News

POST TYPE

ABOUT US

ညစာသယ်လာတဲ့ ကား
20-Nov-2016 tagged as

နေ့တိုင်းနေ့တိုင်း အလုပ်လက်မဲ့ အမျိုးသားများသည် နယူးယောက်မြို့ ကွင်းစ်အရပ် ဂျက်ဆန်ဟိုက်စ် အမှတ်ခုနစ် ရထားလမ်းအောက်တွင် သွားထိုင်နေကြရသည်။ အတော်များများက နေစရာ မရှိကြ။ အလုပ်မရှိတော့ စားစရာလည်း မရှိကြ။ ညကိုးနာရီခွဲလောက် ဆိုလျှင် ဂျော့မူနော့ဇ်၏ အဖြူရောင် ထရပ်ကား ရောက်လာသောကြောင့် စိတ်ပျက် လက်ပျက် ဗိုက်ဟောင်းလောင်း အိမ်ရာမဲ့များ စိတ်သက်သာရာ ရကြသည်။ ကားပေါ်တွင် ပူနွေးသော အစားအသောက်များ၊ ကော်ဖီနှင့် ချောကလက်ပူပူများ ပါလာသည်။ ကြက်သားဟင်းနဲ့ ထမင်းကို အိမ်ခြေမဲ့ လူအုပ်က နှစ်လိုစွာ မြိန်ယှက်စွာ လက်ခံစားသောက်ကြသည်။ တိတ်ဆိတ်ညှင်းပျောင်းသော  ကျေးဇူးတင်မှုက လူအုပ်ထဲမှသည် ရထားလမ်းအောက် လေထုထဲ မျောလွင့်သွားသည်။

အတော်များများအတွက် ပူနွေးသော ထိုထမင်းတစ်နပ်သည် ထိုရက်အတွက် တစ်ခုတည်းသော အာဟာရ ဖြစ်သလို အချို့အတွက်ကတော့  မနေ့ညကတည်းက မစားလိုက်ရတာ ခုမှစားရတဲ့ ထမင်းတစ်နပ်လည်း ဖြစ်ပါသည်။ “ဒီလူရဲ့ နှလုံးသားကို စေ့ဆော်ပေးတဲ့ ဘုရားရှင်ကို ကျေးဇူးတင်ပါတယ်” ဟု ရိက္ခာရရှိသွားခဲ့တဲ့ မစ္စတာ အယ်ဒျူရာဒိုက ပြောကြားပါတယ်။ ယခုအခါ အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ ဂျော့မူနော့ဇ်ဟာ ကိုလံဘီယာ သွေးပါသူ အမေရိကန်တစ်ဦး ဖြစ်ပြီး ညပိုင်းတွင် အစာရေစာ လိုအပ်နေသူ အိမ်ခြေမဲ့များကို လိုက်လံကူညီနေသူ ဖြစ်သည်။ ၂၀၀၅ ခုနှစ်ကတည်း မူနော့ဇ်နှင့် မိသားစုဝင်များသည် တစ်ရက်မှမပျက် အာစိဏ္ဏကံ အလှူကားဖြင့် တံတားအောက်များကို လှည့်လည်လေ့ ရှိပါသည်။

ဟစ်စပန်းနစ်ခေါ် လက်တင်သား အမေရိကန် အမျိုးသားသည် ဟစ်စပန်းနစ် အိမ်ခြေမဲ့များကိုသာ ရွေးကူညီသည်တော့ မဟုတ်ပါ။ နောက်ခံပေါင်းစုံက အကူအညီ လိုအပ်နေသူများ ရောက်လာကြလျှင်လည်း ကြိုဆိုသည်။ အိမ်ခြေမဲ့ ဖြစ်နေသော အီဂျစ်၊ တရုတ်၊ အီသီယိုးပီးယား၊ တောင်အာရှသား၊ လူဖြူလူမည်း၊ အကုန်ကူညီ ပေးပါသည်။ “အစားအသောက် လိုအပ်နေသူတိုင်းကို ကူညီပါ့မယ်။ တန်းတော့ စီကြပါ” ဟု မူနော့ဇ်က ပြောတတ်သည်။ ရိက္ခာသိုလှောင် ရုံများသည်ပင်လျှင် မြင့်မားလာသော လိုအပ်ချက်များအတွက် ရုန်းကန်နေရချိန်တွင် သူလည်း လိုအပ်ပါသည်။ နေ့ခင်းဆို ကျောင်းကားမောင်းပြီး ဝင်ငွေရှာရသူ မူနော့ဇ်အတွက် အလုပ်ကအပြန် ချက်ရပြုတ်ရ ကားမောင်းပြီး ပို့ရခြင်းသည် မေတ္တာတရားအတွက် အလုပ်လုပ်ခြင်း ဖြစ်ပါသည်။ 

