News

POST TYPE

ABOUT US

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နာဝပ်ဇ်ရှရစ်ဖ်နှင့်သမီးတို့ အကျဉ်းထောင်မှ ပြန်လွတ်
21-Sep-2018


အစ္စလမ်မာဘတ်၊ စက်တင်ဘာ ၂၀

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း နာဝပ်ဇ်ရှရစ်ဖ်သည် အဂတိလိုက်စားမှု စွဲချက်ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရပြီးနောက် နှစ်လအကြာတွင် ထောင်မှ ပြန်လွတ်လာခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဇူလိုင်လ ရွေးကောက်ပွဲများကျင်းပခါနီးတွင် ထောင်ဒဏ်ချမှတ်ခံခဲ့ရသော ရှရစ်ဖ်နှင့် သမီးမာရီယမ်တို့၏ ပြစ်ဒဏ်များကို တရားရုံးက ဆိုင်းငံ့ပေးလိုက်ပြီးနောက် နာရီပိုင်းအကြာတွင် လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

နာဝပ်ဇ်ရှရစ်ဖ်၏ PML-N ပါတီသည် အင်မရမ်ခမ်း၏ PTI ပါတီကို ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ ရှရစ်ဖ်၏ အယူခံကို ကြားနာသည့်ရုံးချိန်းတွင် ထောင်မှလွှတ်ပေးရန် တရားရုံးက ဆုံးဖြတ်ခဲ့ပြီး အမှားမလုပ်ရန် ၎င်းတို့နှစ်ဦးကို တားမြစ်ခဲ့သည်။

ရှရစ်ဖ်၊ သမီးနှင့်သမက်တို့အား ထောက်ခံသူများက ယာဉ်တန်းဖြင့် ကြိုဆိုခေါ်ဆောင်လာခဲ့ပြီး ကားကို နှင်းဆီပန်းများဖြင့် ဖုံးအုပ်ကာဂုဏ်ပြုခဲ့ကြသည်။ 

ထို့နောက် ၎င်းတို့သုံးဦးသည် လာဟိုးသို့ လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာသွားကြသည်။

လန်ဒန်တွင် ဇနီးဖြစ်သူက ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် ရှရစ်တို့ သားအဖလွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ လာဟိုးတွင် ကျင်းပမည့် ဈာပနအခမ်းအနားသို့ ၎င်းတို့ တက်ရောက်နိုင်ရန်အတွက် ရာဝါပင်ဒီ အကျဉ်းထောင်မှ ခေတ္တလွတ်ပေးလိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။

ဝန်ကြီးချုပ်သုံးကြိမ် တာဝန်ယူခဲ့သူ နာဝပ်ဇ်ရှရစ်ဖ်သည် လန်ဒန်မြို့လယ်တွင် ဇိမ်ခံတိုက်ခန်းလေးခု ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး အဂတိလိုက်စားမှု ပြစ်ချက်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ကာ ဇူလိုင်လက ပြစ်ဒဏ်ချမှတ်ခဲ့သည်။ 

၂၀၁၅ ပနားမားစာတမ်းပေါက်ကြားမှုတွင် ရှရစ်ဖ်၏ သားသမီးများနှင့် ကမ်းလွန်ရေနံကုမ္ပဏီများ၏ ဆက်နွှယ်မှု ထွက်ပေါ်ခဲ့ပြီးနောက် အထက်ခုံရုံးက ၎င်းကို ရာထူးမှဖယ်ရှားခဲ့သည်။ 

သမီးမာရီယမ်ကို ရာဇဝတ်မှုတွင် ပါဝင်မှုဖြင့် ထောင်ဒဏ် ၇ နှစ်၊ ပူးပေါင်း ဆောင်ရွက်မှုမရှိခြင်းကြောင့် ထောင်ဒဏ်တစ်နှစ် တစ်ဆက်တည်းကျခံရန် တရားရုံးက ဆုံးဖြတ်ခဲ့သည်။

ထို့ပြင် ထောင်မှလွတ်အပြီး ၁၀ နှစ်အထိ နိုင်ငံရေးရာထူးအတွက် ယှဉ်ပြိုင်ခြင်းမပြုရန် ရှရစ်ဖ်မိသားစုကို တရားရုံးက တားမြစ်ထားသည်။

အောက်ရုံးက ဇူလိုင်လ ၆ ရက်တွင် ချမှတ်ခဲ့သော ပြစ်ဒဏ်များကိုအထက်ရုံးက အယူခံကြားနာပြီးနောက် ဆိုင်းငံ့ပေးထားသည်။ 

တရားစွဲဆိုမှုတွင် ရှရစ်ဖ် ပိုင်ဆိုင်သည်ဟုဆိုသော တိုက်ခန်းများကို ဖော်ပြနိုင်ခြင်းမရှိသည့်အပြင် မာရီယမ်ကို ပြစ်ဒဏ်ချမှတ်ရာတွင်လည်း ပါဝင်ကျူးလွန်မှုကို တိကျခိုင်လုံစွာ ဖော်ပြနိုင်ခြင်းမရှိခဲ့ဟု အထက်ရုံးတရားသူကြီး အာသာမင်နယ်လာက ပြောကြားသည်။

သို့ရာတွင် ၎င်းတို့၏ ပြစ်ဒဏ်များမှာ အထက်ရုံးတွင် အယူခံဝင်ခြင်းလုပ်ငန်းစဉ်အောက်တွင် ရှိနေဆဲဖြစ်ပြီး ထပ်မံကြားနာမည့်ရက်ကို မသတ်မှတ်ရသေးပေ။ 

၎င်းတို့သုံးဦးကို တစ်ဦးလျှင် ဒေါ်လာ ၄၀၀၀ အာမခံဖြင့် ဗုဒ္ဓဟူးနေ့ ညနေက လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ 

F-04



  • VIA