News

POST TYPE

ABOUT US

သစ်ပင်နှင့်တိရစ္ဆာန်များကို ပြုစုစောင့်ရှောက်ပေးသည့် တောပျော်မောင်နှံ
02-Sep-2018


ကျေးငှက်သာရကာများ၏ အသံများနှင့်အတူ တောအုပ်သည် စိမ်းလန်းစိုပြည်စွာ အေးစိမ့်လျက်ရှိသည်။ သစ်ခက်သစ်လက်များကြားမှ နေရောင်သည် တောအုပ်အတွင်းသို့ အလင်းများဖြာကျလျက်ရှိသည်။ သမင်အုပ်တစ်အုပ်သည် ရေစပ်စပ်နေရာတွင် ရေသောက်ဆင်းလျက်ရှိသည်။ ဆင်ကြီးသည်လည်း ဘာသာဘာဝတောအုပ်ထဲတွင် အစာရှာရန် တလှုပ်လှုပ်ဖြင့် သွားနေသည်။ အဆိုပါ တောအုပ်ကြီးသည် သဘာဝအတိုင်းဖြစ်နေသောတောအုပ်ကြီးတော့ မဟုတ်ပါဘူး။ ဧက ၃၀၀ ကျယ်သောမြေပြင်ပြီးတွင် တောအုပ်ကြီးဖြစ်အောင် ပြန်လည်စိုက်ပျိုး ပြုစုပျိုးထောင်ထားသည့် နေရာကြီးဖြစ်သည်။ အဆိုပါနေရာကို လင်မယားနှစ်ဦးကပိုင်ဆိုင်ပြီးသဘာဝကြိုးဝိုင်းအဖြစ် သစ်တောနှင့် တောကောင်များကိုစောင့်ရှောက်ပေးထားခြင်းဖြစ်သည်။ ဆယ်စုနှစ်များစွာ ပေးဆပ်နှစ်မြှုပ်ပြီး အဆိုပါတောအုပ်ကြီးကို တက်ညီလက်ညီ ဖန်တီးခဲ့ခြင်းဖြစ်သည်။ ထိုတောအုပ်ကြီးဖြစ်လာခြင်းဇာတ်လမ်းအစက ဤသို့ဖြစ်သည်။

အနီးလ်မာဟိုတြာနှင့် ပါမယ်လာတို့သည် ၎င်းတို့၏ အိပ်မက်ကို ကမ္ဘာအနှံ့ရှာဖွေခဲ့ရင်း အိန္ဒိယနိုင်ငံအူထရာခန်း ပြည်နယ်တွင် အဆိုပါ တောအုပ်ကြီးကို ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ ပါမယ်လာနှင့် မာဟိုတြာတို့စုံတွဲတွင် သားသမီးမရှိပါ။ တောအုပ်တစ်ခုကိုတော့ ထူထောင်လိုခဲ့သည်။ သူတို့နှစ်ဦးလုံး၏ အလုပ်တိုင်းတွင် ကြိုးစားခဲ့ကြသည်။ ပါမယ်လာသည် ဆေးဝါး ကုမ္ပဏီတစ်ခု၏ အရောင်းဝန်ထမ်းဖြစ်ကာ၊ မာဟိုတြာက ဘဏ်အရာရှိတစ်ဦးဖြစ်ကာ တောအုပ်ကြီးတစ်ခု ထူထောင်နိုင်လောက်သည့် ပမာဏအထိမြေပိုင်နိုင်ရန် သူတို့ ကြိုးစားခဲ့ကြသည်။ 

အမေရိကန်ပြည်ထောင်စုနယူးဂျာစီတွင် မာဟိုတြာနှင့် ပါမယ်လာတို့ ဆုံစည်းခဲ့ကြသည်။ အနီးလ်မာဟိုတြာသည် အောင်မြင်သော အိန္ဒိယ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်ကာ ပါမယ်လာသည်လည်း အောင်မြင်သော အရောင်းသမားတစ်ဦးဖြစ်သည်။ နောက်ပိုင်းမာဟိုတြာသည် ဘဏ်လုပ်ငန်းပြောင်းလုပ်ကာ ၎င်းတို့နှစ်ဦး၏ အိပ်မက်ဖြစ်သော တောအုပ်ထိန်းသိမ်းရေးလုပ်ငန်းကို မပူမပင်လုပ် နိုင်ရေးအတွက် အလုပ်ကြိုးစားခဲ့သည်။ မာဟိုတြာ၏ ဖခင်နာမကျန်းဖြစ်သောကြောင့် သူတို့စုံတွဲအိန္ဒိယသို့ ပြန်ကာဖခင်ကြီးနှင့်တွေ့ဆုံစဉ် သူတို့ အိပ်မက်ကို ပြန်လည်အသက်သွင်းဖြစ်ခဲ့သည်။ အိန္ဒိယကို ပြန်ခဲ့ရင်း အူထရာခန်းပြည်နယ်မှ ဟိမဝန္တာ၏အလှကို တွေ့ရှိရင်း သစ်တောထိန်းသိမ်းရေးလုပ်ငန်းကိုသာ လုပ်ချင်ကြတော့သည်။ သို့ဖြင့် မြေလွတ်မြေရိုင်းကျယ်တစ်ခု ကိုဝယ်ယူရင်း အမေရိကန်ပြည်ထောင်စုတွင် အောင်မြင်နေသောဘဝကို ဆုံးခန်းတိုင်ကာ အိန္ဒိယသို့ အပြီးပြောင်းလာကြသည်။ ဤတွင် အခက်အခဲများ ဆက်တိုက်ကြုံရပါတော့သည်။ 

