News

POST TYPE

ABOUT US

ဦးထုပ်ဖြူများ
09-Oct-2016 tagged as

ဦးထုပ်ဖြူများဟု သူတို့ကို လူသိ များကြသည်။ Syria Civil Defense ဟု အမည်ရသည့် ပရဟိတ လူမှု ကယ်ဆယ်ရေး လှုပ်ရှားမှု တစ်ရပ် ဖြစ်သည်။ အမျိုးသား၊ အမျိုးသမီး စေတနာ့ ဝန်ထမ်း ၃ဝဝဝ လောက်ဖြင့် ဖွဲ့စည်းထားသော အစုအဖွဲ့ ဖြစ်ပေသည်။ ၂ဝ၁၃ ကမှ စတင်ခဲ့သော အဆိုပါ လှုပ်ရှားမှုသည် ပြည်သူ ခြောက်သောင်းကျော်ကို လူမျိုး၊ ဘာသာ၊ နိုင်ငံရေး ယုံကြည်မှု မခွဲခြားဘဲ အသက်ကိုရင်းကာ  ကယ်တင်ခဲ့ပြီး ဖြစ်ပေသည်။ ဗုံးဒဏ်များကြောင့် ပြိုကျနေသော ကွန်ကရက် အက်ကွဲကြောင်းတွေ ကြားဝင်ပြီး ပြည်သူများကို ကယ်ဆယ်နေသော တကယ့် ပြည်သူများ ဖြစ်ကြသည်။ ပေါင်မုန့်ဖုတ် သမား၊ အပ်ချုပ်ဆရာ၊ အရောင်းသမား၊ ကျောင်းဆရာ အကုန်ပါကြသည်။ ခုတော့ အားလုံးလည်း  လေ့ကျင့် သင်ကြားထားသော မီးသတ်သမားများ၊ ကယ်ဆယ်ရေး လုပ်သားများ ဖြစ်လာကြလေပြီ။

ဦးထုပ်ဖြူများသည် ဆီးရီးယား စစ်ရေး၊ ဘာသာရေး၊ နိုင်ငံရေး အရှုပ်ထုပ်ထဲက ပြည်သူ့အတွက် မျှော်လင့်ချက် တစ်ရပ် ဖြစ်လာသည်။ ပျက်စီးသွားသော ပြည်သူ့ အခြေခံ လိုအပ်ချက်များကို ဝိုင်းဝန်း ပြင်ဆင်ကြခြင်း၊ ကလေးများ ပညာရေးကို ကူညီ ကိုင်တွယ်ပေးခြင်း နှင့် လေကြောင်း တိုက်ခိုက်မှုများ ဖြစ်လာပါက ကြိုတင်ပြင်ဆင် ထားသင့်သည့် အန္တရာယ် ကင်းရှင်းရေး အခြေအနေများကို ပြင်ဆင်ပေးခြင်း စသည်တို့ကို အာရုံစိုက် လုပ်ကိုင်ကြသည်။ အဆိုပါ လှုပ်ရှားမှု၏ လူသားချင်း စာနာမှုဆိုင်ရာ စိတ်ဇွဲ သန်သန် လုပ်ဆောင်မှုများကို နိုင်ငံတကာက သတိ မထားမိဘဲ မနေနိုင်တော့ပေ။ မကောင်းသူထိပ် ကောင်းသူထိပ် ကြဲချနေသော ဗုံးဆန်များကြားတွင် ပြည်သူအတွက် ကြိုးစား အလုပ် လုပ်နေရင်း စစ်ပွဲတွေ ရပ်ပါတော့ဟု သေနတ်ကိုင်ထားသူ ဘယ်သူ့ကိုမဆို တိတိလင်းလင်း ကြေညာရပ်ခံ ပြောနေကြသော ပရဟိတ သမားများ ဖြစ်ကြသည်။
 
