News

POST TYPE

ABOUT US

အစားအသောက်ပိုများနဲ့ နည်းပညာပေါင်းစည်းကာ ဆာလောင်မှုကို ဖြေဖျောက်ပေးသူ
19-Aug-2018


အိုင်အိုဝါ ပြည်နယ်သူ မာရီယာရို့စ်ဘယ်ဒင်းသည် သူမတို့ ဘုရားကျောင်း၏ ဝေငှလှူဒါန်းရာ စားသောက်ဂိုဒေါင်တွင် လုပ်အားပေးရင်း ကြီးပြင်းလာသူ ဖြစ်ပါသည်။ “ကိုယ်တော်ယေရှုက ပြောဖူးတယ်။ ငါဆာလောင်နေသောအခါ သင်ငါ့ကို ကျွေးမွေးတဲ့ စည်သွတ်ထားတဲ့ အစားအသောက်ဘူးတွေက ဒီလို လမ်းညွှန်ချက်ကို ဖြေရှင်းပေးခဲ့ဖူးပါတယ်” ဟု မာရီယာက ပြောပြသည်။ သူမ အရွယ်ရောက်လာသောအခါ ဆာလောင်နေသူများကို အစားအသောက်မျှဝေရသည့် အလုပ်သည် လွယ်သင့်သလောက် မလွယ်သည်ကို တွေ့ရှိသိရှိလိုက်ရသည်။ အစားအသောက်ဂိုဒေါင်တွင် အစားအစာတစ်မျိုးက ပိုလျှံထွက်နေပြီး တွဲစပ်ချက်ပြုတ်ရမည့် အခြားအစားအစာက တစ်စေ့တစ်နှံပင် မရှိသော အခြေအနေမျိုး ဖြစ်သည်။

၂၀၀၉ ခုနှစ် မာရီယာအသက် ၁၄ နှစ်အရွယ်က မာခရိုနီခေါက်ဆွဲခြောက်တွေနဲ့ ဒိန်ခဲများစွာ အလှူခံရရှိသည်။ သူတို့ ရပ်ရွာက လိုအပ်သည်ထက်ပိုရခဲ့သည်။ အခြားလိုအပ်နေသော ပရဟိတတစ်ဖွဲ့ဖွဲ့နှင့် ဘယ်လိုချိတ်ပေးရမည်ကိုလည်း မသိခဲ့။ လအနည်းငယ်ကြာတော့ ရာပေါင်းများစွာသော အဆိုပါ အစားအသောက်သေတ္တာဘူးတွေကို လွှင့်ပစ်လိုက်ရသည်။ အစားအသောက်တွေကို လွှင့်ပစ်နေရစဉ် ဆာလောင်နေသူများစွာက အစားအသောက်များကို မျှော်လင့်နေကြသည်။ “ကျွန်မလေ စိတ်တိုလွန်းလို့ ငိုလိုက်ရတာဆိုတာ။ ထိရောက်တဲ့နည်းနဲ့ ချိတ်ဆက်ဖို့အတွက် မရှိဘူးဖြစ်နေတယ်။ အင်တာနက်ကြီး လက်ထဲရှိတာတောင်မှလေ” ဟု ယခုအခါ အသက် ၂၂ နှစ်ရှိပြီဖြစ် သည့် မာရီယာရို့စ်ဘယ်ဒင်းက ပြောကြားသည်။ အမေရိကန်ပြည်ထောင်စုတွင် အစားအသောက်ပုံမှန် မစားသုံးရသော အမေရိကန်ပြည်သူ သန်း ၄၀ ခန့် ရှိသည်။ ထို့ပြင် တိုင်းပြည်၏ စားသောက်ကုန်ထုတ် ပမာဏ၏ ၄၀ ရာခိုင်နှုန်းက အမြဲတမ်း လေလွင့်နေသည်။ 

