News

POST TYPE

ABOUT US

ရွှေဝါရောင် တော်လှန်ရေးနေ့အခမ်းအနား ရန်ကုန်နှင့်မန္တလေး သံဃာများ ပူးပေါင်းကျင်းပမည်
04-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၄

၁၁ ကြိမ်မြောက် ရွှေဝါရောင် တော်လှန်ရေးနေ့ အခမ်းအနားကို ရန်ကုန်နှင့် မန္တလေးမှ ရွှေဝါရောင်သံဃာများ ပူးပေါင်း၍ စက်တင်ဘာလ ၁၈ ရက်နံနက်ပိုင်းတွင် တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်မည်ဖြစ်ကြောင်း ဆရာတော် ဦးပဏ္ဍဝံသ (ခေါ်)ဦးပြည်ကျော်က မိန့်ကြားသည်။

တော်ဝင်နှင်းဆီခန်းမ၌ အခမ်းအနား ပြုလုပ်ရန် အဆိုပါဆိုင်ပိုင်ရှင်က ကမ်းလှမ်းခဲ့သည့်အတွက် ၁၁ ကြိမ်မြောက် ရွှေဝါရောင် တော်လှန်ရေးဖြစ်မြောက်ရေး ကော်မတီက အတည်ပြုရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ဆိုသည်။

“တော်ဝင်နှင်းဆီမှာ လုပ်ဖြစ်တာက နဂိုတည်းက သံဃာတော်တွေက ရန်ပုံငွေကမရှိဘူး။ နေရာအတွက် တော်ဝင်နှင်းဆီ ပိုင်ရှင်ကပေးတယ်။ ဒီနှစ် ထူးခြားတာက ရန်ကုန်နဲ့ မန္တလေး နှစ်ဖွဲ့ပေါင်းလုပ်မှာပါ”ဟု ဆရာတော်က မိန့်ဆိုသည်။

ရွှေဝါရောင်တော်လှန်ရေးအဖြစ် ရန်ကုန်မြို့မှ သံဃာတော်များက ရန်ကုန်မြို့ရှိလမ်းပေါ်ထွက်၍ မေတ္တသုတ် ရွတ်ဖတ်သော စက်တင်ဘာလ ၁၈ ရက်ကို သတ်မှတ်၍ နှစ်စဉ် အခမ်းအနားပြုလုပ်လေ့ရှိပြီး မန္တလေးမြို့ရှိ သံဃာတော်များက စက်တင်ဘာလ ၂၆ ရက်ကို သတ်မှတ်ကျင်းပရာမှ ယခုနှစ်၌ တစ်နေရာတည်း ပူးပေါင်း ပြုလုပ်ကြခြင်းဖြစ်သည်။

“ရန်ကုန်နဲ့ မန္တလေး ညှိဖြစ်ရင်းက လုပ်ဖို့ သဘောတူလိုက်တာပါ။ ပုံမှန်ကတော့ ရန်ကုန်က စထွက်တဲ့နေ့ ၁၈ ရက်က ပုံမှန်ပဲ။ မန္တလေး ၂၆ ရက် လုပ်နေကျတွေ ဖြစ်ပါတယ်”ဟု မန္တလေးမြို့ ရွှေဝါရောင် တော်လှန်ရေး၌ပါဝင်ခဲ့သော ဦးပဉ္စင်း ဦးတိက္ခက မိန့်ဆိုသည်။

လက်ရှိတွင် အခမ်းအနားဖြစ်မြောက်ရေး ကော်မတီမှ ထပ်ဆင့် ဖွဲ့စည်းထားသည့် ဆပ်ကော်မတီများက ကုန်ကျစရိတ် တွက်ချက်၍ ပင့်သံဃာပမာဏကို သိရှိနိုင်မည်ဖြစ်ကြောင်း ၁၁ ကြိမ်မြောက် ရွှေဝါရောင် တော်လှန်ရေးနေ့ အခမ်းအနား ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

ထို့အပြင် ဘတ်ဂျက် လုံလုံလောက်လောက်ရရှိပါက ရွှေဝါရောင်တော်လှန်ရေးကာလ၌ ဖမ်းဆီးခံသံဃာများအပြင် ထွက်ပြေးတိမ်းရှောင်ရသည့် သံဃာငယ်များကိုလည်း ကြွရောက်ရန် ဖိတ်ကြားမည်ဖြစ်ကြောင်း ဦးပဏ္ဍဝံသ (ခေါ်) ဦးပြည်ကျော်က ထပ်မံမိန့်ကြားသည်။

၂၀၀၇ ခုနှစ်အတွင်း တပ်မတော် အစိုးရလက်ထက် စက်သုံးဆီနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုအပြင် စက်တင်ဘာလ ၅ ရက်၌ ပခုက္ကူမြို့၌ သံဃာသုံးပါးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ခဲ့သည့်အတွက် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ရွှေဝါရောင်တော်လှန်ရေး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

J-17