“လမ်းပေါ်မှာ ဒီလူတွေကို တွေ့ရတဲ့အခါ ကျွန်တော် ဒီတိုင်းပြည်ကို ရောက်လာစ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် အချိန်ကို သွားသတိရတယ်” ဟု ဂျော့မူနော့ဇ်က ဆိုပါတယ်။ မူနော့ဇ်ကို ကိုလံဘီယာတွင် မွေးဖွါးခဲ့ကာ သူငယ်စဉ်ကတည်းက ဖခင်ဖြစ်သူက မတော်တဆမှု တစ်ခုကြောင့် သေဆုံးသွားခဲ့သည်။ မူနော့ဇ်နှင့် သူ့ညီမလေးကို မိခင်ဖြစ်သူက စောင့်ရှောက်ရန် ခက်ခဲလာသည့်အခါ နယူးယောက်ကို ရအောင်လာခဲ့ပြီး ဘရွတ်ကလင်းတွင် ကလေးထိန်း အလုပ်ဝင်လုပ်ခဲ့ပါသည်။ ထို့နောက် မအေ့ခြေရာအတိုင်း မူနော့ဇ်လည်း ၁၉၈၀ ကျော် ကာလများတွင် အမေရိကန်ပြည်ထောင်စုကို ရောက်လာခဲ့သည်။ 

မူနော့ဇ်သည် ၁၉၈၇ ခုနှစ်တွင် နေထိုင်ခွင့် ရခဲ့ပြီး နောက်ပိုင်း မိခင်၊ ညီမလေး ဖြစ်သူတို့နှင့်အတူ နိုင်ငံသား ဖြစ်လာသည်။ ၂၀၀၄ နွေရာသီတွင် An Angel in Queens အမည်ရ ပရဟိတ အစီအစဉ်ကို ထူထောင်ခဲ့သည်။ စားသောက်ဆိုင်များတွင် အလုပ်လုပ်နေသော သူ့မိတ်ဆွေများက ဆိုင်ပိတ်တိုင်း အစားအသောက်အကောင်း များစွာ သွန်နေရသည်ဟု ပြောပြတော့ တစ်ခုခု အကျိုးရှိအောင် လုပ်နိုင်လိမ့်မည်ဟု အတွေးရသည်။ ဒေသဆိုင်များမှ အစားအသောက် အကျန်များကို စုစည်းခဲ့ကာ နေ့လယ်စာ အိတ်များတွင် ပြန်ထည့်ခဲ့ပြီး တစ်ပတ်လျှင် သုံးရက် အပြင်ထွက်ကာ လိုအပ်နေသူများကို လိုက်လံဝေငှခဲ့သည်။ လအနည်းငယ်အတွင်း ပရဟိတ အစီအစဉ်ကို တိုးချဲ့နိုင်ခဲ့ပြီး သူတို့သားအမိသည် နေ့စဉ် အိမ် ၂၀ စာ ချက်ပြုတ်လာနိုင်သည်။ တဖြည်းဖြည်းနှင့် များလာလိုက်တာ မိသားစု ၆၀ စာ နေ့စဉ် ချက်ရသည်။ ခုတော့ ထိုပမာဏထက် အဆပေါင်းများစွာ များပြားသော ပမာဏကို ချက်ပြုတ်နေရပါသည်။

