News

POST TYPE

ABOUT US

ရုပ်ရှင်ရုံများတွင် နိုင်ငံတော်အလံ အလေးပြုခြင်းကို ပြည်သူများ လေးစားလိုက်နာရန် အသိပညာပေးမည်
03-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၂

ရုပ်ရှင်ရုံများတွင် နိုင်ငံတော်အလံ မတ်တတ်ရပ်အလေးပြုခြင်းကို ပြည်သူများ လေးစားလိုက်နာရန် အသိပညာပေး နည်းလမ်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ကရင်လူမျိုး တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဒာမျိုးက ပြောကြားသည်။

တောင်ဥက္ကလာပမြို့နယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်၏ ရုပ်ရှင်ရုံများအတွင်းတွင် “မြန်မာနိုင်ငံအလံ အလေးပြုခြင်းအစီအစဉ်တွင် မတ်တတ်ရပ်၍ အလေးပြုကြရန် ရုပ်ရှင်ရုံမှ စာဖြင့်ပြသထားပါသော်လည်း ဂရုမစိုက်၊ အလေးမထားဘဲ ထိုင်နေသူအချို့အား နိုင်ငံတော်အလံဥပဒေအရ စည်းကမ်းချက် လိုက်နာဆောင်ရွက်စေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ” မေးခွန်းနှင့်ပတ်သက်၍ အထက်ပါအတိုင်း ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။

ရုပ်ရှင်ကော်ပိုရေးရှင်းအမည်ဖြင့် ဆောင်ရွက်စဉ် မြန်မာနိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံအားလုံး၌ ရုပ်ရှင်မပြသမီ နိုင်ငံတော်အလံအား အလေးပြုရန်၊ နိုင်ငံတော်အလံနှင့် နိုင်ငံတော်သီချင်းအား ပြသရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ၎င်းဝန်ကြီးက ဆိုသည်။

သို့သော် ယခုအခါတွင် ရုပ်ရှင်မပြသမီ နိုင်ငံတော်အလံပြသည့်အခါ မတ်တတ်ရပ် အလေးမပြုကြသူများရှိသည်ကို တွေ့ရှိရခြင်းကြောင့် ယခင်မြန်မာ့ရုပ်ရှင်လုပ်ငန်း၏ ညွှန်ကြားချက်အတိုင်း ရုံးခွဲများနှင့် လုပ်ငန်းစုရုံးများသို့ ရုပ်ရှင်ရုံများအနေနှင့်လည်း နိုင်ငံတော်အလံမပြသမီ နိုင်ငံတော်အလံကို အလေးပြုရန် မေတ္တာရပ်ခံပါသည်ဟူသော အသိပေးစာတန်း ထိုးပြသသည့်အပြင် ဌာနအနေဖြင့်လည်း နိုင်ငံတော်အလံကို တစ်ပြေးညီဖြစ်စေရန် စီစဉ်ရိုက်ကူး၍ Digital ရုပ်ရှင်ရုံများတွင် ပြသရန် အခမဲ့ဖြန့်ဝေပေးနေကြောင်း ဒေါ်နော်ပန်းသဉ္ဒာမျိုးက ဆိုသည်။

“နိုင်ငံတော်အလံကို ပြည်တွင်း ရုပ်ရှင်ဇာတ်ကားလောက် မတ်တတ်ရပ် အလေးမပြုတာထက် နှစ်စဉ်လုပ်နေတဲ့ ဥရောပရုပ်ရှင်ပွဲမျိုးလိုနေရာမှာတောင် တွေ့ဖူးတယ်။ အဓိက နိုင်ငံက ဆင်းရဲတာ၊ ချမ်းသာတာထက် ကိုယ့်နိုင်ငံရဲ့ အလံကို လေးစားမှ အခြားနိုင်ငံသားတွေလည်း လေးစားပါ။ အစိုးရလည်း ပညာပေးမှု အများကြီးလိုအပ်ပါတယ်”ဟု ဇာတ်လမ်းတို ရုပ်ရှင်ရိုက်ကူးရေး မကြယ်စင်သစ်က ဆိုသည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီ၏ ၂၁.၁၀.၂၀၁၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော် အလံဥပဒေ အခန်း (၄) ပုဒ်မ ၁၃၊ ပုဒ်မ ခွဲ (ခ)၊ ပုဒ်မခွဲငယ် ၃ ၌ နိုင်ငံတော်အလံကို မလေးမစားပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်အထက်ပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။ 

J-17



  • VIA