News

POST TYPE

ABOUT US

နာအိုမီ အိုဆာကာ သို့မဟုတ် တင်းနစ်လောကကို ကိုင်လှုပ်ခဲ့သူ
16-Sep-2018


US Open ချန်ပီယံဘွဲ့ကို အသက် ၂၀ သာရှိသေးသော ဂျပန်နိုင်ငံမှ နာအိုမီအိုဆာကာတစ်ယောက် တင်းနစ်လောကအား လွှမ်းမိုးထားသော တကယ့်ဆရာမကြီး ဝီလျံကို အပြုတ်ဖြုတ်ပြီး ရယူပိုင်ဆိုင်နိုင်ခဲ့သည်။ သူက ဆရီနာဝီလျံကို ၆-၂ ၆-၄ ဖြင့် နှစ်ပွဲဖြတ်ကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

ပြိုင်ပွဲတစ်လျှောက်လုံး နာအိုမီ၏ပြိုင်ဘက် အသက် ၃၆ နှစ်အရွယ် ဆရီနာ ဝီလျံတစ်ယောက် သူ့ထက်များစွာငယ်သည့်သူကို စိတ်လှုပ်ရှားစွာ ယှဉ်ပြိုင်ခဲ့ရုံမက တင်းနစ်ရက်ကက်ကို ရိုက်ချိုးခြင်း၊ ဒိုင်ကို ပြဿနာရှာခြင်း၊ သူခိုးဟူ၍ ပြောဆိုခြင်းများကြောင့် ပြိုင်ပွဲစည်းကမ်းဖောက်သည်ဆိုကာ ဒဏ်ရိုက်ခြင်းကိုပင် ခံခဲ့ရသည်။

ကမ္ဘာ့တင်းနစ်လောကတွင် သာမန်လူငယ်များ မကပ်နိုင်လောက်အောင် နတ်ကြီးနေချိန်၌ သမ္ဘာရင့်သည့် ဝီလျံကို အပြတ်ဖြိုနိုင်ခဲ့သော နာအိုမီသည် နေ့ချင်းညချင်း လူတိုင်းစိတ်ဝင်စားစရာ ကောင်မလေးတစ်ယောက် ဖြစ်သွားခဲ့ရသည်။ နာအိုမီအိုဆာကာဆိုသည်မှာ မည်သို့သော အားကစားသမားလေးဖြစ်သနည်း။

နာအိုမီ အိုဆာကာကို ၁၉၉၇ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့တွင် မွေးဖွားသည်။ ဂျပန်နိုင်ငံ၏ ပရော်ဖက်ရှင်နယ် တင်းနစ်သမားအဖြစ် ခံယူထားသည်။ ၂၀၁၄ ခုနှစ်တွင် ကျင်းပသည့် Bank of the West Classic တင်းနစ်ပွဲတွင် US Open ချန်ပီယံဟောင်းဖြစ်သူ ဆမန်သာ စတုဆာကို စတင်အနိုင်ရအောင် ကစားသွားစဉ်က သူ့အသက် ၁၆ နှစ်သာ ရှိသေးသည်။ လွန်ခဲ့သော ၂၀၁၆ ခုနှစ်ကတည်း Toray Pan Pacific Open ပြိုင်ပွဲတွင် နောက်ဆုံးဖိုင်နယ်အထိ တက်ခဲ့ဖူးသည်။ ကမ္ဘာ့အဆင့် အကောင်းဆုံး ၅၀ စာရင်းဝင်ဖြစ်ခဲ့သည်။ ယခု US Open တွင် ဗိုလ်စွဲသဖြင့် အကောင်းဆုံး ၂၀ စာရင်းဝင်ဖြစ်ကြောင်း Fortune တွင် ဖော်ပြထားသည်။ နာအိုမီသည် တစ်ဦးချင်းပြိုင်ပွဲတွင် ဆရီနာ ဝီလျံကို US Open ၌ အနိုင်ရရှိလိုက်သည့် အတွက် ပထမဆုံး Grand Slam ပွဲစဉ်၏ အနိုင်ရချန်ပီယံ ဂျပန်အမျိုးသမီး ဖြစ်လာခဲ့ရသည်။ စက်တင်ဘာ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ သူ့ကို ကမ္ဘာ့ နံပါတ် ၇ အဆင့်သို့ တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

