News

POST TYPE

ABOUT US

လျှပ်တစ်ပြက်ကောင်းမှုလေးများနှင့် လူသားများ (၁၄)
12-Aug-2018
လူသားတိုင်းသည် အသက်ရှင်ရပ်တည်ရေးအတွက် ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ပုံစံဖြင့် ရုန်းကန်နေကြရသူများချည်း ဖြစ်ပါသည်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင် ဝင်ဆံ့ရပ်တည် ခိုင်မာစေရန် အမြဲပြင်ဆင်လှုပ်ရှားနေကြရသည်။ ထို့ကြောင့် လူတိုင်းသည် အချိန်ပြည့် အများအကျိုးလုပ်ဆောင်နေနိုင်သူ မဖြစ်နိုင်ပေ။ သို့သော် နေ့စဉ်ဘဝတွင် ရုန်းကန်နေထိုင်ရင်းပင် ကြုံရာကျပန်း ကောင်းမှုလေးများကို လုပ်ဆောင်နိုင်ပေသည်။ သန်းကြွယ်သူဌေး၊ အားကစားကြယ်ပွင့်မှသည် သာမန်ရထားစီး ခရီးသည်တစ်ယောက်အထိ လုပ်ဆောင်ပေးသမျှသည် သူ့နည်းသူ့ဟန်ဖြင့် လိုအပ်နေသူအတွက် ထိရောက်မှုရှိပါပေသည်။ ကြုံရာကျပန်းလုပ်ဆောင်ပေးသည့် လျှပ်တစ်ပြက်ကောင်းမှုလေးများ သတင်းတိုများကို ဖတ်ရှုရတိုင်း မဖော်ပြတတ်သော ကြည်နူးမှုများ ခံစားရတတ်သည်။ ထို့ကြောင့် The Voice Sunday စာဖတ်ပရိသတ်အတွက် အဆိုပါ ဖြစ်ရပ်လေးများကို မျှဝေဖော်ပြလိုက်ပါသည်။ 



လူသတ်လက်နက်များနဲ့လုပ်တဲ့ ငြိမ်းချမ်းရေး ပညာပေးမှု သင်္ကေတ

ငြိမ်းချမ်းတယ်ဆိုတဲ့ သဘောသဘာဝကို မငြိမ်းချမ်းတဲ့နေရာတွေက လူတွေက ပိုနားလည်နိုင်ကြသည်။ ဂါဇာဒေသခံ ပါလက်စတိုင်း အနုပညာရှင်တစ်ဦးသည် ဆန္ဒပြပါလက်စတိုင်းလူအုပ်ဘက်သို့ အစ္စရေး တပ်ဖွဲ့ဝင်များကပစ်လိုက်တော့ ဓာတ်ငွေ့ဗုံးအခွံများကို ကောက်ကာ ငြိမ်းချမ်းရေးအနုပညာပန်းပုရုပ်များ ထုလုပ်ပြသခဲ့သည်။ ကျည်ဆန်ခွံများဖြင့် ကိုးကွယ်ဝတ်ပြုခြင်းသုံး စိပ်ပုတီးများ၊ ဗုံးခွံများဖြင့် ပန်းအိုးများ ဖန်တီးကာ ပြသခဲ့ခြင်းဖြစ်သည်။ အသက် ၃၄ နှစ် အရွယ် ဂါဇာသား အဗ္ဗဒူကာရင်အဘူအာတာရာသည် နယ်စပ်စည်းရိုးနားမှ အဆိုပါ ဗုံးခွံကျည်ခွံများကို ကောက်ကာ အလှတရားအဖြစ် အသွင်ပြောင်းပြခဲ့သည်။ “ငြိမ်းချမ်းရေးသတင်းစကားတွေကို ကမ္ဘာသိအောင် ပြသတာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ တိုက်ပွဲကို လိုလားသူများက အင်အားကောင်းနေချိန်တွင် ငြိမ်းချမ်းရေးကို လိုလားသူများသည် အင်အားနည်းသော်လည်း ၎င်းတို့၏ လိုလားမှုကို အတတ်နိုင်ဆုံး ဖန်တီးပြသကြသည်။ 



