News

POST TYPE

ABOUT US

ဂီတလုလင် ဘော့ဒီလန်
16-Oct-2016


ပြီးခဲ့သည့် ရာစုနှစ်ဝက်လောက်က ဖြစ်ပါသည်။ ဘော့ဒီလန်သည် အီလက်ထရစ်ဂစ်တာ ပလတ်ကြိုးကို အသံချဲ့စက်မှာ တပ်လိုက်ပြီး ဂီတလောကကို သွေးလန့် သွားစေလောက်သည့် အပြောင်းအလဲကို စတင် ခဲ့ပါသည်။ ရိုးရာ အစဉ်အလာ ဂီတပုံစံကနေ ခွဲထွက် သွားခဲ့သည့် ဂီတပုံစံ တစ်ခုကို စတင်ခဲ့သည်။ အားလုံး မျှော်လင့်ထားသည့် အရာများကို ကျော်ဖြတ်ခဲ့ပြီး သန်းပေါင်း များစွာသော ဓာတ်ပြားများ ရောင်းမလောက် ဖြစ်ခဲ့သည်။ သိပ်သည်း ထူထပ်ကာ နားလည် ရခက်သော ပဉ္စလက် သရုပ်မှန် စာသား များစွာကို ရေးသားခဲ့သည်။ 

တကယ်တမ်း ခေါ်ရလျှင် ဒေါက်တာဒီလန်ဟု ခေါ်မှ ပြည့်စုံမည်။ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့များက တစ်ပုံတစ်ခေါင်း ရထားသည်။ အဆိုပါ သီချင်းရေးသော ကဗျာဆရာ တေးသံရှင်ကြီးသည် အီလီးရော့၊ ဂါစီယာမားကွက်ဇ် တို့နည်းတူ စာပေနိုဘယ်လ်ဆုကို ရရှိသွားခဲ့ပြီ ဖြစ်ပေသတည်း။ အသက် ၇၅ နှစ် အရွယ် ဘော့ဒီလန်သည် နိုဘယ်လ်ဆု ရသွားသော ပထမဆုံး ဂီတသမားလည်း ဖြစ်လာသည်။ နိုဘယ်လ်ဆု ရွေးချယ်ရေး သမိုင်းတွင်လည်း တစ်ဆစ်ချိုး ဆုရွေးချယ်ရေး ဆုံးဖြတ်ချက် ဖြစ်သွားသည်။ လူကြိုက်များ ထင်ရှားသည့် ဂီတ အကျော်အမော် တစ်ဦးကို အမြင့်ဆုံး စာပေအနုပညာ ဂုဏ်ပြုဆု ပေးလိုက်ခြင်းဖြင့် ဆွီဒင်နိုဘယ်လ်ဆုပေး ကော်မတီ၏ စာပေ အနုပညာ ဆိုသည်ကို အဓိပ္ပာယ် သတ်မှတ်ချက်လည်း ပြောင်းသွားသည်ဟု ဆိုရမည်။ သီချင်းစာသားများသည် ကဗျာများ၊ ဝတ္ထုရှည်ကြီးများလို အနုပညာ ခံစားမှု တန်ဖိုး အတူတူ ဖြစ်ကြောင်း သဘောတူသူ မတူသူများ အငြင်းအခုံ မြင့်တက် သွားခဲ့ပေသတည်း။ 

စတီဗင်ကင်း၊ ဂျွိုက်စ်ကာရိုးအုတ်စ် တို့ကဲ့သို့ အကျော်အမော် စာပေ အနုပညာရှင်များက ဘော့ဒီလန်  ယခုကဲ့သို့ နိုဘယ်လ်ဆုရခြင်းကို ကြိုဆိုကြသည်။ ဆုရွေးချယ်ရေး ကော်မတီ၏ ဆုံးဖြတ်ချက် လွဲနေကြောင်း၊ သီချင်းရေး ဘယ်လောက်ကောင်းကောင်း စာပေအနုပညာ အဆင့်ကို တင်လိုက်ခြင်းမှာ မလျော်ကြောင်း ဝေဖန်သူများလည်း ဒုနဲ့ဒေး ဖြစ်နေသည်။ နာမည်ကျော် ဝတ္ထုရေး အနုပညာသည် ဂျိုဒီပီကော့က ဘော့ဒီလန်အတွက် ဝမ်းသာပါကြောင်း၊ သူလည်း ဂရမ်မီဆု ရချင်ရနိုင်ပါကြောင်း သရော်တော်တော်နှင့် လူမှုကွန်ရက် မီဒီယာပေါ်မှာ ရေးသားထားသည်။ 