နာအိုမီကို အိုဆာကာမြို့၊ ချိုကူအရပ်တွင် ဖွားမြင်သည်။ ဖခင်က ဟေတီနိုင်ငံသားဖြစ်ပြီး လီယိုနတ် ဆန်ဖရန်ဆွာဟုခေါ်သည်။ မိခင်မှာ ဂျပန်နိုင်ငံသူဖြစ်ပြီး တာမာကီ အိုဆာကာဟု ခေါ်သည်။ နာအိုမီတွင် အစ်မတစ်ယောက်ရှိပြီး မာရီဟုခေါ်သည်။ သူတို့မိသားစုသည် ဂျပန်နိုင်ငံတွင် နေထိုင်ကြသည်။ ဖခင်သည် ဟေတီနိုင်ငံတွင် မွေးဖွားပြီး ဂျပန်ကို ရောက်မလာမီက နယူးယောက်တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားခဲ့သည်။ ထို့နောက် တာမာကီနှင့်တွေ့ဆုံကာ လက်ထပ်ပြီး ဂျပန်နိုင်ငံကို ပြောင်းရွှေ့လာသူဖြစ်သည်။

နာအိုမီ၏ အဘိုးဖြစ်သူသည် မိခင်ကလူမည်း တစ်ယောက်ကို အိမ်ထောင်ပြုလိုက်ကြောင်း သိလိုက်ရသည့်အခါတွင် စိတ်ဆိုးဒေါသထွက်ခဲ့ရသည်။ ထို့ကြောင့် သမီးကိုအဆက်အသွယ်မပြုလုပ်တော့သဖြင့် သူတို့ ၁၀ နှစ်ခန့် မိသားစုနှင့် အဆက်အသွယ်ပြတ်ခဲ့ရသည်။ ၂၀၁၆ ခုနှစ်က နာအိုမီနှင့် အင်တာဗျူးတစ်ခုတွင်သူက

“ကျွန်မ ဂျပန်ကိုသွားတော့ နာမည်ကြောင့် လူတွေက အံ့အားသင့်ကြတယ်။ လူက လူမည်းဖြစ်နေပြီး နာမည်က ဂျပန်နာမည်ဖြစ်နေလို့လေ” ဟု သူက ဆိုသည်။ 

နာအိုမီနှင့် သူ၏အစ်မ မာရီတို့နှစ်ယောက်စလုံး ပရော်ဖက်ရှင်နယ် တင်းနစ်အားကစားသမားများအဖြစ် ခံယူထားသည်။ သူတို့ညီအစ်မနှစ်ဦး နှစ်ယောက်တွဲပွဲများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ဖူးသည်။ သူ သုံးနှစ်သမီးအရွယ်တွင် မိသားစုသည် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့ကြသည်။ လက်ရှိလည်း သူတို့ ဖလော်ရီဒါတွင် နေထိုင်ကြသည်။ Elmont Alden Terrace မူလတန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ Broward Virtual အထက်တန်းကျောင်းမှ ကျောင်းပြီးသည်။ 

နာအိုမီနှင့် ဆရီနာဝီလျံတို့ကစားနေသည့်ပွဲကို အဘိုးဖြစ်သူက ဂျပန်နိုင်ငံတွင် တီဗီကတစ်ဆင့် စောင့်ကြည့်နေသည်။ အဘိုးဖြစ်သူက မြေးဖြစ်သူ၏ အောင်ပွဲကိုကြည့်ပြီး မျက်ရည်ကျမိကြောင်း NHK သတင်းဌာနသို့ ပြောကြားသည်။ အဘိုးဖြစ်သူက မြေးဖြစ်သူကို ကျန်းမာစွာဖြင့် ဆက်ပြီး အောင်ပွဲဆင်နိုင်ပါစေ၊ ၂၀၂၀ တိုကျို အိုလံပစ်တွင်လည်း ဆက်လက်အောင်ပွဲခံနိုင်ပါစေဟု ဆုတောင်းပေးခဲ့သည်။ နာအိုမီတို့ မိသားစုသည် ဂျပန် အမေရိကန်နိုင်ငံသားများအဖြစ် ခံယူထားသော်လည်း သူက ဂျပန်စကား လုံးဝပြောဆိုနိုင်ခြင်းမရှိပေ။ 

