News

POST TYPE

ABOUT US

တရားမဝင် ဆေးရောင်းချသည့် ဆိုင်များကို အဆင့်သုံးဆင့်ဖြင့် အရေးယူမည်
21-Sep-2018

ထားဝယ်၊ စက်တင်ဘာ ၂၀

တနင်္သာရီတိုင်းအတွင်း မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးများ၊ စံမညီဆေးရောင်းနေသည့် ဆေးဆိုင်များကို အဆင့်သုံးဆင့်ဖြင့် အရေးယူတော့မည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံ ဒေါက်တာဟိန်းမင်းထက်အောင်က ပြောသည်။

တရားမ၀င်သည့် လိုင်စင်မဲ့ဆေးများနှင့် စံမညီဆေးဝါးများက သုံးစွဲသူပြည်သူများအတွက် အရည်အသွေး အာမခံချက် မရှိသည့်အတွက် ယင်းကဲ့သို့ ဖမ်းဆီးရန် စီစဉ်ခြင်းဖြစ်ကြောင်း ဒေါက်တာဟိန်းမင်းထက်အောင်က ဆိုသည်။

မဖမ်းဆီးမီ ဆေးဆိုင်များကို အသိပညာပေးခြင်းများ လုပ်ဆောင်ရန် စက်တင်ဘာလ ၁၇ ရက်က ခရိုင်နှင့် မြို့နယ်အဆင့်များကို ညွှန်ကြားထားပြီး အသိပညာပေးပြီးပါက အဆင့်သုံးဆင့်ဖြင့် စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မှတ်ပုံတင်မရှိသည့်ဆေးနှင့် စံမညီဆေးများ ပထမအကြိမ် စစ်ဆေးတွေ့ရှိပါက အဆိုပါဆေးဝါးများကို သိမ်းဆည်းမည်ဖြစ်ပြီး ဆေးဝါးရောင်းချခွင့်လိုင်စင် ၃ လ ပိတ်သိမ်းမည်ဖြစ်သည်။

ဒုတိယအကြိမ် စစ်ဆေးတွေ့ရှိပါက အထက်ပါဆေးဝါးများကို သိမ်းဆည်းပြီး ရောင်းချခွင့်လိုင်စင် ၆ လ ပိတ်သိမ်းမည်ဖြစ်သည်။

တတိယအကြိမ် စစ်ဆေးတွေ့ရှိက ဆေးဝါးရောင်းချခွင့်ကိုအပြီး ပိတ်သိမ်းမည်ဖြစ်ပြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီက အမျိုးသားဆေးဝါးဥပဒေအရ တရားစွဲဆိုမည်ဖြစ်ကြောင်း ဒေါက်တာဟိန်းမင်းထက်အောင်က ဆိုသည်။

“ဆေးဝါးဘေးအန္တရာယ်ကင်းရှင်းဖို့အတွက် အရေးပါတဲ့ခြေလှမ်းတစ်လှမ်း တိုးတာပေါ့”ဟု ဒေါက်တာဟိန်းမင်းထက်အောင်က ပြောသည်။

ထားဝယ်ဒေသအတွင်း မှတ်ပုံတင်မဲ့ဆေးဝါးနှင့် စံမညီဆေး ရောင်းချနေကြသည့်အတွက် ကြပ်ကြပ်မတ်မတ်စစ်ဆေးနိုင်ရန် လိုအပ်ကြောင်း ထားဝယ်မြို့ရှိ ဆေးဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ဆိုသည်။

“ဒီလိုပဲ လုပ်သင့်တယ်၊ မရောင်းနဲ့လို့ ပြောထားတာ၊ ရောင်းတော့ ကိုယ့်အမှားပဲပေါ့”ဟု အဆိုပါ ဆေးဆိုင်ပိုင်ရှင် အမျိုးသားက ပြောသည်။

လိုင်စင်မဲ့ဆေးအများစုကို ရန်ကုန်မှ တင်သွင်းကြကြောင်း ဆေးဝါးရောင်းချသူအချို့ထံမှ သိရသည်။

Dawei Watch