News

POST TYPE

ABOUT US

သော့များစွာကိုင်ရင်း လမ်းလျှောက်နေတဲ့ ချီလီက နတ်သမီး
26-Aug-2018


ချီလီနိုင်ငံ ဗယ်ပါရာဆိုမြို့သည် တောင်စောင်းတောင်ကုန်းများနှင့် ပင်လယ်ကမ်းခြေလည်းရှိသော လှပသည့် မြို့ဖြစ်သည်။ ဆေးရောင်စုံခြယ်ထားသော မြို့ဖြစ်ရာ သဘာဝရှုခင်းများနှင့် ပေါင်းစပ်လိုက်သောအခါ ရောင်စုံပန်းချီကားတစ်ချပ်သဖွယ် ဖြစ်သည်။ အဆိုပါမြို့၏ လမ်းကျဉ်းလေးများထဲတွင် နေ့စဉ် တစ်အိမ်ပြီးတစ်အိမ်သွားနေသော နတ်သမီးတစ်ပါး ရှိပါသည်။ ထိုနတ်သမီးသည် သော့တွဲကြီးတစ်ခုကို ကိုင်ထားသည်။ အမျိုးအစားပေါင်းစုံသော သော့တွဲကြီးက တစ်ဖက်၊ အစားအသောက်များ၊ အညစ်အကြေးခံ ဒိုက်ပါများ၊ ဆေးဝါးများထည့်ထားသည့်အိတ်က တစ်ဖက်ဖြင့် လမ်းကြိုလမ်းကြားများထဲမှ အိမ်များသို့ လိုက်လံသွားလာနေသည်။ ထိုအိမ်များထဲမှ လူတိုင်းက သူ့ကို တံခါးထဖွင့်ပေးနိုင်ချင်မှ ပေးနိုင်လိမ့်မည်။ သို့သော် သူ့အတွက် ပြဿနာမရှိ သူ့မှာ သော့များရှိသည်။ ဖွင့်ဝင်လိုက်ရုံ သာဖြစ်သည်။ ထိုနတ်သမီး၏အမည်မှာ ဆိုဖီယာ ဇာရာတေးဗာဂါရာ ဖြစ်သည်။ ချီလီနိုင်ငံ ဗယ်ပါရာဆိုမြို့ရှိ အထီးကျန်သက်ကြီးဘိုးဘွားများကို တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံကြည့်ရှုစောင့်ရှောက်ပေးနေသူ ဖြစ်သည်။ ချီလီတွင် သူ့ကို သက်ကြီးရွယ်အိုများ၏ နတ်သမီးဟု ခေါ်ကြသည်။ တကယ်တော့ သူသည်လည်း အသက် ၇၃ နှစ် ရှိပါလေပြီ။

ဆိုဖီယာ ဇာရာတေး ဗာဂါရာသည် တစ်ဦးတည်း၊ သို့မဟုတ် လင်မယားနှစ်ယောက်တည်း ခက်ခဲစွာ ရပ်တည်နေရသော သက်ကြီးရွယ်အိုများ၊ အထီးကျန်သက်ကြီးများ၊ စွန့်ပစ်ခံများထံသို့ အိမ်တိုင်ရာရောက် သွားလာတွေ့ဆုံရင်း ကူညီပေးနေသူတစ်ဦးဖြစ်သည်။

“မနက်ပိုင်းကစပြီး ကျွန်မရဲ့ခရီးစဉ်ကို စတင်ပါတယ်။ တစ်ခါတလေ ကျွန်မရောက်တာတောင် သူတို့ ဘာမှမစားရသေးတာ ရှိပါတယ်။ အစားအသောက်တွေကို ဘုရားကျောင်းကနေ ကျွန်မ ဝင်သယ်ပြီးယူသွားပါတယ်” ဟု ဆိုဖီယာက ပြောပြသည်။ 

ဆိုဖီယာ ကြည့်ရှုစောင့်ရှောက်ပေးနေသော သက်ကြီးရွယ်အိုများက သူမကို အိမ်သော့များ ပေးထားကြသည်။ အချို့အိမ်များဆိုလျှင် ထိုသော့ဖြင့်ပင် ဝင်ရောက်သွားပြီး အထဲရောက်သော် ယူလာသော အစားအစာ အာဟာရများကို ဖြည့်ဆည်းပေးခြင်း၊ စကားစမြည်ပြောခြင်း၊ နောက်တစ်ခေါက်လာလျှင် ယူလာရမည်များကို မှတ်သားခြင်းတို့ ပြုလုပ်သည်။ ပြန်သွားတိုင်း ဘိုးဘွားများကို အနမ်းချိုချိုလေးများ ပေးထားခဲ့လေ့ရှိသည်။ 

“အိမ်သော့တွေ အများကြီးက သူတို့ဟာတွေပါ။ တချို့က တံခါးထမဖွင့်နိုင်တော့ သော့တွေကို ကျွန်မ ယူထားတယ်” ဟု ဆိုဖီယာက ပြောပြသည်။ 



