News

POST TYPE

ABOUT US

အရှေ့တောင်အာရှ အသက်အငယ်ဆုံးဝန်ကြီး ဆာယိ ဆတ်ဒစ်
03-Nov-2018


သူ့အမည် အပြည့်အစုံက ဆာယိ ဆတ်ဒစ် ဘင်ဆာယိ အဘဒူ ရာမန် (Syed Saddiq bin Syed Abdul Rahman) ဖြစ်သည်။ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် မွေးဖွားသည်ဆိုသဖြင့် ယခုမှ ၂၆ နှစ်ပင် မပြည့်သေး။ သို့သော် သူသည် မလေးရှားနိုင်ငံ၏ နိုင်ငံရေးသမား၊ နိုင်ငံရေးလှုပ်ရှားသူဖြစ်ခဲ့သည်။ ယခုလက်ရှိ မလေးရှားနိုင်ငံ၏ လူငယ်နှင့် အားကစားဝန်ကြီးအဖြစ် တာဝန်ယူထားသည်။ အရှေ့တောင်အာရှတွင် အသက်အငယ်ဆုံးဝန်ကြီး တာဝန်ဖြင့် အစိုးရအဖွဲ့တွင် နေရာရထားသူဖြစ်ပြီး ထင်ရှားထွန်းတောက်လာသည့် လူငယ်တစ်ဦးလည်း ဖြစ်လာခဲ့ရသည်။

ဆာယိသည် မလေးရှားနိုင်ငံ၊ ဂျိုဟာ၊ ဂျိုဟာ ဘာရူ၊ ပုလိုင်းမြို့တွင် မွေးဖွားသည်။ မွေးချင်းလေး ယောက်အနက် အငယ်ဆုံးဖြစ်သည်။ Royal Military College တွင် ပညာသင်ကြားခဲ့သည်။ မလေးရှားနိုင်ငံ IIUM တက္ကသိုလ်မှ ဥပဒေဘွဲ့ရခဲ့သည်။ အာရှ-ဗြိတိန် ပါလီမန်ဒီဘိတ် ချန်ပီယံဘွဲ့ကို သုံးကြိမ်တိုင် ဆွတ်ခူးခဲ့သည့် အာရှ၏ အကောင်းဆုံး စကားပြောကောင်းသူ (Asia’s Best Speaker Award)  ဆုကို ပိုင်ဆိုင်ထားသူလည်းဖြစ်သည်။ 

ကျောင်းသားဘဝက Perdana Fellowship ပညာသင်ဆုကို ရရှိခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် Oxford တက္ကသိုလ်၌ သွားရောက်ပညာသင်ကြားလိုသဖြင့် ပညာတော်သင်ဆုကို ငြင်းပယ်ခဲ့ပြီး အင်္ဂလန်သို့ ရောက်လာသည်။ အင်္ဂလန်မှ ပြန်လာပြီးကတည်းက နိုင်ငံရေးတွင် ဝင်ရောက်လှုပ်ရှားသည်။ အသက် ၂၅ နှစ်အရွယ်တွင် ပါလီမန်အဖွဲ့ဝင်ဖြစ်လာသည်။ နောက်ထပ် ပညာသင်ဆုတစ်ဆုထပ်ရသည်။ Chevening Scholarship ဖြစ်သည်။ Oxford တက္ကသိုလ်တွင် Public Policy ဘာသာရပ်ကို Master ဘွဲ့ဆက်ပြီး ယူနိုင်ခဲ့သည်။ မလေးရှားနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက အစိုးရအဖွဲ့တွင် တာဝန်ပေးအပ်ခြင်း ခံရသူများအနက် အသက်အငယ်ဆုံးဖြစ်သည်။

ဆတ်ဒစ်သည် မနက်တိုင်း ငါးနာရီထိုးသည်နှင့် အိပ်ရာကထသည်။ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်သည်။ စောစောစီးစီး ကျန်းမာရေးလုပ်ခြင်းက တစ်နေ့တာ လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် စိတ်ဖိစီးမှုများကို ပြေပျောက်စေသည်ဟု သူက လက်ခံထားသည်။ ပြေးခြင်း၊ ဒိုက်ထိုးခြင်း၊ ထိုင်ထလုပ်ခြင်းများကို လုပ်ကိုင်ရင်း တစ်နေ့တာကို ရင်ဆိုင်ရန် စတင်လေ့ရှိသည်။ 

