News

POST TYPE

ABOUT US

လမ်းဘေးမှာ ကုန်စိမ်းရောင်းပြီး ဆေးရုံဆောက်တဲ့ အမျိုးသမီးကြီး
30-Sep-2018


ဆူဟာစီနီမစ်စ်ထရီ အသက် ၂၃ နှစ်အရွယ်တွင် မုဆိုးမဖြစ်သွားပြီးနောက် သူမတို့ ရပ်ရွာအတွင်းရှိ ဆင်းရဲနွမ်းပါးသူများကို ကူညီမှဖြစ်တော့မည်ဟု စိတ်ထဲတေးမှတ်ထားလိုက်သည်။ သူမသည် လမ်းဘေးတွင် ကုန်စိမ်းရောင်းသူဖြစ်သည်။ သို့ပါသော် အဆိုပါ ကုန်စိမ်းရောင်းသည့် ပိုက်ဆံများကို ခြစ်ကုတ်စုဆောင်းပြီး ဆေးရုံတစ်ရုံတည်ဆောက်ခဲ့ပါသည်။ 

ဟန်စပူကူရ်သည် အိန္ဒိယနိုင်ငံ အနောက်ဘင် ဂေါပြည်နယ်တွင် နာမည်ကြီးသော ရွာကလေးဖြစ်နေသည်။ အဘယ့်ကြောင့် နာမည်ကြီးရသနည်းဟုဆိုသော် ဆူဟာစီနီခေါ် မိမိကိုယ်ကို နှိမ့်ချဆက်ဆံတတ်သော အမျိုးသမီးကြီးတစ်ဦးကြောင့်ဟု ဆိုရပေမည်။ သူမသည် အလွန်ဆင်းရဲသော မိသားစုမှလာခဲ့သူဖြစ်ပြီး အသက် ၁၂ နှစ်အရွယ်တွင် အိမ်ထောင်ချပေးခြင်း ခံခဲ့ရပါသည်။ ဆူဟာစီနီ၏ ခင်ပွန်းသည် သူမ အသက် ၂၃ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ရခြင်း အကြောင်းမှာကား ဆင်းရဲလွန်းသောကြောင့် ဆေးဝါးကုသဖို့ မတတ်နိုင်သောကြောင့် ဖြစ်ပါပေ၏။ 

ခင်ပွန်းသည် ကွယ်လွန်သွားပြီးသောအခါ ဆူဟာစီနီသည် အိမ်ပေါင်းများစွာတွင် နေအိမ်အကူအဖြစ် အလုပ်လုပ်ခဲ့သည်။ နည်းပါးလှသော သူမ၏ ဝင်ငွေများထဲမှ ပဲနိတစ်ပြားလောက်ကိုတောင်မှ မဖြုန်းတီးခဲ့ဘဲ စုနိုင်သမျှ စုခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူမတွင် အိပ်မက်တစ်ခုရှိပါသည်။ ခင်ပွန်းသည် ကွယ်လွန်သွားပြီးကတည်းက သူမ ဆုံးဖြတ်လိုက်တာက “ဘယ်လူဆင်းရဲကိုမဆို ဒီလိုမျိုး မသေဆုံးစေရဘူး။ တစ်ခုခုလုပ်မယ်” ဆိုတာပဲဖြစ်သည်။ အဆိုပါ တစ်ခုခုလုပ်မည်ဆိုသည့် အစီအစဉ်က တကယ်တမ်းတော့ ဆေးရုံကြီးတစ်ခုဖြစ်လာခြင်းပင်။ အိမ်အကူတစ်ယောက်လုပ်ရင်း၊ ဟင်းသီးဟင်းရွက် လမ်းဘေးရောင်းရင်း ငွေစုခဲ့ခြင်းဖြစ်ပါသည်။ မနက်ဖြန်ဆိုရင်ပဲ သေတော့မယ့်ပုံစံမျိုးဖြင့် ကြိုးစားပန်းစား အလုပ်လုပ်ရင်း ငွေစုလာခဲ့ခြင်းဖြစ်ပါသည်။ 

ခင်ပွန်းသည် ကွယ်လွန်သွားပြီးနောက်တွင် ဆူဟာစီနီသည် နေ့စဉ်ဝင်ငွေ နည်းနည်းလေးသာ ရတော့သည်။ (ဒေါ်လာနှင့်တွက်လျှင် ဆင့်အနည်းငယ်သာရှိမည်) နေစရာအတွက် နည်းနည်းသုံးသည်။ စားစရာအတွက် နည်းနည်းသုံးသည်။ ကျန်တာ အားလုံးကို သူမ၏ အိပ်မက်အတွက် စုဆောင်းပါသည်။ အိမ်အကူလိုက်လုပ်နေရာက စုဆောင်းထား သမျှနှင့် ကုန်စိမ်းဝင်ရောင်းရာ ဝင်ငွေအနည်းငယ်တက်လာသည်။ ဝင်ငွေတက်လာသော်လည်း စားသောက်နေထိုင်မှုကို အရင်အတိုင်းခြိုးခြံသည်။ အမြတ်များကို စုဆောင်းနေခဲ့သည်။ နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်းကြိုးကြိုးစားစား အလုပ်လုပ်ပြီးနောက် ဆူဟာစီနီသည် ရူပီးတစ်သိန်း စုမိလေပြီ။ ဟန်စပူကူရ်ရွာတွင် မြေတစ်ဧက စဝယ်ပါသည်။ ထိုနေရာတွင် ဆင်းရဲသားတို့အတွက် ဆေးရုံဆောက်မည်ဟု ရည်မှန်းထားသည်။ 

