News

POST TYPE

ABOUT US

မက်ဆင်ဂျာမှပေးပို့လာသည့် Facebook Login လင့်ခ်များမဝင်ရန် mmCERT တိုက်တွန်း
23-Mar-2019
ရန်ကုန်၊ မတ် ၂၃ 

မက်ဆင်ဂျာမှ ပေးပို့လာသည့် Facebook Login လင့်ခ်များသည် ဖေ့ဘွတ်အကောင့်ကိုခိုးယူရန် ပေးပို့လာသည့်လင့်ခ်များဖြစ်ပြီး Login မဝင်ကြရန် မြန်မာနိုင်ငံ ကွန်ပျူတာ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (mmCERT) က တာဝန်ရှိသူတစ်ဦးက သတိပေးပြောဆိုလိုက်သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ဆိုက်ဘာ တိုက်ခိုက်မှုများကြောင့် မြန်မာလူမှုကွန်ရက်အကောင့်၊ စာမျက်နှာနှင့်အဖွဲ့များ တိုက်ခိုက်ခံနေရချိန်တွင် မက်ဆင်ဂျာမှတစ်ဆင့် Phishing လင့်ခ်များပေးပို့ပြီး Facebook အကောင့်များကို တိုက်ခိုက်ရန်ကြိုးစားမှုများရှိနေသည်။

ယင်းနှင့် ပတ်သက်ပြီး အမျိုးသား ဆိုက်ဘာလုံခြုံရေး(ဗဟို)မှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးက “မက်ဆင်ဂျာက ပေးပို့လာတဲ့လင့်ခ်တွေကို မဝင်ဖို့ပြောချင်ပါတယ်။ ကိုယ်မသိတဲ့သူပဲဖြစ်ဖြစ် ကိုယ်သိတဲ့သူကပဲဖြစ်ဖြစ် ပေးပို့လာတယ်ဆိုရင် မဝင်ကြဖို့၊ အတည်ပြုဖို့ လိုအပ်ပါတယ်။”ဟု ဆိုသည်။

ယခု ပျံ့နှံ့နေသည့် Phishing လင့်ခ်တွင် မြန်မာ- ဘင်္ဂလားဒေ့ရှ် ဆိုက်ဘာတိုက်ပွဲများကြောင့် မြန်မာများ အသုံးပြုနေသည့် ဖေ့ဘွတ်အကောင့်များကို တိုက်ခိုက်နေကြောင်း၊ ယင်းသို့တိုက်ခိုက်မှုကို m4L Family က အကာအကွယ် ပေးသွားမည်ဖြစ်ကြောင်းကို လင့်ခ်တစ်ခုနှင့်တွဲပြီးပေးပို့ကာ ယင်းလင့်ခ်တွင် ဖေ့ဘွတ်အကောင့်ကို Login ဝင်ခိုင်းခြင်းဖြစ်သည်။

မက်ဆေ့မှတဆင့် ပေးပို့လာသည့် အဆိုပါလင့်ခ်ကို Login ဝင်မိပါက မိမိအကောင့်ကို တိုက်ခိုက်သူက ရရှိသွားမည်ဖြစ်သည်။

ယင်းမက်ဆေ့နှင့်ပတ်သက်ပြီး m4L Family က ၎င်းတို့ပေးပို့ခြင်းမဟုတ်ကြောင်းနှင့် Login မဝင်ကြရန်လည်း ထုတ်ပြန်ထားသည်။

ဖေ့ဘွတ်အသုံးပြုသူများအနေဖြင့် ယင်းကဲ့သို့ မက်ဆေ့နှင့်လင့်ခ်များ မိမိထံရောက်ရှိလာပါက Login မဝင်ရန်နှင့် အခြားသူများထံသို့လည်း ဆက်လက် မဖြန့်ဝေကြရန် ပြည်တွင်း ပညာရှင်များက အကြံပြုထားသည်။