News

POST TYPE

ABOUT US

မြန်မာနိုင်ငံ၏ လေယာဉ်စောင့်ကြပ်ကြည့်ရှုရေးစနစ် မြှင့်တင်ခြင်းစီမံချက်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်မည်
02-May-2019
ရန်ကုန်၊ မေ ၂

မြန်မာနိုင်ငံတွင် လေယာဉ်စောင့်ကြပ်ကြည့်ရှုစနစ် မြှင့်တင်ခြင်းစီမံချက်ကို ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ (ဆက်သွယ်ရေး) ညွှန်ကြားရေးမှူး ဦးစိုင်းဝင်းမြင့်က ပြောကြားသည်။

အဆိုပါ လေယာဉ်စောင့်ကြပ်ကြည့်ရှုစနစ် မြှင့်တင်ခြင်းစီမံကိန်းမှာ ၂ နှစ် စီမံကိန်းဖြစ်ပြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် စတင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ယင်းစနစ်ကို ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အကုန်တွင် အသုံးပြုနိုင်ရန် မျှော်မှန်းထားကြောင်း ၎င်းကဆိုသည်။

“စက်တပ်ဆင်မှုပြီးရင် လေကြောင်းထိန်းသိမ်းရေး လုပ်ငန်းအတွက် လေကြောင်းဆက်သွယ်မှုနဲ့ လေကြောင်းကွပ်ကဲမှုစနစ်တွေ ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လေကြောင်းသွားလာမှု ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အထောက်အကူ များစွာဖြစ်မှာ ဖြစ်ပါတယ်”ဟု ဦးစိုင်းဝင်းမြင့်က ဆိုသည်။

လက်ရှိတွင် လေကြောင်းထိန်းသိမ်းရေးဆိုင်ရာ ရေဒါစနစ်တပ်ဆင်ပေးပြီး Radar Control ဖြင့် လေကြောင်းထိန်းသိမ်းရေး ဝန်ဆောင်မှုပေးရာတွင် ရေဒါဖမ်းယူနိုင်သည့် ဧရိယာအတွင်းရှိ လေယာဉ်၏တည်နေရာကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ခြင်း၊ ပုံရိပ်ဖော်စနစ်၏ တွက်ချက်မှုအရ ဘေးအန္တရာယ်ကြိုတင် အသိပေး အချက်အလက်များ ရရှိနိုင်ခြင်း၊ ပုံရိပ်ဖော်စနစ်၏ တွက်ချက်မှုအရ တစ်စီးအကွာအဝေးကို မိုင် ၃၀ အထိ လျှော့ချပေးနိုင်သဖြင့် လေယာဉ်ခရီးစဉ် ကြာမြင့်ချိန် လျှော့ချပေးနိုင်ခြင်း အကျိုးကျေးဇူးများ ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်နှင့်မန္တလေး ရေဒါ (FL150) တို့ဖြင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လေယာဉ် အတက်အဆင်း လှုပ်ရှားမှုများကို မတွေ့မြင်နိုင်၍ ရန်ကုန်ဗဟိုလေကြောင်း ထိန်းသိမ်းရေးစခန်းအနေနှင့် ထိန်းသိမ်းကိုင်တွယ်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိပြီး JICA Grant Aid Project ဖြင့် နေပြည်တော်တွင် ရေဒါတပ်ဆင်ပြီးပါက လေကြောင်း ထိန်းသိမ်းရေး ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လေယာဉ်စောင့်ကြပ်ကြည့်ရှုစနစ် မြှင့်တင်ခြင်းစီမံချက် အကောင်အထည်ဖော်ရန် ဆောင်ရွက်မှု အတည်ပြု လက်မှတ်ရေးထိုးပွဲကို ဧပြီ ၂၉ ရက်နေ့တွင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးချုပ်၌ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် JICA (ဂျပန်အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ) မှ တာဝန်ရှိသူများ တက်ရောက်ကာ လက်မှတ်ရေးထိုးခဲ့ကြသည်။

J-10