News

POST TYPE

ABOUT US

ထီးခီးလမ်း အဆင့်မြှင့်ရေး ထိုင်းနှင့် မြန်မာ ပူးပေါင်းလေ့လာ
25-Feb-2019


ထားဝယ်၊ ဖေဖော်ဝါရီ ၂၄

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ထားသည့် ထီးခီး လမ်း အဆင့်မြှင့်ရန်အတွက် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့ပူးပေါင်းကာ စတင်လေ့လာလျက်ရှိကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်းက ပြောသည်။

လက်ရှိဖောက်လုပ်ထားသည့်လမ်းတွင် မတ်စောက်နေသည့်အပိုင်းများ၊ ကွေ့ကောက်လွန်းနေသည့်နေရာများတွင် လမ်းအူကြောင်း ပြောင်းလဲရန် သို့မဟုတ် ဆင်ခြေလျှော့ဖြေလျှော့ရန် ချေးငွေထုတ်ချေးမည့် ထိုင်းနိုင်ငံ NEDA အဖွဲ့ က ငှားထားသည့် ပညာရှင်များနှင့် မြန်မာ နိုင်ငံမှ တာဝန်ရှိသူများပူးပေါင်းက ဖေဖော် ဝါရီလ ၁၅ ရက်နေ့က ကွင်းဆင်းလေ့လာ ခဲ့ကြောင်း ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ လမ်းဦးစီးဌာနထံမှ သိရသည်။

လမ်းပိုင်းကို လာရောက်ကွင်းဆင်း သည့် NEDA ၏ ပညာရှင်အဖွဲ့တွင် လမ်းပိုင်းပညာရှင်များအပြင် ရေပေးဝေရေး၊ သဘာဝ ပတ်ဝန်းကျင်ပညာရှင်အစရှိသည့် ပညာရှင်များလည်း ပါဝင်ကြောင်း မေတ္တာမြို့ လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ (၁) ဦးဇေယျာနိုင်က ဆိုသည်။

“မြေပြင်အခြေအနေကို ကွင်းဆင်း လေ့လာတဲ့သဘောပါ”ဟု ဦးဇေယျာနိုင်က ဆိုသည်။

အဆိုပါ လမ်းအဆင့်မြှင့်မည့်ကိစ္စနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် NEDA အဖွဲ့တို့ပူးပေါင်းကာ ကွင်းဆင်းကာ လေ့လာနေပြီး တွေ့ရှိမှုနှင့်ပတ်သက်၍ ယခုနှစ် စက်တင်ဘာလခန့်တွင် အစီရင်ခံစာ ထွက်မည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ မြင့်ဆန်းက ပြောသည်။

ယင်းအစီရင်ခံစာ တင်ပြီးချိန်တွင် ချေးငွေအတွက် မြန်မာအစိုးရနှင့် NEDA အဖွဲ့တို့ ချေးငွေအတွက် စာချုပ်ချုပ်ဆိုမည်ဖြစ်ကာ တင်ဒါခေါ်မည်ဖြစ်ကြောင်း ဒေါက်တာမြင့်ဆန်းက ဆိုသည်။

လမ်းလုပ်ငန်းအတွက် ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ဆောက်လုပ်ရေးကုမ္ပဏီကို တင်ဒါခေါ်မည်ဖြစ်ပြီး ထိုင်းနိုင်ငံ၏စံနှုန်းဖြစ်သည့် အဆင့် ၄ ရှိ မြဝတီ- ကော့ကရိတ်လမ်းကဲ့သို့ အဆင့်မြှင့်မည် ဖြစ်သည်။

လမ်းအဆင့်မြှင့်မည့် မူလပုံစံတွင် လမ်းတစ်ဖက်တစ်ချက်ကို မီတာ ၂၀ ရှင်းလင်းမည်ဖြစ်ပြီး တောရိုင်းတိရစ္ဆာန်များ ဖြတ်သန်းနိုင်မည့်နေရာ ၁၁ ခု ပါဝင်မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်နှင့် လူမှုဘဝ အပေါ်သက်ရောက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါလမ်း အဆင့်မြှင့်မည့်လုပ်ငန်းအတွက် ထိုင်းနိုင်ငံ (NEDA) ထံမှ ချေးငွေယူရန် ၂၀၁၈ ခုနှစ် မတ်လကကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ခဲ့သည်။ 

Dawei Watch