ဗီဒီယို ဝက်ဘ်ဆိုက်ကပေးသည့် ဂုဏ်ပြုဆုနှင့်အတူ ဩစတြေးလျနိုင်ငံက ချီးမြှင့်သည့် Afro-Australia Music & Movie Awards ဆု ရရှိခဲ့ပြီး ဟာသမင်း သမီးသရဖူကို အခြား ဟာသမယ်ပေါင်း များစွာကို ဖြတ်ကျော်ပြီး ရရှိသွားခဲ့သူ ဖြစ်ပါသည်။ ထိုဆုကို ရရှိသူများထဲတွင် ဧမာနွေလက အငယ်ဆုံး ဖြစ်သည်။ မငယ်ခံနိုင်ရိုးလား ခုမှ အသက်က ၇ နှစ်ပင် မပြည့်တတ်သေး။ သူ့ဗီဒီယိုများကို ကြည့်ရှု စောင့်စားနေသူ ပရိသတ်အရေအတွက်က PSY ပရိသတ်များ အရေအတွက်ကိုတောင် ရတော့မည်။ မျက်နှာသစ်ဟာသ သရုပ်ဆောင်ဆုကိုလည်း ရလိုက်သေးသည်။ ချစ်စရာ ကောင်းပေစွ သမီးငယ်။ ကမ္ဘာကျော် အမျိုးသမီး ဟာသ သရုပ်ဆောင်များ၊ ဟောလိဝုဒ်တန်းဝင် ဟာသမယ်များနှင့် တန်းတူ လူသိများ ထင်ရှားသူ Celebrity တစ်ယောက် ဖြစ်သွားခဲ့ချေလေပြီ။

Emanuella Samuel ဟု You Tube တွင် ဖြစ်စေ၊ Facebook တွင်ဖြစ်စေ စာရိုက်ပြီး ရှာကြည့်လျှင်ကို ဗီဒီယိုများကို ကြည့်ပြီး တဝါးဝါး တဟားဟား ရယ်နိုင်ပါပြီ။ ရိုးရှင်း အပြစ်ကင်းသော ကလေး တစ်ယောက်၏ ဂျစ်တီးဂျစ်ကန် ဟာသလေးများက တစ်ခါတလေ ကိုယ့်ကလေး ဘဝကိုတောင် ပြန်ပြီး လွမ်းချင်စရာ ဖြစ်သွားသည်။ တောဓလေ့၊ ဆင်းရဲသား ရပ်ကွက် ဓလေ့များကို အခြေခံပြီး ရိုက်ပြထားသော ဟာသအတိုလေးများက သဘာဝလည်း ကျပေရာ၊ ဖန်တီးသူ မာ့ခ်အိန်ဂျယ်နှင့် အဖွဲ့သားများကလည်း ချီးကျူးစရာ ဖြစ်ပါသည်။

“ဧမာနွေလဟာ ကျွန်တော်တို့ သရုပ်ဆောင် သင်တန်းက ကလေး တစ်ယောက်ဖြစ်ပါတယ်။ ဖောင်ဒေးရှင်းမှာ သူမရဲ့ အရည်အသွေးတွေကို သိရှိခဲ့ရတာ ဖြစ်ပါတယ်”ဟု မာ့ခ်အိန်ဂျယ်က ပြောပြသည်။ 

“ကျွန်တော်တို့က ဆင်းရဲသား ဒေသတွေက လာခဲ့တာပါ။ အဲဒီမှာ ဖြစ်နေတဲ့ အရာတွေကို ကျွန်တော်တို့က ကောင်းကောင်း သိပါတယ်။ ဒါကြောင့် ဒီဒေသနားမှာ ရှိတဲ့အရာတွေကို ဟာသလုပ်ပါတယ်။ ကျွန်တော်တို့ ရပ်ရွာဖြစ်ပါတယ်”ဟု ၎င်းက ဆိုပါသည်။

ဧမာနွေလကို ၂၀၁၀ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ဟာသ ဇာတ်လမ်းတွဲများတွင် ဧမာနွေလသည် မာ့ခ်အိန်ဂျယ်၏ တူမလေးအဖြစ် သရုပ်ဆောင်သော်လည်း အပြင်တွင်တော့ ညီမ တစ်ဝမ်းကွဲ ဖြစ်ပါသည်။ မာ့ခ်အိန်ဂျယ် ဟာသတင်ဆက်မှု ဖောင်ဒေးရှင်းက တွေ့ရှိသွားပြီး သရုပ်ဆောင် သင်တန်းမှ ကလေး သရုပ်ဆောင် ကဏ္ဍတွင် သင်ကြား ပြသပေးခဲ့ခြင်း ဖြစ်ပါသည်။ မူလတန်းပညာကို နိုင်ငံတကာကျောင်း တစ်ကျောင်းမှာ တက်နေရင်း အနုပညာ လှုပ်ရှားမှုများတွင် ပါဝင်နေဆဲ ဖြစ်ပါသည်။

နည်းပညာ ထွန်းကားနေသော ယနေ့ခေတ်တွင် ဒေသ အခြေပြုသော အနုပညာ လှုပ်ရှားမှုများက ခရီး အကွာအဝေးဘောင်များကို ကျော်လွှားကာ တစ်ကမ္ဘာလုံးက မျက်နှာစာသို့ ရောက်ရှိနိုင်ပြီ ဖြစ်သည်။ နိုင်ဂျီးရီးယားက ဆေးကျောင်းသား လူငယ် တစ်ယောက် ခေါင်းဆောင်သည့် ရပ်ကွက်ထဲက ဟာသများ အစီအစဉ်သည် ဧမာနွေလလေး၏ ချစ်စရာကောင်းသော စရိုက် လက္ခဏာ သရုပ်ဖော်မှုများဖြင့် အများက လေးစားရသော အင်တာနက် တီဗီ အစီအစဉ် တစ်ခု ဖြစ်လာခဲ့လေပြီ။ အာဖရိက၏ လမ်းဘေး အနုပညာရပ်များထဲမှ ဟာသဇာတ်လမ်း ပြောခြင်းကတော့ ကမ္ဘာ့အဆင့်သို့ ချီတက်နေလေပြီ။

သန့်ဇင်စိုး


  • VIA