News

POST TYPE

ABOUT US

သိထားသင့်သည့် မော်စကို - နေပြည်တော် ဆက်ဆံရေး (Daily, Vol-7/No-13)
26-Apr-2019
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြန်မာ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အဋ္ဌမအကြိမ်မြောက် နိုင်ငံတကာ လုံခြုရေးကွန်ဖရင့်သို့ တက်ရောက်ရန် ရုရှားနိုင်ငံ မောစကိုမြို့သို့ ရောက်ရှိလာသည့်သတင်းကို ရုရှားသတင်းဌာနများက ရေးသားဖော်ပြခဲ့ကြသည်ကို တွေ့ရပါသည်။

ယင်းခရီးစဉ်တွင် ကာကွယ်ရေးဦးစီးချုပ်ကို ရုရှားမီဒီယာများမှ သတင်းစာဆရာများ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရသလို ၎င်းနှင့်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့တို့ ရုရှားကာကွယ်ရေးလုပ်ငန်းများသို့ သွားရောက်ပြီး ရုရှားလုပ်စစ်သုံးပစ္စည်း (စစ်လက်နက်) များ၏ အရည်အသွေးကို ကြည့်ရှုခဲ့ကြသည်ကိုလည်း တွေ့မြင်ရပေသည်။

Sputnik ဟု အမည်ရသည့် သက်တမ်းရင့် ရုရှားသတင်းဌာနတစ်ခုနှင့် တွေ့ဆုံရာတွင် မြန်မာ့တပ်မတော်အတွက် ဝယ်ယူမည့် ရုရှားဂျက်တိုက်လေယာဉ်များကို တပ်ဆင်နေသည့်အကြောင်း ကာကွယ်ရေးဦးစီးချုပ်က အတည်ပြု ပြောဆိုသွားပေသည်။ မြန်မာနှင့်ရုရှား စစ်ဘက်ဆက်ဆံရေးဟူသည် မနေ့တစ်နေ့ကမှ စတင်လာခြင်း မဟုတ်ဘဲ ယခင်တပ်မတော်အစိုးရများ လက်ထက်ကတည်းက အနီးကပ်ဆက်ဆံရေး သဘောမျိုးအဆင့်အထိ ရှိခဲ့ခြင်းဖြစ်ပေသည်။

ရုရှားဟုဆိုလိုက်သည်နှင့် စီးပွားရေးဆိုင်ရာ၊ ကုန်သွယ်ရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများထက် စစ်ဘက်နှင့်ပတ်သက်သော အကြောင်းအရာများကသာ လွှမ်းမိုးထားခဲ့သည်ကိုလည်း စာဖတ်သူများ သတိပြုမိကြလိမ့်မည်ဟု ထင်ပါသည်။

တစ်နည်းပြောရလျှင် ရုရှားနှင့်ဆိုင်သော ကုန်ပစ္စည်းများ၊ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ ဖန်တီးမှုများ အစရှိသည်တို့နှင့် မြန်မာပြည်သူတို့ ထိတွေ့မှု လွန်စွာနည်းခဲ့ပြီး အစိုးရနှင့် တပ်မတော်ထဲမှ အရာရှိများလောက်သာ သံတမန် ဆက်ဆံရေး၊ စစ်ဘက်ဆက်ဆံရေး၊ ပညာတော်သင်စေလွှတ်ရေး၊ လေ့လာရေး စသည့်လမ်းကြောင်းတို့ဖြင့်သာ ထိတွေ့မှုများခဲ့ခြင်းဖြစ်ပေသည်။

ပြည်သူများ အချင်းချင်းထက် အစိုးရအချင်းချင်း ထိတွေ့မှုပိုများသော မြန်မာ-ရုရှား ဆက်ဆံရေးမှာ ဒီမိုကရေစီ အစိုးရလက်ထက် ရခိုင်အရေးကိစ္စ ပေါ်ပေါက်လာချိန်၊ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုရေးကောင်စီတွင် မြန်မာကို ဒဏ်ခတ်အရေးယူရန် အနောက်နိုင်ငံများ ကြိုးပမ်းသည့်ကိစ္စတို့တွင် မြန်မာဘက်က ရပ်တည်ပေးခဲ့ပြီးနောက် ပိုမိုရင်းနှီးကျွမ်းဝင်လာသည့် သဘောမျိုး ဖြစ်လာပေသည်။

ထိုကိစ္စများမဖြစ်ခင်၊ မြန်မာဒီမိုကရေစီ အစိုးရအာဏာ ရရှိလာချိန်တွင် မြန်မာနိုင်ငံတော်သမ္မတ (ဒီမိုကရေစီခေတ်၏ ပထမဆုံး အရပ်သားသမ္မတ)၏ ပထမဆုံး ပြည်ပခရီးစဉ်မှာ ရုရှားဖြစ်ခဲ့ခြင်းသည် ထူးခြားချက်တစ်ရပ်ဟုပင် ဆိုရပါမည်။ ထိုခရီးစဉ်ကြောင့်ပင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီအစိုးရနှင့် အနီးကပ် ဆက်ဆံရေး တည်ဆောက်လိုသော အနောက်နိုင်ငံအချို့ အထူးပင် အံ့ဩတကြီး ဖြစ်ခဲ့ကြရသည်။

ယခုအခါ မြန်မာစစ်ဘက်ခေါင်းဆောင်များက ခေတ်မီပြီး အင်အားတောင့်တင်းသည့် တပ်မတော်တစ်ရပ် ထူထောင်ရန် ကြိုးပမ်းလျက်ရှိပြီး မြန်မာ့တပ်မတော်က အရှေ့တောင်အာရှဒေသတွင် အင်အားအကြီးဆုံး စစ်တပ်တစ်ရပ်ဖြစ်လာရာ လက်နက်ဈေးကွက်တွင် အမေရိကန်တို့၏ ပင်မပြိုင်ဘက်ဖြစ်သော ရုရှားတို့အနေနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မလွဲမသွေ လုပ်ဆောင်လာဖို့သာ ရှိပေသည်။ ထို့အတူ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နိုင်မည့် နည်းလမ်းများကိုလည်း ရုရှားတို့ဘက်က အထူး အလေးပေး ရှာဖွေကြမည်သာပင်ဖြစ်သည်။

ဤနေရာတွင် အထူး သတိထားရမည့်အချက်မှာ လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်သည့် မြန်မာအနေနှင့် ရုရှားလုပ် စစ်လက်နက်များ ဝယ်ယူအသုံးပြုသည်ဖြစ်စေ၊ အခြားနိုင်ငံတစ်နိုင်ငံ၏ စစ်လက်နက်များ အသုံးပြုသည်ဖြစ်စေ မည်သည့်အင်အားကြီး ပြည်ပနိုင်င်ငံ သို့မဟုတ် စစ်တပ်တစ်ခုခု၏ ဩဇာလွှမ်းမိုးမှုအောက်သို့ ရောက်မသွားရန် အရေးကြီးကြောင်းနှင့် ထိုသို့နည်းပညာရှေ့ပြေးနေသည့် နိုင်ငံကြီးများနှင့် အနီးကပ် ဆက်ဆံရေးမှတစ်ဆင့် နိုင်ငံနှင့်နိုင်ငံသားများ အကျိုးဖြစ်ထွန်းစေမည့် နည်းလမ်းများကို ရှာဖွေကြရမည်ဖြစ်ကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၂၅-၄-၂၀၁၉)