News

POST TYPE

ABOUT US

ထားဝယ်တွင် လူငါးဦး မိုးကြိုးပစ်ခံရ၊ နှစ်ဦးသေဆုံး
01-May-2019
ထားဝယ်၊ ဧပြီ ၃၀

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် တွင် ဧပြီလ ၃၀ ရက် ညနေက လူငါးဦး မိုးကြိုးပစ်ခံခဲ့ရပြီး နှစ်ဦးသေဆုံးခဲ့ ကြောင်း ရောင်းမော်ကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူးထံမှ သိရသည်။

ထားဝယ်မြို့နယ်၊ ရောင်းမော် ကျေးရွာတွင် ညနေ ၃ နာရီခန့်က မိုးကြိုးပစ်ခဲ့ခြင်းဖြစ်ပြီး အသက် ၂၄ နှစ် နှင့် အသက် ၂၇ နှစ်အရွယ် အမျိုးသား နှစ်ဦးသေဆုံးခဲ့ကြောင်း ယင်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

မိုးကြိုးပစ်ခံရသူငါးဦးအနက် တစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု သိရကြောင်း ၎င်းကဆိုသည်။

“လေးယောက်ကို ဆေးရုံတင် လိုက်တယ်။ လေးယောက်မှာ တစ်ယောက် က ဆေးရုံမှာ ထပ်ဆုံးတော့ သေဆုံးတဲ့သူနှစ်ယောက်ဖြစ်သွားတာပေါ့” ဟု ဦးစိုးအောင်က ဆိုသည်။

ကျန်သုံးဦးမှာ လက်ရှိ ထားဝယ် ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရ ကြောင်း ၎င်းကပြောသည်။

မိုးကြိုးပစ်ခံရသူများမှာ အုတ်ဖို လုပ်ငန်းတွင် လာရောက်လုပ်ကိုင်သည့် ရွှေ့ပြောင်းအလုပ်သမားများဖြစ်ပြီး မလှမ်းမကမ်းတွင် ရပ်ထားသည့် ထော်လာဂျီ နှစ်စီးပေါ် ရှိနေစဉ် မိုးကြိုး ပစ်ခံခဲ့ရခြင်းဖြစ်ကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ထားဝယ်တွင် ဧပြီလ ၃၀ ရက် မွန်းလွဲ ၂ နာရီခန့်မှ စ၍ မိုးရွာသွန်းခဲ့ပြီး ယင်းသို့ မိုးကြိုးပစ်ခဲ့ခြင်းဖြစ်သည်။

Dawei Watch


  • VIA