ဂီတသမားတွေကတော့ ချီးကျူး ဂုဏ်ပြုကြသည်။ ဂျွန်နီကက်ရှ်၏ သမီးဖြစ်သူ ရိုဆန်နီ ကက်ရှ်က “မယ်တော်ရေ၊ ဘော့ဒီလန်တော့ နိုဘယ်လ်ဆု ရပြီရှင့်”ဟု ရေးသားဖော်ပြထားသည်။  တော်လှန်သော သီချင်း တော်တော်များများ ဖြစ်သည့် “Blowin' in the Wind”, “The Times They Are a-Changin” တို့နှင့် ယနေ့တိုင် လူကြိုက်များနေဆဲ “Like a Rolling Stone” တို့ကို ရေးသားသီဆိုခဲ့သူ ဘော့ဒီလန်သည် မြင်နေကျ စာရေးဆရာ၊ ကဗျာဆရာ နိုဘယ်လ် ဆုရှင်တော့ မဟုတ်ပါပေ။  ၁၉၉၃ ခုနှစ် အမေရိကန် စာရေးဆရာမ မောရစ်ဆင်ပြီးလျှင် ဆယ်စုနှစ် နှစ်ခုကျော်အတွင်း အမေရိကန် တစ်ဦး အဆိုပါ နိုဘယ်လ် ဆုကို ရရှိသွားခြင်း ဖြစ်လေသတည်း။ ၎င်း၏ အနုပညာများကို အောက်စ်ဖို့ဒ် တက္ကသိုလ်မှ စာပေ ဘာသာရပ် ကျွမ်းကျင်သူများက လေ့လာခဲ့ပြီး နှစ်ခြိုက်ခဲ့ကြသည်။ 

ဘော့ဒီလန်၏ အမည်ရင်းမှာ ရောဘတ် အလန် ဇင်မာမန်းဟူ၍ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု မင်နီဆိုတာပြည်နယ် ဒူလုမြို့တွင် ၁၉၄၁ ခုနှစ် မေလ ၂၄ ရက်နေ့က မွေးဖွားခဲ့သည်။ ကောလိပ် ကျောင်းသား ဘဝကတည်းက ဘော့ဒီလန် အမည်ကိုခံယူကာ ကျေးလက် သီချင်းများကို စတင်သီဆိုခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ပထမဆုံး စီးရီးထုတ်ခဲ့ပြီး သမိုင်းတစ်လျှောက် သြဇာကြီးသည်ထက် ကြီးလာခဲ့ပါသည်။ အသက်က တဖြည်းဖြည်း ကြီးလာသော်လည်း ရေးစပ် သီကုံးမှုက မရပ်သွားခဲ့။ ၂ဝ၁၆ တွင် Fallen Angels ဆိုသည့် အမည်ဖြင့် ထွက်ထားသေးသည်။ 

စာပေနိုဘယ်လ်ဆု သတင်း ထွက်လာချိန်တွင် ဘော့ဒီလန်သည် လက်စ်ဗီးဂတ်စ်ရှိ ကဇာတ်ရုံ တစ်ရုံတွင် ဖျော်ဖြေနေခဲ့သည်။ နိုဘယ်လ်ဆု ရသည့်သတင်းနှင့် ပတ်သက်ပြီး ဘော့ဒီလန်ကြီးက ဘယ်သတင်း မီဒီယာသမားကိုမှ မှတ်ချက်ပေးခြင်း အလျင်း မရှိပေ။ စာပေ၊ ကဗျာ အနုပညာ သဘောများ၊ အယူအဆများကို ၎င်း၏သီချင်းများတွင် ထည့်သွင်း ရေးစပ် သုံးသပ် တတ်သည်ဟု ဘော့ဒီလန် ကိုယ်တိုင်က ပြောခဲ့ဖူးသည်။ အာသာရင်ဘတ်၊ ပေါဗာလိန်းနှင့် အက်ဇ်ရာပေါင်း စသည့် စာပေသမားများ၏ သြဇာ သက်ရောက်မှု များရှိသည်ဟု ၎င်းက ကိုးကားခဲ့ဖူးသည်။ ၁၉၇၁ ခုနှစ်က Tarantula ဆိုသည့် ကဗျာစာအုပ် ထုတ်ဝေခဲ့ဖူးသည်။ Chronicles: Volume One ဟု အမည် ပေးထားသည့် မှတ်တမ်း စာအုပ်ကိုလည်း ၂ဝဝ၄ က ထုတ်ဝေခဲ့ဖူးသည့် စာပေသမား ဖြစ်သည်။ သီချင်းစာသား ပေါင်းချုပ် စာအုပ်လည်း အောင်မြင်သည့် စာအုပ် တစ်အုပ်ဖြစ်သည်။ 

