News

POST TYPE

ABOUT US

အာရှခြေစစ်ပွဲအောင်ရေးအဆုံးအဖြတ် ပွဲစဉ်အဖြစ် မြန်မာနှင့်ဩစတြေးလျတို့ ယနေ့ ယှဉ်ပြိုင်မည်
27-Apr-2019
ရန်ကုန်၊ ဧပြီ ၂၇

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာရှယူ - ၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲအောင်မြင်ရေးအတွက် မြန်မာအသင်းသည် အာရှအင်အားကြီးအသင်းဖြစ်သည့် ဩစတြေးလျအသင်းနှင့် ဧပြီလ ၂၈ ရက် (ယနေ့) ညနေ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အဆိုပါပွဲစဉ်ကို မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မြန်မာအသင်းအနေနှင့် ခြေစစ်ပွဲ အောင်မြင်ရန်အတွက် ယခုပွဲတွင် အနိမ့်ဆုံးသရေ ရလဒ်ရရှိအောင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

“ဥဇဘတ်ကစ္စတန်အသင်းက အသင်းကောင်းတစ်သင်းပါ။ အမှားနည်းတဲ့အသင်းက အနိုင်ရခဲ့တာပါ။ ဥဇဘက်အသင်းနဲ့ပွဲမှာရှိခဲ့တဲ့ အမှားတွေကို ပြန်သုံးသပ်ပြီး လက်ကျန်နှစ်ပွဲကို အာရုံစိုက်ပြီး အကောင်းဆုံး ကြိုးစားမယ်”ဟု ဥဇဘတ် ကစ္စတန်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီးနောက် ပွဲပြီးသတင်းစာရှင်းပွဲတွင် နည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပြောကြားထားသည်။

မြန်မာအသင်းအနေနှင့် အဖွင့်ပွဲစဉ်တွင် ဥဇဘက်ကစ္စတန်အသင်းကို တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိထားပြီး ဩစတြေးလျအသင်းက နီပေါအသင်းကို ၁၁ ဂိုး တစ်ဂိုးဖြင့် အနိုင်ရထားသည့်အတွက် မြန်မာအသင်းနှင့် ဩစတြေးလျအသင်းတို့ ခြေစစ်ပွဲအောင်မြင်ရန် အခြေအနေကောင်း တစ်ရပ်စီကို ပိုင်ဆိုင်ထားကြပြီဖြစ်သည်။

ယခု ယှဉ်ပြိုင်နေသည့် ခြေစစ်ပွဲတွင် အုပ်စု ပထမနှင့် ဒုတိယရရှိသည့် အသင်းများမှာ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ရာ မြန်မာအသင်းအနေနှင့် အဖွင့်ပွဲတွင် အနိုင်ရထားသောကြောင့် ခြေစစ်ပွဲ အောင်မြင်ရန် အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားခြင်းလည်းဖြစ်သည်။

မြန်မာအသင်းသည် ဧပြီ ၃၀ ရက်တွင် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် နီပေါအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

J-04