နာအိုမီ၏ဖခင်သည် သမီးဖြစ်သူကို Japan Tennis Association တွင် မှတ်ပုံတင်ပေးသည်။ ၂၀၁၃ ခုနှစ်လောက်ကစတင်ပြီး တင်းနစ်လောကသို့ ဝင်ရောက်လာခဲ့သည်။ ၂၀၁၃ စက်တင်ဘာလတွင် ပရိုအဆင့်ကို ရောက်ခဲ့ရသည်။ 2014 Bank of the West Classic ပွဲတွင် အယ်လာနှင့် ပီထရာ မာတီတို့ကို အနိုင်ရအောင် ရိုက်နိုင်ခဲ့သောကြောင့် အရည်အချင်းပြည့်မီသော တင်းနစ်ကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ 2015 WTA ဖိုင်နယ်ပွဲစဉ်တွင် ကာရိုလင်းဂါစီရာကို အနိုင်ရရှိခဲ့သည်။ နာအိုမီသည် ၂၀၁၈ ခုနှစ်တွင် အဆင့် ၆၈ ဝင် အားကစားသမား တစ်ယောက်ဖြစ်လာသည်။ အဆင့်ဆင့်ကျော်ဖြတ်လာခဲ့ရပြီး နောက်ဆုံးတွင် US Open ကို အနိုင်ရခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူ၏ တင်းနစ်ချန်ပီယံဘဝသည် လွယ်ကူစွာဖြင့် ဖြတ်သန်းခဲ့ရသော ဘဝတစ်ခုမဟုတ်ဟုဆိုရမည်။

US Open ပြိုင်ပွဲ ကျင်းပပြီးသည့်နောက် ချန်ပီယံသစ်လေး နာအိုမီတစ်ယောက် ထွန်းတောက်လာသည့် Star တစ်ယောက် ဖြစ်လာသည်။ သူ့ကို နာမည်ကျော် အယ်လင်ကလည်း The Ellen DeGeneres Show တွင် ခေါ်ယူပြီး ရုပ်သံပွဲထုတ်သည်။ အယ်လင်ကလည်း ပွင့်လင်းစွာဖြင့် နာအိုမီကိုတဲ့ တိုးမေးလိုက်သည့် အကြောင်းအရာတွေက ဖိုင်နယ်ပွဲစဉ်တွင် ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာတွေဖြစ်သည်။ ဆရီနာဝီလျံ၏ တရားမဝင်ပြုမူပြောဆိုမှုများကြောင့် ဒဏ်ကြေးအဖြစ် ဒေါ်လာ ၁၇,၀၀၀ အရိုက်ခံရသည့်အကြောင်း၊ သူ့ကို စွပ်စွဲပြောဆိုချက်များအကြောင်း၊ တင်းနစ်ရက်ကက်ကို ရိုက်ချိုးခဲ့သည့်အကြောင်း၊ ဒိုင်နှင့် သူ၏နည်းပြတို့အပေါ် ပြစ်တင်ဝေဖန်ပြောဆိုမှုများအကြောင်းနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ခြင်းဖြစ်သည်။ 

အယ်လင်က သူ့ကို ကစားကွင်းအတွင်း ထူးခြားချက်တွေကို သတိမထားမိဘူးလားဟု မေးသည်။ နာအိုမီက ဖြစ်ပျက်နေသည်များကို သူမကြည့်ကြောင်း ပြောသည်။ သူငယ်စဉ်ကတည်းက ကိုယ့်ပြိုင်ဘက်ဒေါသထွက်နေသည်ဖြစ်စေ၊ တစ်ခုခုဖြစ်နေသည်ဖြစ်စေ မကြည့်ရန် သွန်သင်ခြင်းခံထားရကြောင်း ပြောသည်။ ကိုယ်လုပ်ရမည့် အလုပ်တစ်ခုတည်းကိုသာ အာရုံစိုက်ထားသည်။ သူ ဘာဆက်လုပ်ရမည်ကိုသာ အာရုံထားသည်။ အလွန်စိတ်ဝင်စားစရာကောင်းသည့် စိတ်ဓာတ်မျိုးဖြစ်သည်။ နာအိုမီက သူ့ကို လူတွေက ပြောင်လှောင်ကြသော်လည်း သူ့အနေနှင့် ပရိသတ်ကိုပါ မည်သို့မှသဘောမထားဘဲ လျစ်လျူရှုခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ အယ်လင်က သူ့ကို ကျားသစ်နက်မလေးဟု ထုတ်ဖော်ချီးကျူးခဲ့သည်။ 

