News

POST TYPE

ABOUT US

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ် ပန်းပွဲတော်ကို ကျပ်သိန်း ၇၀၀၀ ခန့် အသုံးပြုမည်
01-Dec-2019


မန္တလေး၊ နိုဝင်ဘာ ၃၀

ပြင်ဦးလွင်မြို့၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် ၁၄ ကြိမ်မြောက် ပန်းပွဲတော် ကို ငွေကျပ်သိန်း ၇၀၀၀ ခန့်သုံးစွဲရန် လျာ ထားကြောင်း အမျိုးသားကန်တော်ကြီး ဥယျာဉ်၏ Deputy Managing Director ဦးဝေမျိုးအောင်က ပြောကြားသည်။

အမျိုးသားကန်တော်ကြီး ဥယျာဉ် ပန်းပွဲတော်ကို ၂၀၁၉ ဒီဇင်ဘာလ ၁၅ ရက်မှ ၂၀၂၀ ဇန်နဝါရီလ ၁၅ ရက်နေ့ထိ တစ်လ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

“ပြပွဲတစ်လအတွင်း ပန်းတွေကို ၇ ကြိမ်လောက်လဲပြီး ပြသသွားမယ်၊ ပွဲမှာ အသုံးပြုသွားမယ့် အလှဆင်ပန်းအတွက် ကုန်ကျစရိတ်တင် သိန်း ၃၀၀၀ လောက် ခန့်မှန်းထားတယ်” ဟု ဦးဝေမျိုးအောင်က ပြောဆိုသည်။

၁၄ ကြိမ်မြောက် ပန်းပွဲတော်တွင် ပန်းမျိုးစိတ်များ ခင်းကျင်းပြသခြင်း၊ အလှပန်းများ ပျိုးထောင်စိုက်ပျိုးခြင်း၊ ဈေးရောင်းပွဲများ၊ ဓာတ်ပုံပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပြီး ထူးခြားသော ပြကွက် များအနေနှင့် မြန်မာနိုင်ငံကိုယ်စားပြု နေကြာပန်းဝင်္ကပါ၊ နယ်သာလန် ကိုယ်စားပြု ကျူးလစ်ပန်းပြကွက်၊ အင်္ဂလန်ကိုယ်စားပြု နှင်းဆီပန်းပြကွက်၊ အီတလီ ကိုယ်စားပြု လီလီပန်းပြကွက်များကိုပါ ထည့်သွင်းပြသမည်ဟု အဆိုပါပွဲတော် ကျင်းပရေးထံမှ သိရသည်။

ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်က ဖျော်ဖြေတင်ဆက်ကာ ယခင်နှစ်များနှင့်မတူ ထူးခြားခမ်းနားသည့် ပန်းပွဲတော်ဖွင့်ပွဲ ဖြစ်စေရန်အတွက် FG Entertainment က ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပေး မည်ဖြစ်ကြောင်း အဆိုပါပွဲကုမ္ပဏီထံမှ သိရသည်။

ပန်းပွဲတော်ကာလအတွင်း စင်မြင့် ဂီတဖျော်ဖြေရေးများ ပါဝင်မည်ဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက်နေ့တွင် R ဇာနည်၊ လင်းလင်း၊ ဝေလ၊ ချမ်းချမ်း၊ အိမ့်ချစ်၊ ဂျူဝယ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ဇော်ဝင်းထွဋ်၊ သာဒီးလူ၊ အောင်ထက်၊ ဆုန်သင်းပါရ်၊ ခင်ဖုန်း၊ ရေဗက္ကာဝင်း၊ ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်) နေ့တွင် Acid၊ Big Bag၊ အားတီ၊ Eternal Gosh၊ နီနီခင်ဇော်၊ အမွန်း၊ ဆိုဖီယာတို့က တေးသံသာများနှင့် သီဆိုဖျော်ဖြေမည် ဖြစ်ပြီး Stage Show ဝင်ကြေးအခမဲ့ သတ်မှတ်ပေးထားကြောင်း အမျိုးသားကန်တော်ကြီးဥယျာဉ်ထံမှ သိရသည်။