News

POST TYPE

ABOUT US

ဒီယွန်တော်လော်ဂျီသီအိုရီ
13-Oct-2018
Deontological Theory ကို ဆိုလိုခြင်းဖြစ်ပါသည်။ Deontology ဆိုသည်မှာ Deont ဆိုသည့် စကားမှ ဆင်းသက်လာသည်။ ဂရိများက Dei ဆို သည့် ပုဒ်ရင်းအတိုင်း အသုံးပြုကြသည်။ အဓိပ္ပာယ်မှာ “အမှန်တရား” ဆိုသည့်သဘောဖြင့် သုံးစွဲခဲ့ကြကြောင်း တွေ့ရသည်။ 

ဒီယွန်တော်လော်ဂျီသမားများက 

“လူသားတို့၏ အပြုအမူများကို လမ်းညွှန်ရန်လိုသည်။ လူသားကို ကိုယ်ကျင့်တရားများဖြင့် ထိန်းကျောင်းလမ်းညွှန်နိုင်ရမည်။ ထိုကိုယ်ကျင့်တရားဆိုသည်မှာ အားလုံးကလက်ခံနိုင်သည့် ကိုယ်ကျင့်တရားစံအတိုင်း ဖြစ်ရမည်။ အကြွင်းမဲ့ အမှန်တရား၊ ပကတိအမှန်တရား ဖြစ်ရမည်”ဟု ဆိုခဲ့ကြသည်။ ယင်းသည်ပင် Deontological Theory ဖြစ်သည်။

ဒီယွန်ဝါဒီများသည် တာဝန်ဆိုသည်ကို လေးစားသည်။ ပကတိအမှန်တရားကို လေးစားသည်။ အမှန် အတိုင်းသတ်မှတ်ချက်များမရှိဘဲနှင့် မည်သည့်လုပ်ငန်းမှ လုပ်ဆောင် အောင်မြင်မည်မဟုတ်ကြောင်း ဒီယွန်များက လက်ခံထားကြသည်။

ဒီယွန်များသည် အလုပ်တစ်ခုကို စူးစိုက်ပြီး လုပ်ဆောင်တတ်သူများဖြစ်သည်။ သူတို့စွဲကိုင်ထားသည့် ကိုယ်ကျင့်တရားစံများအတိုင်း ပေးအပ်လာသည့်တာဝန်ကို မဆုတ်မနစ် အပြစ်ပြောစရာ တစ်ချက်မှ မရှိအောင် လုပ်ဆောင်နိုင်သူများလည်းဖြစ်သည်။ သူတို့သည် သူတို့ ပြုမူလုပ်ဆောင်ချက်တိုင်း၏ အကျိုးဆက်အပေါ် တာဝန်ယူ တာဝန်ခံရဲသူများ လည်း ဖြစ်ပြီး၊ သူတို့လုပ်သမျှ မှန်ကန်သည်ဟုလည်း ယူဆကြသူများဖြစ်သည်။

ဒီယွန်တော်လော်ဂျီသည် အတွေးအခေါ်ပညာရှင်ကြီး အီမန်နျူရယ်ကန့်၏ ကိုယ်ကျင့်တရားဆိုင်ရာ သဘောတရားများမှ ဆင်းသက်ပေါက်ဖွားလာခြင်း ဖြစ်သည်။ ကန့်က ကိုယ်ကျင့်တရားအားလုံးသည် ဆင်ခြင်တုံတရား၊ နှိုင်းဆချင့်ချိန်တတ်သော အပြုအမူများတွင် အခြေခံရမည်ဟုဆိုထားသည်။ ကန့်က ကိုယ်ကျရာတာဝန် (အလုပ်) အပေါ် သစ္စာရှိခြင်း၊ ကျေပွန်အောင်ဆောင်ရွက်ခြင်းကို အဓိကထားသည်။ 

တာဝန်ကို အပ်နှင်းထားခြင်း ခံရသူတစ်ယောက်သည် ပျော်ရွှင်မှု သို့မဟုတ် စိတ်ကြည်နူးမှုများအပေါ် မေ့ထားနိုင်ရမည်။ အလုပ်တွင်သာ စိတ်ထားပြီး အခြားမည်သည့်ခံစားချက်မျိုးကိုမှ တာဝန်တွင် ရောစွက်ခြင်းကို သူက သဘောမတူပေ။ လူသားဆိုပြီး ဖြစ်တည်နေသောကြောင့် တာဝန်ကို ရှောင်လွှဲမရနိုင်။ ပေးအပ်သည့်တာဝန် သို့မဟုတ် ယူထားသည့် တာဝန်မှန်သမျှကို စိတ်ထားမှန်၊ အလုပ်မှန်ဖြင့် ဆောင်ရွက်ရန်သာရှိသည်။ ယင်းသည်ပင် လူ့တာဝန်ဟု သူကဆိုသည်။