ထိုသို့လုပ်နိုင်ဖို့က လွယ်လှသည်တော့ မဟုတ်ပါ။ မနက်တိုင်း မူနော့ဇ်တစ်ယောက် ငါးနာရီ ထရသည်။ ထို့နောက် ကျောင်းကားသွားဆွဲရသည်။ အားလပ်ချိန်များတွင် အိမ်ကို ဖုန်းဆက်ပြီး ချက်ရပြုတ်ရတာ ဘယ်လိုနေသလဲဟု လှမ်းမေးရသည်။ ညနေ ငါးနာရီခွဲလောက်ဆို သူအိမ်ပြန်ရောက်ပါသည်။ အိမ်သားများနှင့်အတူ ညစာထုပ်များ ကူထုပ်ပေးရပြီး ဂျက်ဆင်ဟိုက် ရထားရုံးနားက သူစတည်းချရာ နေရာကို ကားမောင်းပြီး သွားပါတော့သည်။ 

“ဒီလူက ပုံမှန်လာတယ်ဗျ။ ရာသီဥတု ပူချင်ပူမယ်၊ အေးချင်အေးမယ်။ သူက လာပြီးသားပဲ” ဟု အစားအသောက် လာတန်းစီသည့် အမျိုးသားတစ်ဦးက ပြောပြပါသည်။ အဆိုပါ အိမ်ခြေမဲ့များသည် အလုပ်ရရန် မိုးတိုးမတ်တတ် လိုက်တန်းစီရှာစားပြီး တံတားအောက် အိပ်ရသည်။ အလုပ်များ မရသည့်နေ့ ငတ်ပေရော့။ သို့သော် အနည်းဆုံး ညပိုင်းတော့ နတ်သားကားဖြူကြီး လာပါသည်။ မူနော့ဇ်နှင့် ညီမဖြစ်သူတို့က တစ်နှစ်ပတ်လုံး ပျက်ရက်မရှိ လာရောက်ကူညီ ဝေငှပေးပါသည်။ စနေနေ့တွင် ဟင်းအပြောင်းအလဲ ပါတတ်သည်။ မနက်စာပါ လာပို့သည့်နေ့ ဖြစ်တတ်သည်။ ရံဖန်ရံခါ အသားညှပ်ပေါင်မုန့် ပြောင်းပြီး ပို့ပေးတတ်သည်။ “မသွားခဲ့ဘူး ဆိုပါတော့၊ ကျွန်တော် စိတ်ထဲကောင်းမှာ မဟုတ်ဘူး။ သူတို့ မျှော်နေတော့မယ် ဆိုတာ ကျွန်တော် သိနေတယ်” ဟု မူနော့ဇ်က ဆိုပါသည်။

အမေရိကန် စီးပွားပျက်ကပ် အတွင်းဝယ် အလှူရှင်များက သိပ်မလာတော့ပေ။ ညစာလူအုပ်ကြီးက ပိုများလာသည်။ လိုသမျှ ပေးနိုင်အောင် ကြိုးစားမည်ဟု သူဆုံးဖြတ်လိုက်သည်။ အစားအသောက်များ အတွက် ဝယ်ရသော ကုန်ကြမ်းများနှင့် ကားဆီဖိုးက တစ်ပတ်ကို ဒေါ်လာ ၄၅၀ လောက် ကျသင့်သည်။ မိသားစု စုထားဆောင်းထားတာလေးများနှင့် သူ့လစာထဲက စိုက်ထုတ်သုံးစွဲကာ တောင့်ခံထားခဲ့ပါသည်။ ကိုယ်နဲ့ မသိတဲ့လူတွေကို ဘာကြောင့် ဒီလောက်ကူညီနေသလဲဟု မေးကြည့်မိပါသည်။ “ကျွန်တော့်မှာ ပုံမှန်အလုပ်ရှိတယ်။ အမေရယ် ကျွန်တော့်မိသားစုရယ်၊ အိမ်တစ်လုံး ရှိတယ်။ လိုအပ်သမျှ ရှိနေတယ်။ ဒီလူတွေက ဒီလိုမဟုတ်ဘူးလေ၊ ဒီနေ့အတွက်တော့ သူတို့ ထမင်းတစ်နပ် စားရစေရပါမယ်လို့ ကျွန်တော် ဆုံးဖြတ်ထားတယ်” ဟု ၎င်းက ဆိုသည်။         

သန့်ဇင်စိုး

  • TAGS