News

POST TYPE

ABOUT US

ရန်ကုန်မြို့၌ ၁၁ ကြိမ်မြောက် ရွှေဝါရောင်တော်လှန်ရေးအခမ်းအနား ကျင်းပရေးကော်မတီဖွဲ့စည်း
28-Aug-2018
ရန်ကုန်၊ ဩဂုတ် ၂၇

ရန်ကုန်မြို့၌ ၁၁ ကြိမ်မြောက် ရွှေဝါရောင်တော်လှန်ရေးအခမ်းအနားကို စက်တင်ဘာလ ၁၈ ရက်၌ ကျင်းပရန် အခမ်းအနားဖြစ်မြောက်ရေး ကော်မတီအဖွဲ့ကို ဩဂုတ်လ ၂၇ ရက်က ဖွဲ့စည်းလိုက်ကြောင်း ဦးပဏ္ဍဝံသ (ခေါ်) ဦးပြည်ကျော်က မိန့်ကြားသည်။

“ဒီနေ့က အခမ်းအနားကျင်းပဖို့အတွက် ကော်မတီဖွဲ့တာပေါ့။ နိုင်ငံရေး အင်အားစုတွေနဲ့ အခြားနိုင်ငံရေးအကျဉ်းသားတွေပါဝင်ဖို့ ရွှေဝါရောင်တွေကနေ ဖိတ်ကြားပြီးတော့ လုပ်လိုက်တာလေ။အခမ်းအနားဖြစ်မြောက်ရေးက သံဃာ တော်တွေချည်း လုပ်လို့ အဆင်မပြေနိုင် ဘူး” ဟု ဆရာတော်က မိန့်ဆိုသည်။

ယင်းအခမ်းအနားဖြစ်မြောက်ရေးကော်မတီအစည်းအဝေးကို သင်္ဃန်းကျွန်း မြို့နယ်ရှိ ရွှေသိမ်ဓမ္မာသိင်္ဂီကျောင်းတိုက်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အလှူငွေ ကောက်ခံရေးနှင့် နိုင်/ကျဉ်းအဖွဲ့၊ ၈၈ ပွင့် လင်းအဖွဲ့၊ ILO အလုပ်သမားအဖွဲ့များ အပါအဝင် ရွှေဝါရောင်တော်လှန်ရေးကာလ၌ ပါဝင်သည့် အဖွဲ့အစည်းပေါင်း ၃၂ ဖွဲ့၊ ကိုယ်စားပြုသူ ၆၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း ယင်းပွဲဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

လက်ရှိတွင် ဓမ္မပီယကျောင်းတိုက်နှင့် တော်ဝင်နှင်းဆီခန်းမ နှစ်နေရာတွင် အခမ်းအနားကျင်းပနိုင်ရန် ယာယီသတ်မှတ်ထားပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဖွဲ့စည်းထားသည့်ကော်မတီဝင်များဖြင့် ဒုတိယအကြိမ်အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်မည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။

“မနှစ်ကတော့ ဓမ္မပီယကျောင်းမှာ လုပ်တယ်။ အခုက ကားတွေပိတ်တာလည်း ပါတယ်ဆိုတော့ တော်ဝင်နှင်းဆီ ခန်းမလိုနေရာမျိုး တစ်ချက်စဉ်းစားဖြစ်တယ်။ ပထမဦးစားပေးကတော့ ဓမ္မပီယ ကျောင်းပေါ့”ဟု ပွဲဖြစ်မြောက်ရေးအဖွဲ့ တက်ရောက်ခဲ့သော နိုင်/ကျဉ်း အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထို့အပြင် ယခုနှစ်အခမ်းအနားတွင် ဘတ်ဂျက်လုံလုံလောက်လောက် ရရှိပါက ရွှေဝါရောင်တော်လှန်ရေးကာလတွင် အဖမ်းခံရသော သံဃာနှင့် ထွက်ပြေးတိမ်းရှောင်ရသော သံဃာငယ်များအပါအဝင် အပါး ၃၀၀ ခန့် ပင့်နိုင်ရန် မျှော်မှန်းထားသော်လည်း ဘတ်ဂျက်အနေအထားပေါ် မူတည်ကြောင်း ဦးပဏ္ဍဝံသ (ခေါ်) ဦးပြည်ကျော်က ထပ်မံမိန့်ကြားသည်။

“အရင်နှစ်တွေက ဘတ်ဂျက်ပေါ် မူတည်ပြီးတော့ သံဃာ ၇၀ လောက်ပဲ ကြွနိုင်တာကိုး။ ပင့်ပေမယ့် ကြို/ပို့ ကိစ္စတို့၊ လမ်းစရိတ် ပြန်ကပ်ပေးတာတို့ ဒါတွေက လုပ်ဖို့အတွက် ရန်ပုံငွေက လိုတာပေါ့”ဟု ၎င်းက ဆိုသည်။

၂၀၀၇ ခုနှစ်အတွင်း တပ်မတော်အစိုးရ လက်ထက် စက်သုံးဆီနှင့်ကုန်ဈေးနှုန်း ကြီးမြင့်မှုအပြင် စက်တင်ဘာလ ၅ ရက်၌ ပခုက္ကူမြို့၌ သံဃာသုံးပါးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ခဲ့သည့်အတွက် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ရွှေဝါရောင်တော်လှန်ရေး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ 

J-17


  • VIA