News

POST TYPE

ABOUT US

ကုန်ဈေးနှုန်းကျဆင်းရေး အစိုးရအဆက်ဆက် မလုပ်ဟု ရွှေဝါရောင်တော်လှန်ရေး ဦးဆောင် ဆရာတော်တစ်ပါး ဆို
19-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၁၈

ရွှေဝါရောင်သံဃာများ တောင်းဆိုခဲ့သည့် ကုန်ဈေးနှုန်းကျဆင်းရေး ရည်မှန်းချက်ကို လက်ရှိ NLD အစိုးရအပါအဝင် အစိုးရအဆက်ဆက်က ထိန်းကျောင်းမှု လုံးဝမရှိခဲ့ကြောင်း စက်တင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းက ပြုလုပ်သည့် ရွှေဝါရောင်တော်လှန်ရေးအခမ်းအနားတွင် ရွှေဝါရောင်တော်လှန်ရေး ဦးဆောင် ဆရာတော်တစ်ပါးဖြစ်သူ ဦးဇဝန (ခ) ဦးပဉ္စင်း မုတ်ဆိတ်က ပြောကြားသည်။

“ကုန်ဈေးနှုန်း ကြီးမြင့်လာတယ်ဆိုတဲ့ တိုင်းပြည်က ငြိမ်ငြိမ်သက်သက်နဲ့ ကုန်ဈေးနှုန်းကျဆင်းအောင် ဘယ်အစိုးရမှ မလုပ်နိုင်ဘူး။ ဘယ်အစိုးရမှလည်း မလုပ်ခဲ့ဘူး။ အခုတက်နေတဲ့ အစိုးရလည်း ၂ နှစ်ကျော်ရှိနေပြီ။ ကုန်ဈေးနှုန်းအကြောင်း တစ်ခွန်းတစ်ပါဒမျှ မပြောတာ ဦးပဉ္စင်း စိတ်ထဲတောင် မကောင်းဘူး”ဟု ဆရာတော်က မိန့်ကြားသည်။

ရွှေဝါရောင်တော်လှန်ရေး အရှိန်အဟုန်ကြောင့် အကျဉ်းထောင်အတွင်းရှိ ၈၈ ကျောင်းသားများမှာ အာဏာပိုင်အဖွဲ့၏ တင်းကျပ်သည့် စစ်ကြောရေးစနစ်အောက်မှ ခေတ္တသာနေခွင့်ရခဲ့ကြောင်း၊ ရွှေဝါရောင် ဆရာတော်များသည် အာဏာမက်၍ အမတ်လုပ်ချင်၍ နိုင်ငံရေးလုပ်ခြင်း မဟုတ်ကြောင်း၊ အရေးကြီးသော ခေတ်ကာလ၌ သံဃာများကို လူ့အဖွဲ့အစည်း သဘာဝအရ ဦးဆောင်မှုပေးရပြီး ရှေးခေတ်ကတည်းက တရားမှု၊ မတရားမှုများ ထိန်းကျောင်းပေးနေသော ခေါင်းဆောင်များဖြစ်ကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ဂုဏ်ပြုစကားဆိုသည်။

“၈၈ တည်းက ရပ်ရွာကို ကျောင်းသားတွေနဲ့ ရဟန်းသံဃာတွေ ပူးပေါင်းပြီးတော့ ရပ်ရွာအုပ်ချုပ်ရေး၊ လုံခြုံရေးတွေကို တာဝန်ယူရတယ်။ အဲ့လို ဦးဆောင်ပေးရတဲ့ ပုဂ္ဂိုလ်တွေဟာ သဘာဝအရ ဦးဆောင်မှုပေးတဲ့ Natural  Leader ပေါ်ပေါက်လာတယ်။ ပြောချင်တာ ဆရာတော်၊ သံဃာတွေရဲ့ ကျေးဇူးဟာ ခေတ်အဆက်ဆက် တိုင်းပြည်အကျပ်အတည်းဖြစ်တဲ့ အခိုက်အတန့်တွေမှာ အင်မတန် တန်ဖိုးကြီးတယ် ကျေးဇူးကြီးပါတယ်”ဟု ဦးကိုကိုကြီးက ပြောကြားသည်။

၁၁ ကြိမ်မြောက် ရွှေဝါရောင်တော်လှန်ရေး အခမ်းအနားကို သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်း၌ စက်တင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။ 

ယနေ့တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်က သဝဏ်လွှာပေးပို့ခဲ့ပြီး အခမ်းအနားသို့ သံဃာ အပါး ၅၀ ကျော်နှင့် ဘာသာပေါင်းစုံမှ ချစ်ကြည်ရေးအဖွဲ့များ၊ နိုင်ငံရေးအသိုင်းအဝိုင်းမှ ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနှင့် ဦးမင်းဇေယျာ အပါအဝင် လူဦးရေ ၁၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ရွှေဝါရောင် ဆရာတော်များစုပေါင်း၍ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖောအပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ (ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ) တို့ထံ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေး အပါအဝင် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး အကျပ်အတည်းများကို အလျင်အမြန် ဖြေရှင်းဆောင်ရွက်ပေးရန် စသော အချက်အလက်များပါဝင်သည့် အိတ်ဖွင့်ပေးစာကို ပေးပို့မည်ဖြစ်ကြောင်း ရွှေဝါရောင် တော်လှန်ရေးဦးဆောင် ဆရာတော် ဦးဩဘာသက မိန့်ကြားသည်။ 

J-17


  • VIA