လူ့အဖွဲ့အစည်းကို ကျေးဇူးပြန်ဆပ်တဲ့ သန့်ရှင်းရေးလုပ်သား

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် ရှန်ယန်းမြို့က အသက် ၅၆ နှစ် အရွယ် သန့်ရှင်းရေးလုပ်သားတစ်ဦးဟာ သူစုဆောင်းထားသမျှ ငွေအားလုံးကို ဆင်းရဲနွမ်းပါးသူ ကလေးငယ်များစွာရဲ့ ပညာရေးအတွက် ပုံမှန်လှူပေးနေသူဖြစ်သည်။ မစ္စတာ ကျောင်းယုံကျုဟာ လစဉ် သန့်ရှင်းရေးလုပ်ခအဖြစ် ယွမ် ၂၄၀၀ ခန့်ရပြီး စားစရိတ်၊ နေစရိတ်ကို ခြိုးခြံသုံးကာ ကျန်တဲ့ငွေ အားလုံးကို ပုံမှန်လှူနေတာ ဖြစ်သည်။ နှစ်သုံးဆယ်အတွင်း ၎င်းသည် ပုံမှန် ပညာရေးဒါနများ လှူဒါန်းလျက်ရှိရာတွင် စုစုပေါင်း ဒေါ်လာ ၂ သောင်းခွဲ (မြန်မာငွေ သိန်းသုံးရာ့ခြောက်ဆယ်ကျော်) ရှိသွားပြီဖြစ်သည်။ ငယ်စဉ်က ဖခင်ကွယ်လွန်သွားပြီးနောက် မိခင်နှင့် ၎င်းတို့ကို အိမ်နီးချင်းများက ဝိုင်းဝန်းကြည့်ရှု ကျွေးမွေးခဲ့သဖြင့် ကျေးဇူးတင်မိပါကြောင်း၊ ကိုယ်ပိုင်ဝင်ငွေရှိလာသောအခါ အဆိုပါ အိမ်နီးချင်းများ၏ လုပ်ရပ်အတိုင်း လူ့အဖွဲ့အစည်းသို့ ပြန်လည်ပေးဆပ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ နွမ်းပါးသော ကျောင်းသားလေး ၃၇ ဦးကိုလည်း ကျောင်းထားပေးလျက်ရှိသည်။



လူမှုကွန်ရက်အသုံးပြုကြခြင်း

လူမှုကွန်ရက်တွေ ခေတ်စားလာတဲ့အချိန်မှာ လူသိများထင်ရှားသွားတဲ့ ဓာတ်ပုံတစ်ပုံ၊ ဗီဒီယိုတစ်ခုတို့ကြောင့် အများပြည်သူများက အရေးကိစ္စတွေကို စိတ်ဝင်စားပြီး ဝိုင်းဝန်းကူညီကြတာမျိုး မကြာခဏဖြစ်လေ့ရှိသည်။ တူရကီမှာလည်း အလားတူဖြစ်ရပ်တစ်ခု ကြုံခဲ့ရပေသည်။ ဆီးရီးယားက ရွှေ့ပြောင်းတိမ်းရှောင်လာပြီး တူရကီမှာ ဖိနပ်တိုက်တဲ့ အလုပ်လုပ်နေတဲ့ ကောင်လေးတစ်ယောက် အားကစားခန်းမထဲကို ငေးကြည့်နေတဲ့ ဓာတ်ပုံတစ်ပုံ တူရကီက Facebook မှာ ပျံ့နှံ့သွားခဲ့သည်။ လူအများက အဆိုပါကောင်လေးရဲ့ နေ့စဉ်ဘဝရုန်းကန်လှုပ်ရှားနေကြရပုံများကို သနားသွားပြီး ဝိုင်းဝန်းကူညီကြသည်။ ယခုဆိုလျှင် ထိုကောင်လေးမှာ သူငေးကြည့်နေသော အားကစားခန်းမ Gym ထဲမှာ ကစားခွင့်ရနေပြီဖြစ်သည်။ လူမှုကွန်ရက်ကို လူမှုကူညီရေးအတွက် မင်္ဂလာရှိစွာ အသုံးပြုကြခြင်း ဖြစ်ပေသည်။

သန့်ဇင်စိုး