News

POST TYPE

ABOUT US

ကွတ်ခိုင်တွင် အမျိုးသားကိုးဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖမ်းဆီး
22-Aug-2018
လားရှိုး၊ ဩဂုတ် ၂၂ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင် မော်တော်ယာဉ်ဖြင့် အောင်ဘာလေထီ လှည့်လည်ရောင်းချသည့် အမျိုးသား ၉ ဦးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့မှု ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကွတ်ခိုင်မြို့နယ်၊ အနောက်တောင်ဘက် ၈ မိုင်ခန့်အကွာတွင်ရှိသည့် ဟိုနောင်ကျေးရွာအုပ်စု၊ တုံဆိပ်လုံကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထီလှည့်လည်ရောင်းချသူ ၁၁ ဦးအနက် ၉ ဦးမှာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြောင်း၊ ကျန်နှစ်ဦးမှာမူ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ရှမ်းပြည်နယ်၊ ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ပြန်လည်လွတ်မြောက်လာသူနှစ်ဦးမှာ ရန်ကုန်မြို့နေသူ အမျိုးသားတစ်ဦးနှင့် ဘိုကလေးမြို့နေ အမျိုးသားတစ်ဦးတို့ဖြစ်ပြီး ထီရောင်းချသူ ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ မည်သည့်လက်နက်ကိုင်အဖွဲ့ဖြစ်သည်ကိုမူ စုံစမ်းနေဆဲဖြစ်ကာ လတ်တလောတွင် ကွတ်ခိုင်ရဲစခန်း၌ အမှုဖွင့်ထားခြင်း မရှိသေးကြောင်း၊ အဆိုပါတုံဆိပ်လုံကျေးရွာမှာ လုံခြုံရေးမရှိသည့်နယ်မြေ ဖြစ်သည့်အတွက် ရဲတပ်ဖွဲ့က သွားရောက်နိုင်ခြင်းမရှိကြောင်း ကွတ်ခိုင်မြို့မရဲစခန်းထံမှ သိရသည်။

ပြီးခဲ့သည့်၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း ကွတ်ခိုင်မြို့နယ်အတွင်း ရဲတပ်ဖွဲ့ဝင်နှစ်ဦးကိုဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး သုံးရက်အကြာတွင် ပြန်လွှတ်ပေးခဲ့သော ဖြစ်စဉ်ရှိခဲ့သည်။

R-07