POST TYPE
ABOUT US
မိသားစု ခေါင်းဆောင်
23-Oct-2016

သူသည် ရာနှုန်းပြည့် မသန်စွမ်း တစ်ယောက် ဖြစ်သွားပြီဟု ဆရာဝန်များက အသိအမှတ် ပြုလိုက်ကြပြီ။ မိတ်ဆွေ၊ မိသားစုများကလည်း လက်ခံလိုက်ပြီ။ သို့သော် သူကတော့ လက်မခံ။ သူ စကား ပြောနိုင်သည်။ မြင်နိုင်သေးသည်။ ကြားနိုင်သည်။ တွေးနိုင်သည်။ ရေးနိုင်သေးသည်။ သူ အရိုးကုသမှု ခံနေရသည့် အိပ်ရာပေါ်တွင်ပင် အဆိုးထဲမှ အကောင်းကို ထုတ်ယူဖို့ သူ စဉ်းစားလိုက်ပါသည်။ ပက်လက် အနေအထားဖြင့်ပင် ဖြည်းဖြည်းချင်း မသန်စွမ်း အသိုက်အဝန်း တစ်ခုကို တည်ထောင်ခဲ့သည်။ မသန်စွမ်း မိသားစု Family of Disabled ဟု ၎င်းက အမည် ပေးထားပါသည်။ အိပ်ရာပေါ် အိပ်လျက် အနေအထားဖြင့် လူ့အဖွဲ့အစည်းက ဘေးဖယ် ထုတ်ထားသော လူအုပ်စုကို စိတ်အာဟာရ၊ ရုပ်အာဟာရ ကူညီနိုင်လောက်အောင် အားကောင်းသည့် ကွန်ရက် ဖြစ်လာခဲ့သည်။

ထိုစဉ်က အင်တာနက် ခေတ်တော့ မဟုတ်သေး။ သူ့အိပ်ရာဘေးတွင် ဖုန်းတစ်လုံး တပ်ထားသည်။ စာရေးစရာ ကိရိယာ တန်ဆာပလာများကိုလည်း အိပ်ရာပေါ်တွင် ရေးနိုင်အောင် တပ်ဆင်ထားလိုက်သည်။ သို့ဖြင့် စာရေးဆရာ တစ်ယောက် ဘဝကို စတင်ခဲ့သည်။ သူ ဖွင့်ပေးခဲ့သော ပြတင်းပေါက် များစွာက လူသား များစွာပေါ်သို့ အလင်းတန်းများ ကျရောက်ခဲ့သည်။ အိပ်ရာဘေးတွင် ရှိသော တယ်လီဖုန်းဖြင့် ဆေးရုံများ၊ အရင်းအမြစ် စာရင်းဇယား ဌာနများကို ဆက်သွယ်ကာ မသန်စွမ်းများကို စုံစမ်းခဲ့သည်။ တဖြည်းဖြည်းချင်း ၎င်းတို့ အသိုက်အမြုံလေးကို တည်ဆောက်ခဲ့ပါသည်။ “ကျွန်တော်တို့ဟာ အပြန်အလှန် ဆက်သွယ် ဆက်ဆံပြီး ခင်မင် ယုံကြည်မှုကို တည်ဆောက်ကြပါတယ်။ မသန်စွမ်း အတော်များများဟာ တစ်ကိုယ်တည်း ပိတ်မိနေသလို ခံစားရတတ်ပါတယ်။ စိတ်ဓာတ်လည်း ကျရပါတယ်။ သာမန်လူတွေပါလို့ဆိုတဲ့ ကမ္ဘာနဲ့ မဆက်သွယ်နိုင်ဘူးလို့ သူတို့ ကိုယ် သူတို့ ယူဆနေတတ်ကြတယ်”ဟု ရာဂျင်ဒါ ဂျိုဟာက ဆိုပါတယ်။
မသန်စွမ်းများကို တယ်လီဖုန်းမှတစ်ဆင့် နှစ်သိမ့် ဆွေးနွေး ကူညီပေးသည်။ နောက်ပိုင်း အုပ်စုဖွဲ့ လှုပ်ရှားမှုလေးများ လုပ်နိုင်လာသည်။ တစ်ဦးချင်းစီ၏ ပါရမီပါရာ ထူးချွန်ရာများကို ပြသကြသည်။ ယဉ်ကျေးမှု အခမ်းအနားများ ကျင်းပကြသည်။ ဆေးပညာ တိုးတက်မှု၏ နောက်ဆုံးရ သတင်းများကို မျှဝေကြသည်။ သိပ်မလုပ်နိုင်သော်လည်း ရံဖန်ရံခါ လုပ်ကြသည့်အရာ ရှိသေးသည်။ ဘဏ္ဍာရေးအရ လိုအပ်နေသူများကို ကူညီပေးခြင်း ဖြစ်သည်။ အစပိုင်းနှစ်များတွင် အစိုးရဆီမှ အကူအညီ မရပါဘဲလျက် သူတို့ ရှေ့ဆက်ခဲ့ကြခြင်း ဖြစ်သည်။ ရုပ်ပိုင်းအရ၊ စိတ်ပိုင်းအရ စိန်ခေါ်မှုများ ရှိနေသော မိသားစုဝင် ၃ဝဝ လောက် ရလာသည်။ မသန်စွမ်း မဟုတ်သူ စေတနာ့ ဝန်ထမ်း များစွာလည်း စုဆောင်း မိလာခဲ့သည်။ ပြည်နယ်များတွင် မိသားစုခွဲများ ဖွဲ့နိုင်လာပါသည်။ “ဘယ်လို ပျံ့သွားလဲတော့ မသိဘူး။ ဒါပေမဲ့ ပျံ့တော့ ပျံ့သွားခဲ့တယ်”ဟု ဂျိုဟာက ပြန်ပြောင်း ပြောပြသည်။ တစ်ခဏလေးပင်ဖြစ်စေ လူတစ်ဦးတစ်ယောက် ရွှင်လန်းသွားအောင် လုပ်နိုင်လျှင် ကျေနပ်ပြီဟု သူက ဆိုပါသည်။ ဂျိုဟာသည် အသံ Voice ဟု အမည် ပေးထားသော မသန်စွမ်းသူတို့အတွက် မဂ္ဂဇင်း တစ်စောင်ကိုလည်း ထုတ်ဝေခဲ့သည်။ တစ်ကမ္ဘာလုံးမှာ ရှိခဲ့သည့် မသန်စွမ်းတို့၏ အောင်မြင်ခဲ့သည့် ဇာတ်လမ်းများ၊ အတ္ထုပ္ပတ္တိများကို ဖော်ပြပေးခဲ့သည်။