စာပေ ပညာရှင်များက မစ္စတာဒီလန်၏ သီချင်း စာသားများသည် ကဗျာ ဟုတ် မဟုတ်ကို ငြင်းခုံနေမှုများ ရှိသော်လည်း ဂီတဆိုင်ရာ ပညာရှင်များက သူ့ဂီတကို အံ့သြမှင်တက်စွာ ချီးကျူး သြဘာ ပေးကြသည်။ ၂ဝဝ၆ ခုနှစ်က ထုတ်ဝေသော The Oxford Book of American Poetry အမေရိကန် ကဗျာများတွင် ၎င်း၏ သီချင်းတစ်ပုဒ်ဖြစ်သော Desolation Rowကို ထည့်သွင်း ခဲ့ဖူးသည်။ ကန်းဘရစ်ဂ်ျ တက္ကသိုလ်ကလည်း ၎င်းသီချင်းများ၏ စာပေ သဘောတရားများကို လေ့လာစာတမ်း တစ်ခု ထုတ်ဝေခဲ့ဖူးပြီး စာပေပုံစံ တစ်မျိုးအဖြစ် အသိအမှတ် ပြုခဲ့ရသည်။ အမေရိကန် ကဗျာဆရာကြီး ဘီလီကိုလင်းစ်က မစ္စတာဒီလန်သည် သီချင်းရေးဆရာ သာမက ကဗျာဆရာ အဖြစ်ပါ ခေါ်ထိုက်ကြောင်း အတိအလင်း ပြောကြားခဲ့သည်။ “သီချင်း အတော်များများရဲ့ စာသားတွေဟာ ဂီတသံ မပါရင် ဘာမှ မဟုတ်ပါဘူး။ ဒီလန်ရဲ့ သီချင်းများကတော့ တစ်မူ ထူးပါတယ်”ဟု ပြောကြားခဲ့သည်။ 

နိုဘယ်လ် စာပေဆု ရွေးချယ်ရေး သမိုင်းတွင် ယခုနှစ် တစ်ကြိမ်သာ အားလုံး အံ့အားသင့် သွားစေသည့် ဆုံးဖြတ်ချက် မဟုတ်ခဲ့ပါပေ။ ၁၉၅၃ ခုနှစ်ကလည်း ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီကို စာပေ နိုဘယ်လ်ဆု ပေးခဲ့ဖူးသည်။ ၎င်း၏ နိုင်ငံရေး မိန့်ခွန်းများ၏ ပြောင်မြောက်မှု၊ လူသားဆန်မှုတို့ကို ဂုဏ်ပြုပြီး စာကောင်းပေမွန် စာရင်း သွင်းပေးခဲ့ခြင်း ဖြစ်သည်။ စာပေ လောကတွင် ဝေဖန်သံများ ခြိမ့်ခြိမ့် ညံသွားခဲ့သည်။ ပြီးခဲ့သည့် နှစ်ကလည်း လူအများ အံ့အားသင့် သွားခဲ့သေးသည်။ ဘီလာရုစ် သတင်းစာ ဆရာမ စဗက်လာနာ အလက်စီဗစ်ခ်ျ၏ သတင်းရေးသမားဆန်ဆန် နှုတ်ပြော အင်တာဗျူး သရုပ်ဖော်ချက် စာအုပ်ကို ထိုဆုပေးခဲ့ခြင်းကြောင့်ပါပေ။ “တကယ့် လူသားလို့ ခေါ်နိုင်ဖို့ လူသား တစ်ယောက်ဟာ ဘယ်လောက်အထိ ချီတက်ရဦးမလဲ”ဟု ဘော့ဒီလန်က ၎င်း၏ ကမ္ဘာကျော်သီချင်း တစ်ပုဒ်တွင် မေးခဲ့ဖူးသည်။ နိုဘယ်လ်ဆု ရခြင်းသည် သီချင်းသည် ကဗျာဆရာကြီး၏ လမ်းပေါ်မှ မှတ်တိုင် တစ်ခုသာ ဖြစ်ပါသည်။ ၎င်းကတော့ သွားနေဦးမည်ပင်။

သန့်ဇင်စိုး


  • VIA