ဝန်ကြီး ဆတ်ဒစ်၏ တစ်နေ့တာ လုပ်ငန်းများသည် တစ်ချက်မှ မနားရအောင်ဖြစ်သည်။ သူသည် တနင်္လာနေ့မှ သောကြာနေ့အထိ အနားမနေ အလုပ်လုပ်သည်။ မိန့်ခွန်းတွေလိုက်ပြောသည်။ အားကစားပွဲတွေကို လိုက်တက်သည်။ အစိုးရနှင့်သက်ဆိုင်သော အစည်းအဝေးတွေတက်သည်။ အားကစားလေ့ကျင့်ရုံများကို လိုက်လံစစ်ဆေးလေ့ရှိသည်။ သောကြာနေ့ ညဆိုလျှင် နာမည်ကျော် စားသောက်ဆိုင်တွေကို သွားတတ်သည်။ 

အသက်ကငယ်ငယ် ဝန်ကြီးတာဝန်ယူထားသူ ဆတ်ဒစ်သည် အလွန်အလုပ်များသူဖြစ်သည်။ အစိုးရအဖွဲ့ အစည်းအဝေး မတက်ရလျှင်လည်း သူ့ရုံးခန်းထဲတွင် လူစည်သည်။ မမျှော်လင့်ဘဲ ရောက်လာသည့် ဧည့်သည်တိုင်းကို လက်ခံတွေ့ဆုံသည်။ သူနှင့်လာပြီး ဆယ်ဖီဆွဲသူတွေကိုလည်း အခွင့်ပေးသည်။ ထို့ပြင် သူ့ထံက အကူအညီလာတောင်းပြီး၊ အကြံဉာဏ် လာယူသူတွေကိုလည်း လေးစားစွာဖြင့် စကားလက်ခံ ပြောဆိုလေ့ရှိသည်။ အထပ် ၁၇ ထပ်ရှိ သူ့ရုံးခန်းသည် စာအုပ်များ၊ ဂုဏ်ပြုချိတ်ဆွဲထားသည့် ဘောလုံးသမားဝတ်စုံများ၊ ဗီဒီယိုဂိမ်း (PlayStation 4) ကစားစရာတွေနှင့် ပြည့်နေသည်။ သူ့ရုံးခန်းသည် ဝန်ကြီး ရုံးခန်းနှင့်မတူ။ လူပျိုခန်းနှင့် ပိုတူနေသည်။ 

သူက အလုပ်များဖိစီးနေခြင်းအပေါ် အကောင်းမြင်၊ အကောင်းတွေးတတ်သည်။ အရွယ်နှင့်မမျှ စကားလည်း ပြောဆိုဆက်ဆံတတ်သည်။ 

“ပြည်သူ့ဝန်ထမ်းဘဝနဲ့ ပြည်သူ့တာဝန်ကို ထမ်းနေတာပဲဗျာ။ ပြည်သူ့ဝန်ထမ်းဆိုတာ ခွဲခြားဆက်ဆံလို့ မရဘူး။ ကျွန်တော့်ကို ယုံကြည်လို့ ကျွန်တော့်နယ်က ပြည်သူတွေက တာဝန်ပေးထားတယ်။ ဒါကြောင့် ပြည်သူတွေအားလုံး အဆင်ပြေချောမွေ့စေရေးအတွက် ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ယူဆတယ်။ ဒီတာဝန်ဆိုတာကြီးက ကျွန်တော့်အပေါ် အရမ်းဖိစီးတယ်။ ကျွန်တော်ကတော့ ဘာဖြစ်ဖြစ်အားလုံးကို ကောင်းအောင် လုပ်ပေးချင်တယ်”ဟု ဆိုသည်။ ယင်းသည်ပင် သူ၏စိတ်ထားကောင်းလေး တစ်ခုဖြစ်နေသည်။

လူကလည်း လူငယ်၊ ချောကလည်းချောသဖြင့် ဆတ်ဒစ်သည် မလေးရှား အမျိုးသမီးများကြားတွင် အထူးရေပန်းစားနေသည့် လူငယ်လေးတစ်ဦးဖြစ်သည်။ သူ့အကြောင်း အကောင်းပြောသူတွေရှိသလို၊ မကောင်းပြောသူတွေလည်းရှိသည်။ သို့သော် သူက ပညာတတ်လူငယ်တစ်ဦးပီပီ ပြုံးပြုံးလေးနှင့် ကြံ့ကြံ့ခံ ရင်ဆိုင်တတ်သည်။ 