သူတို့ ရပ်တန့်သွားသည်ဟူ၍ မရှိခဲ့ပေ။ လှုပ်ရှားမှုကြီး တစ်ခုလုံးကို စတင် ဖော်ဆောင်ခဲ့သူ ဖြစ်လင့်ကစား ဂျိုဟာသည် သူ့ကိုယ်သူ ခေါင်းဆောင်ကြီးသဖွယ် မနေခဲ့ပါ။ မိသားစုဝင် တစ်ဦးသာ ဖြစ်သည်ဟု အမြဲ ပြောကြားခဲ့သည်။ အိန္ဒိယ အစိုးရက ပေးအပ်ခဲ့သည့် ဆုများသည် သူရသည်မဟုတ်၊ မိသားစု ကွန်ရက်ကြီးက ရသည်ဟု သူ အမြဲ ပြောပါသည်။ မီဒီယာသမားတွေကို တွေ့တိုင်း သူ အမြဲ အကူအညီ တောင်းသည်။ “ကျွန်တော့် ဖုန်းနံပါတ်ကို ကျေးဇူးပြုပြီး ပုံနှိပ်ပေးပါ။ လူများများဆီရောက်မှ ကျွန်တော်တို့ မိသားစု ကျယ်ပြန့်လာမယ်”ဟု ဂျိုဟာက ဆိုပါသည်။
လူတစ်ဦး၏ ဘဝကို မည်သည့် အနိဋ္ဌာရုံကမှ သေအောင် မသတ်နိုင်။ ၎င်း၏ စိတ်ဓာတ်ကသာလျှင် အရာရာကို ဆုံးဖြတ်သွားပေသည်။ အိပ်ရာပေါ်မှနေပြီး လူပေါင်း များစွာ၏ စိတ်ခွန်အားကို ပေးခဲ့ကာ အများအကျိုး ထမ်းဆောင်နေသည့် ၎င်း၏ ပြင်းထန်သော စိတ်ဓာတ်က ဂျိုဟာ့ကို အသက် ဆက်စေခဲ့ခြင်း ဖြစ်သည်။ မသန်စွမ်းများအပေါ် လူသားတိုင်းက မှန်ကန်သော အမြင်ဖြင့် ကြည့်လာနိုင်စေရန်အတွက် ဂျိုဟာ မရပ်မနား အားထုတ်နေပါသည်။
သန့်ဇင်စိုး
- SOURCES
- The Voice
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
15-Feb-2019