မြေဝယ်နိုင်သည့်အချိန်မှာ သူမ၏ အကြီးဆုံးသားလေး အဂျွိုင်းကောလိပ်မှ ကျောင်းပြီးချိန်ဖြစ်သည်။ သားကို မိဘမဲ့ဂေဟာတစ်ခု၏ အကူအညီဖြင့် ကျောင်းထားခဲ့ရခြင်း ဖြစ်သည်။ အဂျွိုင်းသည် မိခင်၏ အိပ်မက်အတိုင်း ဆရာဝန်ဖြစ်အောင် ဆက်ကြိုးစားခဲ့သည်။ သားဖြစ်သူ ဆရာဝန်ဖြစ်သွားသောအခါ သူမ ၏ နှစ် ၄၀ ကြာအိပ်မက်ကို အကောင်အထည်ဖော်ပါတော့သည်။ အဆိုပါ ခြံကွက်ကြီးထဲတွင် ကောက်ရိုးဖြင့် တဲထိုးကာ ဆင်းရဲသားများကို အခမဲ့ကုသပါတော့သည်။ ဒေါက်တာအဂျွိုင်း၏ ဆေးကျောင်းက အဆိုပါသတင်းကိုကြားပြီး အခမဲ့ဆေးခန်းကြီးတွင် လာရောက်အားဖြည့်ကြသည်။ ပထမဆုံးနေ့မှာပင် လူနာ ၂၅၂ ဦးကို ကုပေးရသည်။ 

တဖြည်းဖြည်းဖြင့် ဆေးရုံအဆောက်အအုံလေး ရုပ်လုံးပေါ်လာပြီး ရွာနီးချုပ်စပ်များကို ကုသပေးနေသည့်အခါ မီဒီယာသမားများနှင့် နိုင်ငံရေးသမားများက အာရုံစိုက်မိလာသည်။ အများသူငါ သိရှိပြီးနောက် အလှူငွေများထည့်ဝင်မှု ရှိလာသည်။ ယနေ့အခါ ဆူဟာစီနီသည် မြေကို သုံးဧကအထိ ချဲ့လိုက်ပြီး လူသားမျိုးနွယ်ဆေးရုံ Humanity Hospital ကို တည်ထောင်လိုက်လေပြီ။ ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ပြုရ၊ ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမဖြစ်ကာ၊ သားသမီးကို စိတ်ရှည်လက်ရှည် ကျောင်းထားခဲ့ပြီး၊ အိမ်ဖော်လည်းလုပ်၊ ဟင်းသီးဟင်းရွက်လည်း ရောင်းရင်း စုဆောင်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။ 

၂၀၁၈ ခုနှစ်တွင် ဆူဟာစီနီသည် အိန္ဒိယတွင် အရပ်သားများကိုပေးသော အမြင့်ဆုံးဆုတံဆိပ်ဖြစ်သည့် ပဒမာသျှရီဆုတံဆိပ်ကို ရရှိခဲ့လေသည်။ “ဆေးရုံဟာ ၂၄ နာရီ ဝန်ဆောင်မှုပေးတဲ့ ဆေးရုံကြီးဖြစ်လာမှ ငါလည်း ပျော်ပျော်ကြီးသေတော့မယ်” ဟု ဆူဟာစီနီက ပြောပြသည်။ နှစ်ပေါင်း ၂၀ ကျော် ဈေးကြီးအတွင်း ကုန်စိမ်းရောင်းခဲ့သည့် ဝင်ငွေများကို စုဆောင်းထားပြီး တဖြည်းဖြည်း ထူထောင်သွားခြင်းဖြစ်ပါသည်။ 

ဆင်းရဲသားပြည်သူများအတွက် ဆေးရုံဆောက်ပြီး မကူညီပေးချင်ဘူးလားဟု လူအများကို မေးကြည့်ပါ။ လူတိုင်းက ကူညီချင်ပါသည်ဟု ဖြေပါလိမ့်မည်။ သို့သော် လူတိုင်းကတော့ မလုပ်ကြပါ။ 

“မအားသေးလို့ပါ”၊ “တို့က လူချမ်းသာတွေမှ မဟုတ်တာ။ ကိုယ့်ဝမ်းဝဖို့ ကိုယ်ရုန်းကန်ရမယ်လေ”၊ “ကိုယ့်မှာ ပြည့်မှ သူတစ်ပါးကို ကူညီနိုင်မှာပေါ့” အစရှိသဖြင့် အကြောင်းပြချက် ရာနှင့်ချီရှိကြပါလိမ့်မည်။ ထိုသို့ အကြောင်းပြချက်ပေးကြကြေးဆိုလျှင် ဆူဟာစီနီတွင် အကြောင်းပြချက်များရှိပါသည်။ “မုဆိုးမသား သည်အမေပါရှင်”၊ “အလုပ်က တစ်ဖက်နဲ့ပါ”၊ “ပညာလည်းမတတ် ဆင်းရဲတာပေါ့ရှင်” စသဖြင့် ပြောလို့ရသည်။ သို့သော် သူ့အိပ်မက်အတွက် နှစ်ပေါင်းများစွာ မမှိတ်မသုန် ချွေတာကာ ဈေးဗန်းခင်းခဲ့သည်။ ယနေ့အခါ ရွာဆေးရုံကြီးသို့ အနီးအနားရွာများက လာရောက်အားကိုးနေကြရပြီ။

သန့်ဇင်စိုး