တိရစ္ဆာန်များ စောင့်ရှောက်ရေးရှေ့ဆောင်အဖွဲ့ Save the Animals Initiative (SAI) ကို ဖွဲ့စည်းတည်ထောင်ပြီး သူတို့မြေတွင် သစ်ပင်များ စိုက်ပျိုးခြင်းကို ဆောင်ရွက်ခဲ့သည်။ နှစ်ပေါင်းများစွာ စိုက်ပျိုးရေး အလေ့အထအမှားများကြောင့် ဝယ်လိုက်သည့် မြေပြင်ကြီးက ပျက်စီးနေသည်။ တဖြည်းဖြည်း တိုးချဲ့စိုက်ပျိုးရင်းဖြင့် ဧကသုံးရာလောက်ဖြစ်လာသည်။ နှစ်ပေါင်း ၂၀ ကျော်လာသောအခါ သူတို့၏ မြေကွက်လပ် လွင်တီးခေါင်ကြီးသည် ထူထပ်ပိန်း ပိတ်နေသောတောအုပ်တစ်ခု ဖြစ်လာခဲ့လေပြီ။ ဇီဝမျိုးကွဲစုံအတွက် ခိုလှုံရာနေရာကိုဖန်တီးပေးနိုင်နေပြီဖြစ်သည်။ ငှက်မျိုးစုံပျားမျိုးစုံရှိသည့် တောအုပ်ကြီးဖြစ်လာလေပြီ။ ဘင်္ဂလားကျားများနှင့် အာရှဆင်များပင် သူတို့တောအုပ်ထဲတွင် ကျက်စားလျက်ရှိသည်။ “ပြီးခဲ့တဲ့ နှစ်တွေအတွင်းကအာရှဆင်တွေ သစ်တောထဲကိုရောက်လာကြပြီး လေးခါသားပေါက်တယ်။ ဆင်ထီးလေးနှစ်ကောင်နဲ့ ဆင်မလေး နှစ်ကောင်ပါ။ ကျားသစ်တွေကိုလည်းတွေ့တယ်။ ဒီကိုသူတို့လာနေကြတာ လုံခြုံတယ်လို့ ခံစားရလို့ ဖြစ်ပါမယ်။ ဒီမှာက ရေလည်းရတယ်။ လူတွေအမဲလာလိုက်မှာကိုလည်း ကြောက်စရာမလိုဘူး” ဟု ပါမယ်လာက ပြောကြားသည်။ 

“ကျွန်မတို့ဟာ ဘေးမဲ့တောကိုအသက်ဝင်နေတဲ့ ဓာတ်ခွဲစမ်းသပ်ခန်းလိုလည်းလေ့လာနိုင်ပါတယ်။ သဘာဝမိခင်ကဘယ်လိုမျိုး ပြန်လည်မွေးဖွားနိုင် တယ်ဆိုတာကိုလူထုက မြင်သိနိုင်ပါတယ်” ဟု ပါမယ်လာက ပြောကြားသည်။ ယခင် ကော်ဖီများ စိုက်ခဲ့သော စိုက်ခင်းပျက်ကြီးသည် ယနေ့အခါ စိမ်းစိုပိန်းပိတ်နေသောမိုးသစ်တောကြီး ဖြစ်သွားခဲ့လေပြီ။ “ပထမဆုံး မြက်တွေ ပေါက်လာတယ်။ မြက်တွေထူလာပြီးတော့ ချုံနွယ်တွေ ဖြစ်လာတယ်။ ဒီလိုနဲ့ အင်းဆက်ကောင်တွေ နေစရာပြန်ရလာတယ်။ အပင်တွေလည်း ကြီးလာရော မျောက်တွေနဲ့ ဆင်တွေ ရောက်လာတယ်။ သူတို့ ပြန်လည်နေထိုင်နိုင်ဖို့အတွက် အချိန်ပေးနှစ်မြှုပ်ခဲ့ရပါတယ်။ လူတွေကတော့ ကျွန်မတို့ကို ရူးနေပြီထင်မှာပေါ့။ ရပါတယ်” ဟု ပါမယ်လာက ပြောပြသည်။ 

စိမ်းလန်းအေးချမ်းသောဘဝကို ဖြတ်သန်းခံစားနေရင်း သဘာဝပတ်ဝန်းကျင်ကို အကောင်းဆုံးစောင့်ရှောက်ပေးနေသည့် အနီးလ်မာဟိုတြာနှင့် ပါမယ်လာတို့ မိသားစုက အားကျဖွယ်ရာဖြစ်သည်။ နယူးဂျာစီပြည်နယ် ကားဟွန်းသံတညံညံမီးရောင် စုံလမ်းမပေါ်ကို ငြီးငွေ့သည်ဟု ဆိုကြသူအတော်များများ ရှိနိုင်သည်။ သဘာဝတောအုပ်တစ်ခုကို ပြန်လည်ပျိုးထောင်လိုသူများစွာရှိနိုင်ပါသည်။ သို့သော် ထိုအရာများကို တကယ်တမ်း အကောင်အထည်ဖော်တော့မည်ဆိုလျှင် ထင်သလောက် ရွေးချယ်ရမလွယ်ကူပါ။ မာဟိုတြာစုံတွဲတွင် သန့်စင်သောလေ၊ အေးမြသောရေနှင့် လှပသော သဘာဝပတ်ဝန်းကျင်ရှိကြသည်။ အေးချမ်းစွာ တရားထိုင်ရင်းတောအုပ်နှင့် သတ္တဝါများကိုစောင့်ရှောက်ပေးနေသည်။

သန့်ဇင်စိုး