News

POST TYPE

ABOUT US

ဆယ်လီစားဖိုမှူးနှင့် မွန်မြတ်သောမီးဖိုချောင်ကြီး
23-Sep-2018
မီးဖိုချောင်သုံးပစ္စည်းများ၏ အစွန်းအထင်းများရှိနေသော တီရှပ်ကိုဝတ်ကာ ကတ်ဦးထုပ်လေးဆောင်းပြီး ခပ်မှောင်မှောင်လမ်းကလေးအတိုင်း လျှောက်လာသော ဟိုဆေးအန်ဒရီရက်စ်သည် ဟာရီကိန်းမာရီယာထိသွားသည့် ပွာတိုရီကိုကျွန်း ဒုက္ခသည်စခန်းများတွင် အခမဲ့စားသောက်ဆိုင်များဖွင့်နေသည့် ကမ္ဘာကျော်စားဖိုမှူးတစ်ဦးဖြစ်သည်။ ခပ်မှန်မှန်လမ်းလျှောက်နေသော သူ့အနားသို့ အမျိုးသမီးနှစ်ဦး လာရောက်ပြီး ဆယ်ဖီဓာတ်ပုံတွဲရိုက်ကြသည်။ မီးစက်ကိုင်နေသော အမျိုးသားတစ်ဦးက သူ့ကို အော်နှုတ်ဆက်ပြီး ရမ်လေးဝင်ချသွားပါလားဟု ဧည့်ဝတ်ပြုနေသည်။ နာဂွါဘိုဒေသတွင် ယင်းသို့သော ဧည့်ဝတ်ပြုကြိုဆိုမှုမျိုး မစ္စတာအန်ဒရီရက်စ်ကို ပြုကြသည်။ သူသည် နာမည်ကြီး ဆယ်လီစားဖိုမှူးဖြစ်သောကြောင့် မဟုတ်ပေ။ မုန်တိုင်းသင့် ဒုက္ခသည်စခန်းများ၊ ရိက္ခာမရသော ရပ်ရွာများကို နေ့စဉ် အစားအသောက် ပူပူနွေးနွေးစားရစေရန်အတွက် စီစဉ်ဆောင်ရွက်နေသော စားတော်ကဲခေါင်းဆောင်ကြီးလည်း ဖြစ်သောကြောင့်ပေတည်း။ တွေ့သည့်သူတိုင်းက သူ့ကို ကျေးဇူးတင်ပါတယ်ဟု အဓိပ္ပာယ်ရသော စပိန်ဘာသာစကား ဂရာ့စီယာ့ဇ်ဟု ပြောကြားသွားကြသည်။ 

“သူက သူရဲကောင်းတစ်ယောက်ထက်တော့ ပိုပါတယ်” ဟု မစ္စတာအန်ဒရီရက်စ် ဆေးလိပ်လာဝယ်လေ့ရှိသောဆိုင်မှ ဆိုင်ရှင် ဂျီးဆပ်အာရီဗီရာက ပြောကြားသည်။ ဟိုဆေးအန်ဒရီရက်စ်သည် စပိန်စားဖိုမှူးတစ်ဦးဖြစ်ကာ လူမှုကွန်ရက်မီဒီယာတွင် ချက်ပြုတ်ပုံများကြောင့် ကမ္ဘာတစ်ဝန်း Follower ပေါင်းများစွာ ရထားသူဖြစ်သည်။ ဒိုနယ်ထရမ့်က မက္ကဆီကန်များအပေါ် မလေးမစား မှတ်ချက်ချခဲ့မှုနှင့် ပတ်သက်ပြီး တရားစွဲခဲ့သူလည်း ဖြစ်သည်။ 

“နေ့တိုင်း ကျွန်တော့်စိတ်ထဲ မကောင်းဖြစ်ရတယ်။ လူနည်းနည်းလောက်ကို ကူညီဖို့အတွက် ကျွန်တော်တို့က လာခဲ့ရတာ။ ဘာဖြစ်လို့လဲဆိုတော့ ပွာတိုရီကိုကို ဘယ်သူကမှ ထောက်ပံ့ဖို့အတွက် အစီအစဉ်မရှိကြဘူး။ ဒါကြောင့်လည်း ကမ္ဘာ့အကြီးဆုံး စားသောက်ဆိုင်ကြီးကို တစ်ပတ်အတွင်း ဖွင့်ခဲ့ရတာပဲ။ တော်တော်ကြောင်တဲ့ အလုပ်ဗျ” ဟု ဟိုဆေးအန်ဒရီရက်စ်က ပြောကြားသည်။ 