ဗြိတိန်လုံခြုံရေးဆိုင်ရာ အတိုင်ပင်ခံ ဂျိမ်းစ် လီမီဆူရီယာ ဆိုသည့် ပုဂ္ဂိုလ်က စေတနာ့ ဝန်ထမ်းများကို ကယ်ဆယ်ရေး၊ အကူအညီ ပေးရေး သင်တန်းများ ပေးရင်းဖြင့် အဆိုပါ ကွန်ရက် စတင်နိုင်ခဲ့ခြင်း ဖြစ်သည်။ တူရကီ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ AKUT ကလည်း သင်တန်းများပေး ကူညီခဲ့သည်။ ၂ဝ၁၃ က စခဲ့သည် ဆိုသော်လည်း လူအင်အား ကောင်းလာပြီး တရားဝင် ရပ်တည်နိုင်သည်မှာ ၂ဝ၁၄ ခုနှစ် အောက်တိုဘာလမှ ဖြစ်သည်။ တဖြည်းဖြည်းနှင့် နိုင်ငံလုံးချီ  အဖွဲ့အစည်း ဖြစ်လာကာ စေတနာ့ ဝန်ထမ်း သုံးထောင်နီးပါး ဖြစ်လာကာ အဖွဲ့ခွဲပေါင်း ၁၁၄ ဖွဲ့နှင့် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်လျက် ရှိပါသည်။ တကယ်တော့ တစ်ပိုင်တစ်နိုင် ဖွဲ့စည်းထားသော ပရဟိတ အဖွဲ့များ ချိတ်ဆက်ပြီး ကွန်ရက်သဖွယ် လှုပ်ရှား နေကြခြင်း ဖြစ်သည်။ အလက်ပို ဒေသလို ကြမ်းပါသည်ဆိုသည့် စစ်မြေပြင်မျိုးကိုပင် သေနတ်သံလေး  နည်းနည်း စဲလိုက်သည်နှင့် ဦးထုပ်ဖြူများ ဝင်လာကြလေပြီ။ လူပေါင်း ခြောက်သောင်းကျော်၏ အသက်ကို ကယ်တင်နိုင်ခဲ့သည်ဟု အောင်မြင်မှုကို ချပြနိုင်လေပြီ။ ထို့အတူ ဝမ်းနည်းစရာ အချက် တစ်ခုကိုလည်း ချပြထားရသည်။ ဦးထုပ်ဖြူ စုစုပေါင်း ၁၁ဝ ဦးလည်း ကျဆုံးထားပြီး ဖြစ်ပါသည်။
 
အချိန်တိုအတွင်း လူ့အသက်များများ ကယ်ဆယ်နိုင်ရေးနှင့် ဒဏ်ရာ ရရှိမှုများကို လျှော့ချနိုင်ရေးသည် Syria Civil Defense ၏ မူဝါဒ ဖြစ်ပါသည်။ နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေက ချမှတ်ထားသော မူများအတိုင်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ကြသည်။ စစ်မြေပြင်မှ ပြည်သူများကို ကယ်ထုတ်ခြင်း၊ ဆေးကုပေးခြင်း၊ ဗုံးကြဲပြီးနောက် အရပ်သား ထိခိုက်မှုများကို လိုက်လံ ရှာဖွေခြင်းတို့ကို ဆက်တိုက် လုပ်ဆောင်နေကြသည်။ ဦးထုပ်ဖြူများ၏ လုပ်ဆောင်ချက်များတွင် လူသိ အများဆုံး အချက်မှာ ဓာတ်ဆီ တိုင်ကီဗုံးများဖြင့် ရဟတ်ယာဉ်များက ကြဲချနေစဉ်အတွင်း အရပ်သားများကို ကယ်ထုတ်သည့် လုပ်ငန်းများ ဖြစ်ကြသည်။ ရုရှား စစ်တပ် ဆီးရီးယားတွင် ပါဝင်လာပြီးနောက်ပိုင်းတွင် ဦးထုပ်ဖြူများ ယခင်ကထက် ပိုပြီး အလုပ် များလာသည်။ အရပ်သား ထိခိုက်မှု ကိန်းဂဏန်းက မြင့်တက် လာခြင်းကြောင့်လည်း ဖြစ်သည်။ 