အထက်တန်းကျောင်းမှာကတည်းက အဆိုပါ ပြဿနာနှစ်ခု၏ အဖြေကို ချိတ်ဆက်နိုင်ဖို့ အိုင်ဒီယာတစ်ခု စဉ်းစားမိသည်။ အွန်လိုင်း အချက်အလက် သိုလှောင်မှု Database တစ်ခုလုပ်ဖို့ဖြစ်ပါသည်။ ဒါပေမဲ့ သူက ကွန်ပျူတာပရိုဂရမ်ရေးတတ်သူတော့ မဟုတ်ပေ။ အထက်တန်းအောင်ပြီးသောအခါ ဂရန့်နယ်ဆင်နှင့်တွေ့ခဲ့သည်။ ကိုယ့်ကွန်ပျူတာတွင်ကိုယ် ပရိုဂရမ်လေးများရေးလေ့ရှိသော ဥပဒေကျောင်းသားတစ်ဦး ဖြစ်သည်။ ၉ လလောက် သူတို့နှစ်ဦး အလုပ်ပေါင်းလုပ်ခဲ့ကြသည်။ American University တွင် ပထမနှစ်တက်ပြီးသောအခါ အစားအသောက် အပိုအလျှံရှိနေသော စီးပွားရေးလုပ်ငန်းများနှင့် ပရဟိတအဖွဲ့များကို ချိတ်ဆက်ပေးနိုင်မည့် ဖရီးအွန်လိုင်း ပလက်ဖောင်းတစ်ခုဖြစ်သော MEANS ကို စတင်မိတ်ဆက်နိုင်ခဲ့သည်။ MEANS ၏ အဓိပ္ပာယ်မှာ ပိုလျှံနေမှုများနှင့် လိုအပ်နေမှုများကို ချိတ်ဆက်ပေးခြင်းဟူသော စကားစုကို အတိုကောက်ပြုလုပ်ထားခြင်း ဖြစ်သည်။ အထက်တန်းကျောင်းသားများ၊ ကောလိပ်ကျောင်းသားများ စုစည်းကာ အဆိုပါ အကျိုးအမြတ် မမျှော်ကိုးသော စုဖွဲ့မှုကို တည်ထောင်ခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် ပိုလျှံနေသူများနှင့် လိုအပ်နေသူများကို ချိတ်ဆက်ပေးပြီး ဆောင်ရွက်ခဲ့ရာ ၂၀၁၅ မှ ယနေ့အချိန်အထိ အစားအသောက်ပေါင်ချိန် ၁ ဒသမ ၈ သန်းကို သွန်ပစ်ရမည့်ဘေးမှ ကာကွယ်နိုင်ခဲ့ပြီး လိုအပ်နေသူများထံ အချိန်မီပေးပို့နိုင်ခဲ့သည်။ “အနီးအနား ရပ်ရွာတွေမှာ လူတွေ ဆာလောင်နေကြချိန်မှာ ကုန်စုံဆိုင်တွေနဲ့ စားသောက်ဆိုင်တွေဟာ အစားအသောက်တွေကို လွှင့်ပစ်နေရတယ်” ဟု မာရီယာ က ပြောပြသည်။ သူတို့အဖွဲ့က အဆိုပါပြုန်းတီးမှုနှင့် လိုအပ်နေမှုတို့ကို တံတားထိုးပေးကြခြင်း ဖြစ်သည်။ 