နာအိုမီသည် ဂျပန်နိုင်ငံ၏ အားကစားသမားဘဝကို ခံယူထားသော်လည်း အမေရိကတွင် သုံးနှစ်သမီးလောက်ကတည်းက လာရောက်နေထိုင်နေသူ ဖြစ်သည်။ သူ့အိမ်မှ ငါးမိနစ်လောက် စက်ဘီးစီးသွား လျှင်ရောက်နိုင်သည့် ဖလော်ရီဒါရှိ Evert Tennis Academy တွင် နေ့တိုင်းလာပြီး လေ့ကျင့်သည်။ တစ်နေ့လေးနာရီခန့် လေ့ကျင့်သည်။ အိမ်ပြန်ရောက်လျှင် အားလုံးကိုမေ့ထားပြီး ဗီဒီယိုဂိမ်းကို ငါးနာရီလောက် ထိုင်ကစားချင်လည်း ကစားနေတတ်သည်။ Overwatch ဆိုသည့်ဂိမ်းကို အစ်မဖြစ်သူ မာရီနှင့် အတူ ကစားခြင်းဖြစ်သည်။ အပစ်အခတ်ဂိမ်းမျိုးကို သူက အလွန်စိတ်ဝင်စားသည်။ သူက ဂိမ်းကစားရာတွင်လည်း တိုက်စစ်ထက် ခံစစ်ကို အားပြုကစားရခြင်းအား နှစ်သက်သည်ဟု ဆိုသည်။ သူ့စိတ်ထဲတွင် စွဲနေသည့် ဂိမ်းကစားခြင်းဗျူဟာက တင်းနစ်ပွဲကို နိုင်စေရန် အထောက်အကူပြုနိုင်ခဲ့သလော စဉ်းစားစရာ ဖြစ်သည်။ 

“ကျွန်မက အနိုင်ကစားဖို့ မကျွမ်းဘူး။ ဒါကြောင့် ခံစစ်နဲ့ ကာပြီးကစားရတာ ပိုပြီးသဘောကျတယ်” ဟု သူဂိမ်းကစားပုံနှင့် ယှဉ်ပြီးပြောသည်။ သူ့ကို အင်တာဗျူးတွင် မေးသူက ကစားရာတွင် တစ်ဖက်သားကြောက်စရာကောင်းလောက်အောင် ရန်လိုပြီး မာန်ပါပါ ကစားတတ်သည်ဟု ထောက်ပြသည်။ သူက

“အဲဒီလို ပြောကြတာပဲ” ဟူ၍သာ သူက ပြန်ပြောရှာသည်။ 

မည်သို့ဆိုစေ ဂျပန်နိုင်ငံအတွက် ဂျပန်တွင် မနေသော ဂျပန်တစ်ဦးက ဂုဏ်ဆောင်ပေးနိုင်ခဲ့သည်ကတော့ အမှန်ဖြစ်သည်။ Grand Slam ပြိုင်ပွဲတွင် ဂျပန်နိုင်ငံအတွက် ပထမဆုံး ဂုဏ်ထူးဆောင်အားကစားသမားတစ်ယောက်လည်း ဖြစ်လာခဲ့ရသည်။ သို့သော် ဖိုင်နယ်ပွဲစဉ်တွင်ကား ကမ္ဘာ့နံပါတ်တစ်အဆင့်လောက်ရှိသူတစ်ယောက်၏ ပြဿနာရှာမှုပေါင်းများစွာ၊ ပရိသတ်၏ လှောင်ပြောင်ဘက်လိုက်အားပေးမှုများစွာကြားမှ နာအိုမီသည် စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် အနိုင်ရယူခဲ့သူလည်းဖြစ်သည်။ 

သူ့အနေနှင့် ဖိုင်နယ်ရောက်မှ ဆရီနာနှင့် တွေ့ဖူးသည်မဟုတ်။ ယခုနှစ်အတွင်း ဝီလျံကို တစ်ကြိမ်တွေ့ ပြီးနောက် အနိုင်ရိုက်ခဲ့ဖူးသေးသည်။ ထိုစဉ်က ဝီလျံသည် ကလေးမွေးပြီးနောက် တင်းနစ်လောကကို ပြန်ရောက်စဖြစ်သည်။