ဆေးရုံကားများ၊ မီးသတ်ကားများဖြင့်သာ  ဦးထုပ်ဖြူများကို တွေ့ရသည်ကား မဟုတ်။ ဓာတ်တိုင်ပေါ် ခွတက်ပြီး လျှပ်စစ်ပြင်မှုများ၊ လမ်းပြင်မှုများ၊  အိမ်များ ပြင်ပေးမှုများလည်း ပြုလုပ်သည်။ ဆောင်းရာသီ နှင်းမုန်တိုင်းတိုက်သည့် ဒေသများတွင်လည်း ဦးထုပ်ပြာများကို တွေ့ရပါသည်။ လွယ်လှသည့် အလုပ်များလည်း မဟုတ်ပါပေ။ အန္တရာယ် အများဆုံး အလုပ်များလည်း ပါဝင်သည်။ နောက်ပိုင်း နိုင်ငံတကာ အလှူရှင်များ၏ အာရုံစိုက်မှုများ ရလာပြီး အကူအညီပေးရေးကို ပိုတိုးလို့ လုပ်လာနိုင်သည်။ နှစ်စဉ် ဘတ်ဂျက်ငွေ အမေရိကန် ဒေါ်လာ သန်း ၃ဝ အထိ ၂ဝ၁၅ တွင် အသုံးပြုလာနိုင်သည်။ သို့သော် အချိန်ပြည့် အလုပ် လုပ်နေသော စေတနာ့ ဝန်ထမ်းများကား နိုင်ငံတကာ အဆင့်မီ လစာများယူကာ ဇိမ်ခံနေခြင်းတော့ မဟုတ်ကြပေ။ အချိန်ပြည့် စေတနာ့ဝန်ထမ်း လုပ်ပေးပါက လစာ ရပြီး အဆိုပါ လစာကား တစ်လလျှင် အမေရိကန် ဒေါ်လာ ၁၅ဝ ဖြစ်ကာ အရောင်းစာရေး တစ်ယောက် လစာသာ ဖြစ်ပါသည်။ ဆီးရီးယား အစိုးရနှင့် ရုရှားတို့က ဦးထုပ်ဖြူများသည် ဆွန်နီသူပုန်များနှင့် ဆက်စပ်သည်ဟု စွပ်စွဲထားသည်။ အနောက်အုပ်စု လိုလားသူ များက အစိုးရနှင့် ယိမ်းသည်ဟု ထောက်ပြကြသည်။  အစွန်းရောက်များက အမေရိကန် လူများဟု ယိုးစွပ်ကြပြန်သည်။ မည်သို့ပင် ဖြစ်စေ လူမျိုး ဘာသာ မရွေး ကူညီမှုများကတော့ လုပ်နေကြပါသည်။ 

ယခုဆိုလျှင် နိုင်ငံတကာ အသိုင်းအဝိုင်းက အဆိုပါ အဖွဲ့အစည်း ကွန်ရက်ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ပေးပါရန် ဝိုင်းဝန်း ဆော်သြနေကြသည်။ အလုပ် မဖြစ်သည့် အပ်ချုပ်ဆိုင်လေး ဖွင့်ထားရင်း အချိန်အားတိုင်း ကယ်ဆယ်ရေး ဦးထုပ်ဖြူကို ဆောင်းကာ ရှေ့တန်း ထွက်နေသည့် ဆီးရီးယားက စေတနာ့ ဝန်ထမ်းလေးက ထိုဆုအကြောင်းကို သိသည့်ပုံပင် မပေါ်။ သူသိတာက ဒုက္ခ ရောက်နေသည့် တစ်မြေတည်းနေ သွေးချင်းများကို ကူညီမည် ဟူ၍ ဖြစ်ပါသည်။ “လူသတ်ရတာ လွယ်ပါတယ်ဗျာ။ လူ့အသက် ကယ်ရတာသာ သိပ်ခက်တာပဲ”ဟု မူစတာဖာဟု အမည်ရသည့် ဆီးရီးယား ဦးထုပ်ဖြူ လူငယ် တစ်ဦးက ပြောပါသည်။

သန့်ဇင်စိုး

  • VIA
  • TAGS