News

POST TYPE

ABOUT US

ချစ်ခြင်းတရား၏ မိုင်တစ်သောင်း ခြေလျင်ခရီးစဉ်
09-Sep-2018


၂၀၁၅ ခုနှစ် ၅ လပိုင်းလောက်က ဖြစ်သည်။ စတိဗ်ဖူဂိတ် တောင်ကယ်ရိုလိုင်းနားသို့ ရောက်ရှိလာခဲ့သည်။ အမေရိကန်ပြည်ထောင်စုအနှံ့ ပြည်နယ်ပေါင်း ၄၈ ပြည်နယ်ကို ဖြတ်သန်းလမ်းလျှောက်ခြင်း ပြီးမြောက်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်ပြည်မကြီးကို လှည့်ပတ်လမ်းလျှောက်ရန်အတွက် အသက် ၆၈ နှစ် အရွယ် အမျိုးသားကြီးအဖို့ ၂ နှစ် ၂ လနှင့် ရက်ပေါင်း ၂၀ ကြာမြင့်ပါသည်။ “အမေရိကန်ပြည်ထောင်စု ပြည်မကြီးပေါ်မှ ၄၈ ပြည်နယ်လုံးလမ်းလျှောက်ချင်ခဲ့တာပါ။ ခင်ဗျားတို့ရဲ့ လှပတဲ့ တောင်ကယ်ရိုလိုင်းနား ပြည်နယ်ကတော့ ကျွန်တော့်ရဲ့ ၄၈ ပြည်နယ်မြောက်ပေါ့” ဟု ဘိုးတော် စတိဗ်ဖူဂိတ်က ပြောကြားသည်။ ဘကြီးတစ်ယောက် အမေရိကန်ပြည်ထောင်စုကြီးကို ပတ်ပြီး လမ်းလျှောက်နေရာ အများပြည်သူစိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး သူရောက်ရာနေရာတိုင်း ကြိုဆိုကြသည်။ အဘယ့်ကြောင့် စတိဗ်ဖူဂိတ် အမေရိကန်တစ်လွှား လမ်းလျှောက်နေပါသနည်း။ 

သားဖြစ်သူ သေကြောင်းကြံစည်သွားခဲ့ပြီးနောက်တွင် စတိဗ်ဖူဂိတ် ယူကျုံးမရ ရင်ထဲပူလောင်ခဲ့သည်။ သားကွယ်လွန်ပြီးနောက်တွင် သေကြောင်းကြံစည်မှုကြောင့် သေဆုံးသူများစွာ ရှိနေကြောင်းကို သူသိလိုက်ရသည်။ သို့ဖြင့် အသက်တာကို ချစ်ခင်ပါ Love Life ဆိုသည့် စာသားကို သူ့ကျောပိုးအိတ်တွင် တပ်ဆင်ပြီး စတင်လမ်းလျှောက်တော့သည်။ ရောက်လေရာနေရာတွင် ဘဝကို အရှုံးမပေးဘဲ နေထိုင်ရေး၊ သေကြောင်းကြံစည်မှုကို မပြုလုပ်စေရေး သတင်းစကားများဝေမျှသည်။ နှစ်အနည်းငယ် လမ်းလျှောက်ခဲ့ပြီးနောက်တွင် သမီးဖြစ်သူလည်း ဆေးလွန်ပြီးသေဆုံးခဲ့ပြန်သည်။ ခံစားရသည့်ဝေဒနာများ သက်သာစေဖို့အတွက် သူ့ဆိုင်းဘုတ်ကို ပြန်ယူပြီး လမ်းလျှောက်ခဲ့ပြပါသည်။ 