ကန့်၏ အလုပ်ဆိုင်ရာ ကိုယ်ကျင့်တရားစံများကိုကြည့်လျှင်

၁။ ကိုယ်ကျင့်တရားဆိုင်ရာစံများသည် ကမ္ဘာလောကကြီးကို အထောက်အကူပြုနေသည်

လောကနိယာမတရားဟူ၍လည်း ခေါ်ရမည်ထင်သည်။ လူသားသည် ဘာလုပ်လုပ်အမှားနှင့် အမှန်ကို ခွဲခြားသိမြင်နိုင်စွမ်းရှိရမည်။ ယင်းသည် အခြေခံစံဖြစ်သည်။ လူသားတို့ လိုက်နာအပ်သည့် စံအတိုင်း လိုက်နာကျင့်ကြံ ပြုမူနေထိုင်ခြင်းသည် ကမ္ဘာလောကကြီးနှင့် သဟဇာတဖြစ်အောင် နေထိုင်ခြင်းဖြစ်သည်။ ကိုယ်လုပ်ဆောင်လိုက်သမျှသည် မှတ်ကျောက်အတင်ခံနိုင်ရမည်။ အများလက်ခံနိုင်သည့်အပြုအမူ၊ အပြောအဆို၊ အလုပ်အကိုင်မျိုး ဖြစ်ရမည်။ ယင်းသို့မှတ်ကျောက်အတင်မခံနိုင်ဆိုလျှင် လောကနိယာမကို ရှောင်ဖယ်ခြင်းပင် ဖြစ်သည်။ 

၂။ ကိုယ်မကြိုက်သည့်အတိုင်း သူ့ကိုမပြုမိစေရန် အရေးကြီးသည်

ကိုယ်ကြိုက်သည်ကို သူကြိုက်ချင်မှ ကြိုက်မည်။ သူရော ကိုယ့်မှာပါ နည်းလမ်းတွေ ရှိနိုင်သည်။ ကိုယ့်နည်းလမ်းကသာ ပန်းတိုင်ရောက်မည်ဟု တရားသေမှတ်ထားရန် မဖြစ်နိုင်ပေ။ သူလည်းလူ၊ ငါလည်းလူ၊ သူလည်း လုပ်နိုင်သည်၊ ငါလည်း လုပ်နိုင်သည်၊ ငါကြိုက်သည့်အတိုင်း သူကြိုက်ချင်မှ ကြိုက်မည်၊ ငါ့နည်းလမ်းက ဟုတ်ချင်မှလည်း ဟုတ်နိုင်သည်ဆိုခြင်းမှာ လူပီသသောစိတ်ထားထားခြင်း ဖြစ်သည်။ လူတိုင်း မိမိသဘောဖြင့် လုပ်ပိုင်ခွင့်ရှိ သည်ကို လေးစားရမည်။ ကိုယ်လုပ်သည်မှာ ကိုယ့်နည်းဖြစ်ပြီး ကိုယ်တိုင် တာဝန်ယူရမည်သာဖြစ်သည်။

အရေးကြီးသည်မှာ ကိုယ်မကြိုက်သည်ကို သူ့ကိုမခိုင်းမိစေရန်ဖြစ်သည်။ ကိုယ်တိုင်က ထိုနည်းကိုမကြိုက်၊ ထိုနည်းဖြင့် အောင်မြင်မည်ဟုလည်း မယူဆ။ ယင်းကို အခြားသူအား လုပ်ဆောင်စေရန် လွှဲပေးခြင်းမျိုးကို ရှောင်ကြဉ်သင့်သည်။

၃။ ကိုယ်ကျင့်တရားဆိုသည်မှာ ယုတ္တိနည်းကျ နှိုင်းယှဉ်ဆုံးဖြတ်မှုအပေါ်တည်သည်

လူသည် ယုတ္တိနည်းကျ စဉ်းစား၊ ဆင်ခြင်၊ တွေးခေါ်၊ နှိုင်းဆ နိုင်စွမ်းရှိသူဖြစ်ရန်လိုသည်။ ယုတ္တိနည်းကျကျဖြင့် နှိုင်းဆတွေးခေါ် လုပ်ဆောင်နိုင် သူသည်သာလျှင် အကောင်းဆုံးကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ 

ဒီယွန်များသည် အကောင်းအဆိုးကို နှိုင်းဆပြီးမှ လုပ်ဆောင်တတ်သူများဖြစ်သည်။ သူတို့သည် သူတို့အလုပ်မှန်သမျှကို ယုတ္တိနည်းကျကျ ဝေဖန်ဆန်းစစ်ပြီး လုပ်တတ်သည်။ ကိုယ်ကျင့်တရားရှိသူသည် လိမ်လည်ခြင်းကို အမှားဟု ရှုမြင်တတ်သူဖြစ်ကြောင်း ကန့်ကညွှန်ပြသည်။ အမှားအမှန်ခွဲခြား ဆုံးဖြတ်နိုင်စွမ်းက အရေးကြီးသည်။ ကိုယ်လည်း မမှား၊ သူများမှားလျှင်လည်း ဖော်ထုတ်ရဲသူမျိုးသည် အလုပ်တိုင်းတွင် လိုအပ်သည်။ ထိုသို့ ပြောရဲ၊ ဆိုရဲ၊ လုပ်ရဲမှုသည် အမှန်တရားကို ခံယူနိုင်စွမ်းနှင့်လည်းဆိုင်သည်။

လုပ်ငန်းခွင်ဆိုင်ရာ ကိုယ်ကျင့်တရားများနှင့် ပတ်သက်ပြီး ကန့်တင်ပြခဲ့သည့် Deontological Theory များသည် စဉ်းစားစရာဖြစ်ပါသည်။ လုပ်ငန်းခွင်တွင် အလုပ်သမားတစ်ဦးသည် ဒီယွန်သမားတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ကြည့်လိုက်ပြီး အောင်မြင်တိုးတက်အောင် လုပ်ဆောင်နိုင်သည်။ ကိုယ်တိုင်က အမှန်တရားကို လက်ခံပြီး၊ မှန်တာကို လုပ်ရဲ၊ ကိုင်ရဲ၊ ပြောရဲ၊ ဆိုရဲဖို့တော့လိုသည်။

E-01

(Ref: Deontological Theory, Ethics In Workplace)


  • VIA