သူက နိုင်ငံရေးကို စိတ်ဝင်စားသော်လည်း နိုင်ငံရေးက သူ့ဘဝမဟုတ်ဟု ပြောလေ့ရှိသည်။ သူ့အတွက် နိုင်ငံရေးလောကတွင် ရေရှည်မရပ်တည်ကြောင်းလည်း ပြောသည်။ သူက ပညာရေးကို စိတ်ဝင်စားသည်။ အထူးသဖြင့် သူသင်ကြားခဲ့သော ပြည်သူ့ရေးရာပေါ်လစီ သဘောတရားများကို သင်ကြားပို့ချပေးချင်သည်ဟု ဆိုသည်။

“ကျွန်တော်က စာသင်တာကို သဘောကျတယ်။ နိုင်ငံရေးလောကကို မဝင်မီက စာသင်တဲ့ အလုပ်ကို ဝင်လုပ်လိုက်သေးတယ်။ ကျွန်တော့်အမေက ဆရာမဆိုတော့ အမေ့သွေးတွေ ကျွန်တော့်ထဲမှာ ရှိနေတယ်။ ကျွန်တော် နိုင်ငံရေး စကားစစ်ထိုးပွဲကို ဝင်ပြောခဲ့ရတာကလည်း ကျွန်တော့်သူငယ်ချင်းတွေက နိုင်ငံရေးစကားပြောဖို့ အခက်အခဲတွေ ဖြစ်နေလို့ ဝင်ပြောဖြစ်သွားတာ”ဟု နိုင်ငံရေးကို သူစတင် စိတ်ဝင်စားပြီး လှုပ်ရှားခဲ့ရပုံအား ပြောပြသည်။ 

သူက နိုင်ငံရေးလောက မဝင်မီ ကျောင်းသားဘဝ အတွေ့အကြုံလေးတွေကို ပြောပြသည်ကလည်း လူငယ်များ အတုယူသင့်သည်။

“လွန်ခဲ့တဲ့ ၅ နှစ်လောက်ကဆိုရင် ကျွန်တော့်ဘဝဟာ ခုအနေအထားနဲ့ ဘာမှမဆိုင်ဘူး။ ကျွန်တော် အင်္ဂလိပ် စကားပြောနိုင်တယ်ဆိုပေမယ့် ကျွန်တော့် အင်္ဂလိပ်စကားက မကောင်းပါဘူး။ အင်္ဂလိပ်စာမှာလည်း အမှတ်ကောင်းကောင်းနဲ့ ထူးထူးချွန်ချွန် မဖြစ်ခဲ့ဘူး။ ကျွန်တော့် ဗဟုသုတကလည်း တော်တော်ညံ့တယ်။ အာဖရိကကို နိုင်ငံထင်ပြီး၊ အီဂျစ်ကို တိုက်ထင်နေတဲ့ အဆင့်လောက်ပဲရှိတယ်”ဟု သူ၏ ကျောင်းသားဘဝ အတွေ့အကြုံကို ပွင့်လင်းစွာ ပြောပြသည်။ 

သူ့မိခင်သည် ကျောင်းဆရာမတစ်ဦးဖြစ်သည်။ သို့သော် သူက မိခင်၏ ရင်အုပ်မကွာ လိုက်လံစောင့်ရှောက် ထိန်းသိမ်းနေသည့်အဖြစ်မျိုး မရောက်အောင်နေသည်။ သူ့မိခင်၏ ဖြစ်ချင်လွန်းအားကြီးစိတ်များကိုတော့ သူရင်ဆိုင်ခဲ့ရသည်။ 

သူသည် အတိတ်အကြောင်း သိပ်ပြီးပြန်မပြောချင်ဟု ဆိုသည်။ သူကိုယ်တိုင် တစ်ချိန်က ဘာသာရေးဆိုင်ရာ အယူအစွဲ ပြင်းထန်သလို လူမျိုးရေးခွဲခြားလို စိတ်တွေရှိခဲ့သည်ဟု ဆိုသည်။ ဝတ်မပြုလျှင်ပင် အပြစ်တစ်ခုအဖြစ် ယူဆခဲ့သည့် ဘာသာရေးအပေါ် သက်ဝင်ယုံကြည်သူ တစ်ဦးဖြစ်ခဲ့သည်ဟုလည်း ပြောပြသည်။ သို့သော် ယခုတော့ ဝန်ကြီးတာဝန်ယူထားရသဖြင့် အစစအရာရာ မျှမျှတတဖြစ်အောင် ကြိုးစားတည်ဆောက်နေကြောင်း သူက ဆိုသည်။

