News

POST TYPE

ABOUT US

ပြင်ဦးလွင် တန်ဆောင်တိုင် အဝေးထိန်းလေယာဉ်ငယ် ပြိုင်ပွဲဝင်သူ ယခင်ထက်များ
21-Nov-2018

မန္တလေး၊ နိုဝင်ဘာ ၂၀

ပြင်ဦးလွင်မြို့တွင် ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော်တွင် ကဏ္ဍတစ်ခု အနေဖြင့် ထည့်သွင်းကျင်းပလေ့ရှိသည့် အဝေးထိန်းစနစ်ဖြင့် ပျံသန်းရသည့် လေယာဉ်ငယ်ပြိုင်ပွဲတွင် ပါဝင်သူ ယခင် ထက်များလာကြောင်း ယင်းပွဲတော် ကျင်းပရေးဦးဆောင်ကော်မတီဝင်များထံမှ သိရသည်။

အဆိုပါလေယာဉ်ငယ်ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်က စတင်ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် သုံးကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

“ဒီလိုပြိုင်ပွဲလေးလုပ်ပေးတော့ လူငယ်လေးတွေအနေနဲ့ လမ်းမှားမရောက်တော့ဘဲ စိတ်ဝင်စားစရာတစ်ခု တိုးလာတာပေါ့လေ။ ပြီးတော့ အနာဂတ်မှာ လေကြောင်းပညာဘက်ကို စိတ်ဝင်စားတဲ့လူငယ်လေးတွေ ပိုပြီး ပေါ်လာဖို့လည်း ရည်ရွယ်တယ်”ဟု ဦးဆောင်ကော်မတီဝင်ဖြစ်သူ ဦးကျော်ဌေးကိုက ပြောကြားသည်။

စတင်ကျင်းပသည့်နှစ်တွင် ပြိုင်ပွဲဝင်လေယာဉ်အစင်း သုံးဆယ်ခန့်သာရှိပြီး ဒုတိယနှစ်တွင် ငါးဆယ်ခန့်အထိ တိုးလာကာ ယခုနှစ်တွင် ပြိုင်ပွဲဝင်အရေအတွက် ခုနစ်ဆယ်ကျော်ရှိကြောင်း ကျင်းပရေးကော်မတီ၏ စာရင်းများအရ သိရသည်။

အဆိုပါ လေယာဉ်ငယ်ပြိုင်ပွဲတွင် အလှပြပျံသန်းခြင်း၊ အခက်အခဲဖြတ်ကျော် ပျံသန်းခြင်းနှင့် လေယာဉ်အချင်းချင်း စီးချင်းထိုးခြင်းစသည့် ပြိုင်ပွဲများပါဝင်ကာ ရန်ကုန်၊ မန္တလေး၊ ကျောက်မဲ၊ ရခိုင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်သူများနှင့် ပြင်ဦးလွင် မြို့ခံများလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ 

“အစကတော့ လေယာဉ်ပျံမောင်းတာကို စိတ်မဝင်စားဘူး။ နောက်ပိုင်းမှာ အဖေက သင်ခိုင်းတယ်။ ပထမဆုံး ကွန်ပျူတာနဲ့ Simulator မောင်းရတယ်။ မနှစ်က ဒီမှာ ပထမဆုံး လာမောင်းတာ၊ မမောင်းတတ်သေးတော့ ဝင်တိုက်ပြီး ပျက်သွားတယ်။ ဒီနှစ်တော့ တော်တော်မောင်းတတ်နေပြီ”ဟု ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် ကျောက်မဲမြို့မှ အသက် ၁၄ နှစ်အရွယ် စိုင်းသီဟမျိုးဆွေက ပြောကြားသည်။

လေယာဉ်ငယ်များကို မိမိတို့စိတ်ကြိုက်ဖန်တီးကာ လာရောက်ယှဉ်ပြိုင်ခွင့်ရှိရာ တရုတ်နိုင်ငံထုတ် အသင့်မောင်း လေယာဉ်ငယ်များဖြင့် လာရောက်ယှဉ်ပြိုင်သူများရှိသော်လည်း အများစုမှာ ကိုယ်တိုင်လုပ်လေယာဉ်များဖြစ်ကြောင်း ပြိုင်ပွဲဝင်သူများထံမှ စုံစမ်းသိရှိရသည်။

ယင်းပြိုင်ပွဲအတွက် ပထမ၊ ဒုတိယ၊ တတိယဆုများပေးအပ်ခဲ့ပြီး ဆုကြေးငွေနှင့် ဆုဖလားတို့ကိုလည်း ပေးအပ်မည်ဖြစ်သည်။

M-04