လူဦးရေ ၃ ဒသမ ၄ သန်းရှိသော ပွာတိုရီကိုကျွန်းကို ဟာရီကိန်းမုန်တိုင်းက တိုက်ခတ်သွားပြီး ငါးရက်အကြာတွင် သူတို့စားဖိုမှူးများအဖွဲ့ စတင်စခန်းချခဲ့ကြသည်။ သူတို့အဖွဲ့ကို ကမ္ဘာ့ဗဟိုမီးဖိုချောင် World Central Kitchen ဟု အမည်ပေးထားကြသည်။ ဟိုဆေးအန်ဒရီရက်စ်က ဦးဆောင်ကာ ၂၀၁၀ ကတည်းက ဖွဲ့စည်းထားသော ပရဟိတအဖွဲ့ဖြစ်ကာ နာမည်ကျော် စားဖိုမှူးများ ပါဝင်ကြသည်။ သူတို့အဖွဲ့သည် ဟေတီငလျင်ဒဏ်သင့် ဒုက္ခသည်ပြည်သူများကို စတင်ကူညီရင်း ပရဟိတလောကသို့ ရောက်လာကြခြင်း ဖြစ်သည်။ သို့ဖြင့် သဘာဝဘေးဒဏ်ကြီးများ သင့်ရာနေရာတိုင်းတွင် ဧရာမအခမဲ့စားသောက်ဆိုင်ကြီးများ လိုက်ဖွင့်ကြသည်။ ဒိုမီနီကန်၊ နီကာရာဂွါ၊ ဇမ်ဘီယာ၊ ပီရူး၊ ကျူးဘား၊ ယူဂန္ဓာ၊ ကမ္ဘောဒီးယား၊ ပွာတိုရီကိုတို့တွင် ဖြစ်သည်။ ထမင်းအနပ်ပေါင်း ၃ သန်းကျော်ကို အခမဲ့ ပြင်ဆင်တည်ခင်းပြီး ဖြစ်သည်ဟု စားဖိုမှူးများက ဆိုကြသည်။ စားဖိုမှူးများကိုယ်တိုင် တည်ထောင်ထားသော အခမဲ့စားသောက်ဆိုင် ပရဟိတအစီအစဉ်များတွင် အကြီးဆုံးဖြစ်သည်။ ဆယ်လီစားဖိုမှူးများဖြစ်သည့်အတွက် လူအများက လှူကြသည်။ သူတို့က အလှူရရှိသော စားနပ်ရိက္ခာများကို ရပ်ထဲရွာထဲအရောက် ပို့ဆောင်ကိုယ်တိုင်ချက်ပြုတ်ကြသည်။ 

၎င်းတို့ တည်ဆောက်ထားသော ကွန်ရက်များဖြင့် ခက်ခဲသောအခြေအနေမှာပင် စားဖိုဆောင်များကို အလျင်အမြန်ဆုံးတည်ဆောက်လိုက်ကြသည့် စားဖိုမှူးများသည် ရပ်ရွာများနှင့်ပူးပေါင်းကာ အမြန်ဆုံးတုံ့ပြန်နိုင်သော ပရဟိတအဖွဲ့ဖြစ်လာခဲ့သည်။ ၂၀၁၀ ဟေတီငလျင်တွင် စတင်ခဲ့သောအဖွဲ့သည် အခြားစားနပ်ရိက္ခာကူညီသော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်း ဆောင်ရွက်ကြသည်။ ဟီလာရီကလင်တန်က တည်ထောင်ခဲ့သော သန့်ရှင်းသည့်မီးဖိုချောင်များ ကုလသမဂ္ဂဖောင်ဒေးရှင်းတွင် ပါဝင်ခဲ့ကာ ဟိုဆေး အန်ဒရီရက်စ်လည်း သံတမန်အဖြစ်လည်း ခန့်အပ်ခံရသည်။ စားဖိုမှူးများကွန်ရက်ကို တည်ထောင်ထားပြီး ပညာရှင်စားဖိုမှူး ၁၄၀ ပါဝင်ကြသည်။ နယ်စည်းမခြား စားဖိုမှူးများအဖွဲ့ကို တည်ထောင်ပြီး အပြုသဘောဆောင်သော အပြောင်းအလဲများ ဖော်ဆောင်ကြမည်ဟု မျှော်မှန်းထားကြသည်။ အစားအသောက် ဝေငှကူညီသည့်အပြင် အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ လူမှုစီးပွားဖော်ဆောင်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

လူမှုကွန်ရက်မီဒီယာတွင် အွန်လိုင်းဆယ်လီခေါ် လူသိများထင်ရှားသည့် ပုဂ္ဂိုလ်များ နေရာအနှံ့ ပေါ်လာကြသည်။ လူမှုကွန်ရက်ပေါ်မှ လူအုပ်ကြီးကို အကောင်းဘက်သို့ တူရူမျက်နှာမူအောင် ပြုလုပ်လွှမ်းမိုးနိုင်သည့် ပါဝါတစ်မျိုး ပေါ်လာသည်။ ထို့ကြောင့် hf Social Influencer ခေါ် လူမှုလွှမ်းမိုးခြင်းဆိုသည့် စကားရပ်ပေါ်လာခြင်း ဖြစ်ပါသည်။ ဟိုဆေးအန်ဒရီရက်စ်သည် အဆိုပါ အွန်လိုင်းဆယ်လီများထဲမှ တစ်ဦးဖြစ်သည်။ ၎င်း၏ နာမည်ကျော်ကြားမှု၊ Follower များမှုများကို အသုံးပြုကာ လူသားအကျိုးပြုလုပ်ငန်းများကို ပြုလုပ်သည်။ ၎င်းနှင့် စိတ်သဘောတူသူများကို ရအောင် စုစည်းကာ ချိုးနှိမ်သောစိတ်ထားဖြင့် လိုက်လံကူညီပေးလျက်ရှိသည်။ လေးစားဖွယ် စားသောက်ဆိုင်များနှင့် စားဖိုမှူးများဖြစ်ကြသည်။

သန့်ဇင်စိုး