ရုပ်ရှင်ရိုက်ကူးသူ ဆိုင်းရပ်စ်ဆက်တန်သည် ကယ်လီဖိုးနီးယား ကန္တာရကြီးထဲတွင် ဖူဂိတ်ကို တွေ့ရှိခဲ့သည်။ ထို့နောက် စိတ်ဝင်စားသွားခဲ့ပြီး လျှောက်လမ်းကုထုံးဟု အမည်ရသည့် မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့သည်။ အဆိုပါ ခြောက်မိနစ်စာ ရုပ်သံကြောင့် အမေရိကတစ်လွှား အဆိုပါခရီးသည်ကြီးကို သိရှိသွားကြပြီး သူ့သတင်းစကားများကို နားထောင်လာခဲ့သည်။ အမေရိကန်ပြည်မကြီး ၄၈ ပြည်နယ်တောက်လျှောက် လမ်းလျှောက်ခြေလျင်သွားဖို့ဆိုသည်မှာ လွယ်သည့်ခရီးမဟုတ်ပေ။ ဘကြီးကတော့ တရွေ့ရွေ့ ချီတက်နေသည်။ ကျောကုန်းမှာတော့ Love Life ဆိုသည့် ဆိုင်းဘုတ်ကြီးကိုထမ်းလို့။ အဆိုပါ လမ်းလျှောက်ခရီးထွက်ခြင်းသည် သူ့သားသမီးများကြောင့် ခံစားနာကျင်ရခြင်းကို သက်သာစေရန်နှင့် စိတ်ကျရောဂါ၊ သေကြောင်းကြံခြင်း စသည့်အကြောင်းများကို အများပြည်သူသို့ သတိပေးရန် ဖြစ်ပေသတည်း။ သူနှင့် တွေ့ဆုံစကားပြောဖြစ်ခဲ့သူများစွာ လမ်းတစ်လျှောက်ရှိခဲ့ပါသည်။ ဘဝကို အပြုသဘောမြင်ကာ အကောင်းဆုံး ရှေ့ဆက်ခရီးသွားရန်အတွက် သူ့အကြံဉာဏ်များကို ရရှိခဲ့ကြသည်ချည်း ဖြစ်သည်။ ဖူဂိတ်သည် သူ့ခရီးတောက်လျှောက်ကို သူ့အင်တာနက်စာမျက်နှာနှင့် Facebook တို့မှ ရေးသားဖော်ပြတင်ဆက်ပေးသည်။ သူ့ခရီးစဉ်အကြောင်း တွေ့ရှိခဲ့ရသည့် အရာများအကြောင်းကို အားကျနှစ်သက်ဖွယ်ဖြစ်အောင် ဖော်ပြပေးသည်။ Facebook ပေါ်မှတစ်ဆင့် ကမ္ဘာကြီးကို ဆက်သွယ်ပြီး လမ်းတစ်လျှောက် သူပြုလုပ်ခဲ့သော ကောင်းနိုးရာရာ ကောင်းမှုလေးများအကြောင်းကိုလည်း သင်ကြားပြသပေးသည်။ “ကမ္ဘာ့ငြိမ်းချမ်းရေးဆိုတာ မရှိဘူးဗျ။ မိမိရင်တွင်းက ငြိမ်းချမ်းရေးဆိုတာပဲရှိမယ်” ဟု ၎င်းက ပြောကြားသည်။ “ကျွန်တော်တို့ မျက်စိရှေ့မှာ နေ့စဉ်ဖြစ်နေတဲ့ အရာတွေကို ရင်ဆိုင်ရာမှာ အရေးအကြီးဆုံး နည်းလမ်းကတော့ ကျွန်တော်တို့ ဘဝအသက်တာကို လက်ခံလိုက်တာပဲဖြစ်ပြီး ဒါကို လက်ဆောင်တစ်ခုအနေနဲ့ ချစ်ခင်နှစ်လိုဖို့ ဖြစ်ပါတယ်” ဟု မြေလျှောက်ဝိဇ္ဇာကြီးအလား ခရီးသွားနေသည့် ဖူဂိတ်က ပြောကြားသည်။ 

“ကျွန်တော်လမ်းလျှောက်ရတာ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကလောက် မလွယ်တော့ဘူး။ ကျွန်တော် အသက် ၅၃ နှစ်မှာ စတင်ပြီးတော့ လမ်းလျှောက်ခဲ့တာဖြစ်ပါတယ်”ဟု ဖူဂိတ်က ၂၀၁၂ တွင် မီဒီယာတစ်ခုကို ပြောကြားခဲ့သည်။ သို့သော် ယခုအချိန်အထိ စတိဗ်ဖူဂိတ်သည် ၎င်း၏ သေကြောင်းကြံစည်မှု ဆန့်ကျင်ရေး၊ အကောင်းမြင်စေရေး သတင်းစကားများကို ခရီးသွားရင်း ပြောကြားနေသည်။ လမ်းလျှောက်ရင်းဖြင့် အများပြည်သူကို ပညာပေးနေသော သူ့စိတ် ဇွဲသတ္တိက ချီးကျူးလောက်ပါပေသည်။ သူ့စိတ်ဒဏ်ရာများလည်း သက်သာသည်။ အများအတွက်လည်း အကျိုးဖြစ်ထွန်းစေပါသည်။ 

သန့်ဇင်စိုး