“ဒါကို သုံးရတာက ရိုးရှင်းပါတယ်။ MEANS ကနေ အစားအသောက်ရယူချင်တယ်ဆိုရင် အမေရိကန်ပြည်ထောင်စု ဥပဒေအတိုင်း မှတ်ပုံတင်ထားတဲ့ ပရဟိတအဖွဲ့အစည်းဖြစ်ရပါမယ်။ မိမိတို့ အလှူပေးမီးဖိုချောင်အတွက်၊ သို့မဟုတ် အိမ်ခြေမဲ့ခိုလှုံရာဂေဟာ သို့မဟုတ် အစားအသောက်သိုလှောင်ခန်းအတွက် လိုနေပြီဆိုရင် ကျွန်မတို့စနစ်ထဲကို ဖြည့်သွင်းသတင်းပေးရပါတယ်။ ကုန်စုံဆိုင်ကဖြစ်စေ၊ အစားအသောက်လက်ကားဒိုင်တွေကဖြစ်စေ၊ လှူချင်တာရှိရင် အွန်လိုင်းပေါ်တက်ပြီး ဘယ်နေရာက၊ ဘာတွေလှူချင်တယ်၊ ဘယ်တော့လောက် အပြတ်လှူချင်တယ်ဆိုတာကို ဝင်ဖြည့်ပေးရမှာဖြစ်ပါတယ်” ဟု မာရီယာက အသုံးပြုနည်းကို ရှင်းပြသည်။ ထို့နောက် အစားအသောက် အလှူခံထားသော အဖွဲ့အစည်းများ၏ အနီးတစ်ဝိုက်ဒေသများကို ကွန်ပျူတာစနစ်က အသိပေးလိုက်မည် ဖြစ်သည်။ သို့ဖြင့် ပိုလျှံနေသည့် နေရာများနှင့် လိုအပ်နေသည့်နေရာများကို အမြန်ဆုံးနည်းဖြင့် ချိတ်ဆက်ပေးလိုက်နိုင်မည်ဖြစ်သည်။ 

ယခုအခါ MEANS သည် အမေရိကန်ပြည်ထောင်စုတစ်လွှားတွင် လက်တွဲဆောင်ရွက်ဖက် ၃၀၀၀ အဖွဲ့အစည်းခန့်ရှိနေပြီဖြစ်သည်။ ထူးခြားဆန်းပြားသည့် အစားအသောက်များကိုလည်း နာမည်ကြီး စားသောက်ဆိုင်များက ဒိတ်မလွန်ခင်လှူကြရာ လိုအပ်နေသူများ တစ်သက်လျှင် တစ်ခါပင် စားဖူးဖို့ မလွယ်သည့် အစားအသောက်များပင် ရရှိကြသည်။ တစ်ခါတလေ ပဲလုံး တန်ပေါင်းများစွာ လှူသူများ၊ နွားနို့ ဂါလန်ပေါင်းများစွာ လှူလို့ သွားသယ်ကြခြင်းများကိုလည်း ချိတ်ပေးလိုက်နိုင်သည်။ 

ယင်းသို့ အကျိုးကျေးဇူးကြီးသော နည်းပညာအခြေပြု ချိတ်ဆက်လှုပ်ရှားမှုကို ကျောင်းသားများကသာ ပြုလုပ်သွားကြခြင်း ဖြစ်သည်။ တီထွင်ဆန်းသစ်မှုကို အားပေးသော ပညာရေးစနစ်၏ အရေးပါမှုကို ယခုဖြစ်စဉ်တွင် လေ့လာတွေ့ရှိရသည်။ သူတစ်ပါးကို ကူညီပေးလိုသော စိတ်စေတနာကောင်းနှင့် နည်းပညာကျွမ်းကျင်မှုတို့ကို ပူးပေါင်းလိုက်သည့်အခါ ယခုကဲ့သို့သော ကောင်းမွန်သည့်ရလဒ်များ ထွက်ပေါ်လာပါသည်။ MEANS ကို တည်ထောင်သူများရော စေတနာ့ဝန်ထမ်းများပါ ကောလိပ်နှင့် အထက်တန်းကျောင်းသားများ ဖြစ်ကြသည်။ “ယခုလို ဆောင်ရွက်ပေးရခြင်းဟာ အလွန်အရေးကြီးတဲ့ အရာတစ်ခုကို တည်ဆောက်နေတယ်ဆိုတာ သိရတဲ့အတွက် ဒီအလုပ်ကို ကျောင်းတစ်ဖက်နဲ့ မအားတဲ့ကြားက ကူညီရတာ တန်ပါတယ်” ဟု မာရီယာက ပြောကြားသည်။ 

သန့်ဇင်စိုး