ဗယ်ပါရာဆိုမြို့သည် သက်ကြီးထူထပ်ရာ မြို့ဖြစ်သည်။ မြို့၏ လူဦးရေ ၁၈ ရာခိုင်နူန်းသည် အသက် ၆၀ အထက်ဖြစ်ပါသည်။ ချီလီ၏ ပင်စင်စနစ်သည် ကမ္ဘာပေါ်တွင် စီးပွားရေး နီယိုလစ်ဘရယ်အဆန်ဆုံး ပင်စင်စနစ် ဖြစ်သည်။ လုပ်သားတို့သည် ပင်စင်ရန်ပုံငွေစီမံရေး (AFP) သို့ စာရင်းသွင်းကာ လစာ၏ ၁၀ ရာခိုင်နှုန်းကို ပုံမှန်သွင်းနေရပြီး အနားယူသည့်အရွယ်ရောက်မှ အဆိုပါအေဂျင်စီက ပြန်ထောက်ပံ့သည်။ အကြောင်းအမျိုးမျိုးကြောင့် မသွင်းနိုင်သူသည် ပင်စင်ခံစားခွင့် မရှိ။ ပုံမှန်မသွင်းခဲ့သူသည်လည်း ပင်စင်ပယ်ဖျက်ပြီး ဖြစ်သည်။ အာဏာရှင်အစိုးရ လက်ထက်ကတည်းက ဖန်တီးခဲ့သောစနစ်ဖြစ်သည်။ ပင်စင်ကောင်းကောင်းလိုချင်လျှင် ပိုက်ဆံပိုထည့်ရသည်။ စုထားဆောင်းထားသမျှ ပင်စင်စာရင်းတွင်ကုန်လျှင် လာမှ ထပ်မရတော့ပေ။ သို့ဖြင့် သက်ကြီးရွယ်အိုများစွာ ဘဝရပ်တည်ရေး အခက်အခဲ ကြုံကြရသည်။ ပင်စင်ကြေးမသွင်းနိုင်ခဲ့သူက လူ့အဖွဲ့အစည်းတွင် များစွာရှိနိုင်သည်။ ဥပမာ - အိမ်ထောင်ထိန်း အမျိုးသမီးများ။ တစ်ဘဝလုံး မီးဖိုချောင်နှင့် အိမ်မှုကိစ္စထိန်းသိမ်းမှုကို လုပ်ခဲ့သည်။ ထို့ကြောင့် ဝင်ငွေမရှိ။ ပင်စင်ကြေးမသွင်းခဲ့။ ဆိုလိုသည်က ပင်စင်မဝယ်နိုင်ခဲ့။ သူတို့လည်း အသက်ကြီးကျတော့ အလုပ်မလုပ်နိုင်တော့။ အလွန်ခက်ခဲသည့် အခြေအနေဖြစ်သည်။

“သူတို့ဟာ အင်မတန်နည်းပါးတဲ့ ပမာဏပဲ ပင်စင်ငွေရပါတယ်။ နေစရာငှားနေဖို့လောက်ပဲ ရှိပါတယ်” ဟု ဆိုဖီယာက ပြောပြသည်။ 

“မလောက်ဘူးလေ။ ကောင်းကောင်းမစားရဘူး။ အစားအသောက်ဈေးကြီးလို့ ကောင်းတာမစားနိုင်ဘူး။ ကျွန်မတို့တွေရှိနေတာကို အစိုးရက မသိပါဘူး။ သက်ကြီးရွယ်အိုတွေဟာ အငြိမ်းစားထောက်ပံ့မှု ကောင်းကောင်းရသင့်ပါတယ်” ဟု ဗယ်ပါရာဆိုမြို့သူ အမေကြီးတစ်ဦးက ပြောပြသည်။ 

ထိုပြဿနာကြီးတစ်ခုလုံးကို ဆိုဖီယာ မရှင်းပေးနိုင်ပါ။ သို့သော် သူ့ဆီမှာ စာရင်းရှိသလောက် အထီးကျန်ဘိုးဘွားများ၏ အိမ်များသို့ ဘုရားကျောင်းက ထောက်ပံ့လှူဒါန်းသမျှလေးနှင့် သွားနေဆဲဖြစ်သည်။ သူမ၏ အနမ်းချိုချိုသည် အထီးကျန်ဘိုးဘွားများအတွက် အလွန်အားရှိစေပါသည်။ 

“သူတို့နဲ့ စကားပြောတယ်။ သီချင်းဆိုပြတယ်။ ကျွန်မက အဆိုကောင်းတော့ မဟုတ်ပါဘူး။ အနည်းဆုံး သူတို့ ပျော်ရတာပေါ့ရှင်” ဟု ဆိုဖီယာက ဆိုသည်။ 

သက်ကြီးရွယ်အိုများအရေး မူဝါဒသည် နိုင်ငံတိုင်းအတွက် အလွန်အရေးကြီးပါသည်။ ကောင်းစွာ မပြင်ဆင်ထားနိုင်လျှင် နိုင်ငံသား ဘိုးဘွားများ အခက်အခဲကြုံရတတ်သည်ကို ယခုဇာတ်လမ်းက ပြသနေသည်။ 

“အစိုးရကို မနက်တိုင်း ကျွန်မနဲ့တူတူ လမ်းလျှောက်စေချင်တယ်။ ကိုယ်တိုင်မမြင်ရရင် သူတို့ သိမှာမဟုတ်ဘူး” ဟု ဆိုဖီယာက ဆိုသည်။ 

လိုအပ်ချက်များရှိနေသည့် လူ့အဖွဲ့အစည်းတိုင်း၏ သဘာဝဖြစ်သော်လည်း သူ ကြားသိနေရသောအဖြစ်များကို လက်ပိုက်ကြည့်မနေသည့် လူသားကောင်းစိတ်ထားဖြင့် ဆိုဖီယာက နေ့စဉ် လမ်းလျှောက်ထွက်နေဆဲဖြစ်သည်။

“ဒီလို လုပ်ခွင့်ရနေတာ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ တစ်ပါးသူတွေကို ဆက်ပြီး ကူညီသွားဦးမှာပါ” ဟု သော့တွဲကိုင် နတ်သမီးက ဆိုသည်။

သန့်ဇင်စိုး