သူသည် စစ်ကျောင်းတက်ခဲ့သူဖြစ်သည်။ သို့သော် မလေးရှားကို စစ်တပ်လက်အောက်ကို ဘယ်တော့မှ မရောက်စေရဆိုသည့် သဘောမျိုးကို လက်ခံထားသည့် လူငယ်တစ်ယောက်ဖြစ်သည်။ သူက ဥပဒေနှင့်လည်း မပြတ်အောင် ဖတ်မှတ်နေရသည်ဟု ဆိုသည်။ 

“ကျွန်တော် နိုင်ငံရေးထဲရောက်လာတာ ကံကောင်းထောက်မပြီး ရောက်လာတာ။ နိုင်ငံရေးဆိုတာ အရာရာရဲ့ ဗဟိုဖြစ်နေတယ်ဆိုတာ နောက်မှသိလာတာ။ နိုင်ငံရေးက အားလုံးကို ပြောင်းလဲလိုက်နိုင်တယ်။ ကျွန်တော့်အနေနဲ့ ကိုယ့်နိုင်ငံကို ပြုပြင်ပြောင်းလဲချင်တယ်ဆိုရင် ကိုယ်တိုင်က နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားမှ ဖြစ်မယ်ဆိုတာ ကောင်းကောင်း သိလာတယ်။ ဒါက ကျွန်တော့်ကို ဒီဘဝရောက်လာအောင် တွန်းပို့လိုက်တဲ့ အချက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံရေးမှာ ကျွန်တော်ကြိုးစားပြီး လေ့လာခဲ့တာ ဖြစ်ပါတယ်”ဟု သူက ဆိုသည်။

ဆတ်ဒစ်သည် သူ့မိခင်ကို အလွန်လေးစားသူဖြစ်သည်။ သူက သူ့ဘဝကို ရှေ့ဆုံးက မားမားမတ်မတ်ရပ်ပြီး အကာအကွယ် တံတိုင်းကြီးသဖွယ် ကြံ့ကြံ့ခံပေးခဲ့သူမှာ သူ့မိခင်ဖြစ်ကြောင်း ပြောပြသည်။ 

“ကျွန်တော့်အမေက ကျွန်တော့်ကို အမြဲဆုံးမတယ်။ မင်းမဟာသီယာ (ဝန်ကြီးချုပ်) ကို နောက်ခံ ရပ်ပေးနေတဲ့သူ မဖြစ်စေနဲ့တဲ့။ ကျွန်တော် အန်နဝါ အီဘရာဟင်ကို ထောက်ခံနေတဲ့သူလည်း မဟုတ်ဘူး။ ရာဖီဇီ ရမ်လီကို ထောက်ခံနေတဲ့သူလည်း မဟုတ်ဘူး။ ကျွန်တော့်အမေပြောတဲ့အတိုင်းပဲ ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ ရပ်တည်နေနိုင်အောင် ကြိုးစားတယ်” 

သူသည် ဒီမိုကရေစီကို မလေးရှားနိုင်ငံတွင် ထွန်းကားအောင် လုပ်ဆောင်နေသည်။ ထို့ကြောင့် Save Malaysia ဆိုသည့် လှုပ်ရှားမှုတွင် ပါဝင်နေသည်။ ထို့ကြောင့် သူ့လှုပ်ရှားမှု မှန်သမျှသည် မဟာသီယာအတွက် မဟုတ်။ မလေးရှား နိုင်ငံသားများအတွက်သာဖြစ်သည်ဟု ခံယူထားသည်။ လူငယ်ပီပီ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ချစ်စိတ်ဖြင့် မလေးရှားကို ကယ်တင်သွားနိုင်မည်ဟု သူက ရိုးသားစွာယုံကြည်ထားသည်။ 