ဝီလျံလိုပင် နာအိုမီသည်လည်း တင်းနစ်လောကကို ဘဝအဖြစ် ခံယူထားသူများဖြစ်သည်။ သူ့အနေနှင့် ဆရီနာဝီလျံကို အားကျဂုဏ်ယူပြီး သူလိုဖြစ်ချင်နေသည်မှာ တတိယတန်းကျောင်းသူ အရွယ်လောက်ကတည်းက ဖြစ်သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် သူက မက်ဒီဆန်ကီးကို အနိုင်ရလိုက်သည့်အခါ ဖိုင်နယ်ပွဲစဉ်၌ သူလေးစားကြည်ညိုရသည့် ဆရီနာနှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။ သို့သော်သူသည် ပြိုင်ပွဲအတွက် တင်းနစ်ကွင်းကို ရောက်သည့်အခါတွင် စိတ်ဓာတ်ကို မည်သို့ပြုပြင်ခဲ့ရကြောင်းကိုလည်း ပွင့်လင်းစွာ ပြောပြသည်။

“ကျွန်မ ကွင်းထဲကို ခြေချလိုက်ချိန်မှာ ကျွန်မကိုယ်ကျွန်မ ဆရီနာရဲ့ ပရိသတ်တစ်ယောက် မဟုတ်တော့ဘူး။ ကျွန်မဟာ ကျွန်မပြိုင်ဘက်ကစားသမားတစ်ယောက်ကို ပြိုင်ရမယ့် အခြားပြိုင်ဘက်အားကစားသမားတစ်ယောက်လို့ စိတ်သွင်းရတယ်”ဟု ဆိုသည်။

သူက ငယ်စဉ်ကတည်းက ဆရီနာအပေါ်တွင် သဘောကျ၊ အထင်ကြီးလေးစားခဲ့ရသူဖြစ်သည်။ အကယ်၍ ဆရီနာ၏ လွှမ်းမိုးမှုများကို သူဆက်ပြီး ခံယူထားလျှင် ငယ်ကြောက်လိုဖြစ်ပြီးပြိုင်ပွဲကို ယှဉ်ပြိုင်ရန်ပင် ခက်ခဲသွားနိုင်သည်။ ထို့ကြောင့် သူ့ကို ငယ်စဉ်ကတည်းက သွန်သင်ခဲ့သော စကားများကို ပြန်ပြီးသတိရလိုက်သည်။ ဘေးမှအားလုံးကို မေ့ထားလိုက်ရန်သာဖြစ်သည်။ 

“နောက်ဆုံး ပြိုင်ပွဲအပြီးမှ သူနဲ့ကျွန်မ ဖက်လိုက်တော့လည်း ကျွန်မကလေးလေးလို ပြန်ဖြစ်သွားခဲ့ရပြန်ပါတယ်” ဟု နာအိုမီက ဆိုသည်။ 

ပြိုင်ပွဲအပြီး ဆရီနာရှုံးသွားသည်။ သူတို့နှစ်ယောက် အလယ်ရှိ တင်းနစ်ပိုက်တွင် တွေ့ဆုံပြီး ဖက်ခဲ့သည့် အတွေ့အကြုံလေးကို သူက ပြန်ရှင်းပြနေခြင်း ဖြစ်သည်။ 

မည်သို့ဆိုစေ မျက်ရည်ကျပြီး ယူခဲ့ရသည့်ဆုမှာ သူ့စိတ်ဓာတ်ခိုင်မာမှု၊ ဇွဲသတ္တိနှင့် ကြံ့ခိုင်မှုတို့ကြောင့်ဖြစ်ကြောင်း မငြင်းနိုင်ပေ။ US Open ပြိုင်ပွဲတွင် သူက ဆရီနာဆိုသည့် တင်းနစ်ပဂေးကြီးကို နိုင်လိုက်သည်သာ မဟုတ်။ သူ့ဘဝ သူ့ဇာတိရှိအဘိုးနှင့် အမေရိကရှိ သူ့ပတ်ဝန်းကျင်လောက အားလုံးကို အနိုင်ရရှိသွားခြင်းလည်း ဖြစ်သည်။ နာအိုမီ၏ ဘဝရှေ့ရေးကား လမ်းတွေပွင့်နေသည်။ နောက်ထပ် US Open က သူရလိုက်သည့်ဆုမှာ ဖလားတစ်လုံးအပြင် ဒေါ်လာ ၃ ဒသမ ၈ သန်းတန် ချက်လက်မှတ်တစ်စောင်ဖြစ်သည်။

(Ref: Bustle, Popsugar, GQ, Independent, The Japan Times)

E-01