ဆတ်ဒစ်သည် မလေးရှားနိုင်ငံ အစိုးရအဖွဲ့ဝင် လူငယ်နှင့် အားကစားဝန်ကြီးတစ်ဦးဖြစ်သည်။ အသက် ၂၅ နှစ် ကျော်သာရှိသေးပြီး အရှေ့တောင်အာရှတွင် အသက်အငယ်ဆုံး ဝန်ကြီးတစ်ဦးဖြစ်သည်။ သူသည် အိမ်ထောင်မရှိ၊ လူပျိုဖြစ်သည်။ သူ့ဆောင်ပုဒ်က “လိုလျှင်ကြံဆ၊ နည်းလမ်းရ” ဖြစ်သည်။ ထိုဆောင်ပုဒ်ကို စွဲကိုင်ပြီး အမြဲကြိုးစားသည်။ သူသည် Superman ကို ကြိုက်သည်။ ကြောင်ချစ်သည်။ လက်ရှိ တရုတ် ဘာသာစကားကို ဆက်လက်သင်ကြားနေသည်။ လူမျိုးစုံလှသည့် သူ့နိုင်ငံနှင့် လိုက်လျောညီထွေ ရှိရန်အပြင် နိုင်ငံတကာဆက်ဆံရေးအတွက် လိုအပ်ချက်ကြောင့်ဟု ဆိုသည်။

ဗီဒီယိုဂိမ်းတွင်လည်း DOTA ကို ကြိုက်သည်။ ခရီးထွက်ရခြင်းကိုနှစ်သက်ပြီး အပတ်တိုင်း ပြည်သူလူထုထဲတွင် စကားပြောနည်း သင်တန်းများကို လူငယ်များအား သင်ကြားပေးလျက်ရှိသည်။ သူ့ဘဝက ဒီဘိတ် စကား စစ်ထိုးပွဲများနှင့် နာမည်ရလာသူဖြစ်သည်။ လူငယ်များကို စကားပြောကောင်းသည့် နိုင်ငံရေးကောင်းများဖြင့် လေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်သည်။ 

မိခင်ကိုချစ်သည့် သားတစ်ဦးဖြစ်သည့်အတိုင်း အိမ်တွင် ကူညီလုပ်ကိုင်ပေးရင်း အစားအသောက်လည်း ကောင်းကောင်းချက်တတ်သည်။ ဟင်းအမျိုးပေါင်း ၁၀၀ လောက်ချက်ပြုတ်တတ်သည်။ သို့သော် သူဝါသနာ အပါဆုံးမှာ Debate ခေါ် စကားစစ်ထိုးခြင်းဖြစ်သည်။ 

၂၁၀၅ ခုနှစ် အောက်တိုဘာလက ကျင်းပသည့် Asian British Parliamentary ပြိုင်ပွဲတွင် သူသည် Asia’s Best Debater ဆိုသည့် အကောင်းဆုံးဆုကို လက်ခံရရှိခဲ့သည်။ World Universities Debate Championship တွင်လည်း အင်္ဂလိပ်စကားဖြင့် ပြောရသည့် English as a Second Language (ESL) စကားစစ်ထိုးသူဆုကို ကမ္ဘာ့မှတ်တမ်းဝင်လောက်အောင် အမှတ်အများဆုံးရပြီး ဆုရခဲ့သည်။ ၂၀၁၂-၂၀၁၄ ကင်းဘရစ်ချ်နှင့် အောက်စ်ဖို့ဒ် စကားစစ်ထိုး ပြိုင်ပွဲတွင်လည်း သူသည် စကားပြောအကောင်းဆုံး ဆုကိုရရှိခဲ့သူဖြစ်သည်။

အကောင်းဆုံး၊ အတော်ဆုံးဘဝတစ်ခုကို ပိုင်ဆိုင်ရန်ဆိုသည်မှာ ထိုင်ပြီးစိတ်ကူးယဉ်နေရုံဖြင့် မရနိုင်ပါ။ ဆတ်ဒစ်ကို အတူယူစေချင်ပါသည်။ အင်္ဂလိပ်လို ပြောဆိုနိုင်အောင် ကြိုးစားရင်းက သူ့ဘဝသည် ဝန်ကြီးဘဝအထိ လမ်းပွင့်သွားခဲ့ရကြောင်း သိစေချင်ပါသည်။

E-01

(Ref: Malay Mail, The Economic Times, South China Morning Post, TEDX Youth, The Coverage) 





  • VIA