News

POST TYPE

ABOUT US

ရိုမေးနီးယားက သိုးထိန်း (သို့မဟုတ်) မိဘမဲ့ကောင်လေး ၆၀ ကျော်ကို ပြုစုပျိုးထောင်ခဲ့သူ
05-Aug-2018


ကွန်မြူနစ်ခေတ်က အင်္ဂတေအဆောက်အအုံပုံစံ ဂရက်ဖီတီပန်းချီများ ခြယ်သထားသော အိပ်ခန်း ၂ ခန်းပါ တိုက်ခန်းတွင် ကောင်လေးခုနစ်ယောက်နှင့် ၎င်းတို့၏ဖခင်တို့ နေထိုင်ကြသည်။ ထိုကောင်လေးခုနစ်ယောက်သည် ၎င်းတို့၏ဖခင် ကျွေးမွေးပြုစု မြေတောင်မြှောက်ပေးခဲ့သော ကောင်လေး အယောက် ၆၀ ကျော်ထဲမှ အချို့ဖြစ်သည်။ ရိုမေးနီးယားနိုင်ငံ မြို့တော် ဘူခါရက်စ်က ရပ်ကွက်တစ်ခုတွင် အသက် ၄၅ နှစ်အရွယ် ဖလိုရင်ဂရိုဆူလိယက်က အခြေစိုက်ကာ မိဘမဲ့ကောင်လေးများကို ပြုစုပျိုးထောင်ပေးနေခြင်းဖြစ်သည်။ သူ့ကို သိုးထိန်းကြီးဟု လူသိများသည်။ လွန်ခဲ့တဲ့ ၁၃ နှစ်လောက်ကစကာ စွန့်ပစ်ခံကောင်လေးများအတွက် နေအိမ်များဖွင့်လှစ်ကာ ပြုစုပေးနေခြင်း ဖြစ်သည်။ 

လမ်းဘေးကလေးတစ်ယောက်ဘဝကို သိုးထိန်းကြီးကိုယ်တိုင် ငယ်စဉ်က ဖြတ်သန်းခဲ့ဖူးသည်။ သူ့ကောင်လေးများကို ထိုသို့သောအခြေအနေများ ဖြစ်သွားမည့်ဘေးမှ ကယ်တင်ပေးနေခြင်း ဖြစ်သည်။ ကံကောင်းသူ ကောင်လေးများသည် သိုးထိန်းကြီးဆီ ရောက်လာခဲ့ကြသည်။

“ကျွန်တော်လည်း စွန့်ပစ်ခံ ကလေးတစ်ယောက်ပါပဲ။ အမေက ထားသွားတယ်။ အမေက တနင်္လာနေ့ဆို အဖေ့ဆီသွားပို့ပြီး သောကြာနေ့ညနေဆို လာခေါ်နေကြပါ။ တစ်ရက်တော့ သူပေါ်မလာတော့ဘူး” ဟု ဖလိုရင်ဂရိုဆူလိယက်က ပြောကြားသည်။ 

ဂရိုဆူလိယက်သည် ဂေဟာကထွက်ခဲ့ပြီး လမ်းမများပေါ်တွင် ဖခင်ကို ပြန်လိုက်ရှာခဲ့သည်။ “အဖေ့ကို မတွေ့ခင်အထိ လမ်းတွေပေါ်မှာ ကျွန်တော် အသက်ရှင်သန်အောင် နေခဲ့ရတယ်။ ပေါင်မုန့်တစ်ဖဲ့ရဖို့ တောင်းစားတယ်။ ခိုးစားတယ်။ လုစားတယ်” ဟု ရိုမေးနီးယန်း သိုးထိန်းကြီးက သူ့ငယ်ဘဝကို ပြန်ပြောပြသည်။ 

၁၉၈၉ ခုနှစ်တွင် ရိုမေးနီးယားတွင် ကွန်မြူနစ်စနစ်ဖျက်သိမ်းသွားခဲ့ပြီးနောက် ပျက်စီးယိုယွင်းနေသော မိဘမဲ့သင်တန်းကျောင်းများမှ ကလေးများ လမ်းတွေပေါ်ရောက်ကုန်သည်။ ချမ်းသာသောနိုင်ငံများမှ မိဘများက ရိုမေးနီးယားသို့ လာရောက်ကြပြီး ကလေးမွေးစားကြသည်။ ကံကောင်းသူများကတော့ မိဘကောင်းကောင်း ရသွားကြပြီး အချို့ကတော့ လမ်းပျော်ဖြစ်ကုန်သည်။ ကလေး ခုနစ်သောင်းကျော်ကို ရိုမေးနီးယား ကလေးကာကွယ်ရေးဌာနက စောင့်ရှောက်ပေးနေသည်။ သို့သော် လမ်းပေါ်တွင် ထောင်ပေါင်းများစွာ ရှိနေသေးသည်ဟု အဆိုပါဌာနက ပြောကြားထားသည်။ 

သိုးထိန်းကြီးသည် အဆိုပါ လမ်းပျောက်နေသောကောင်လေးများကို ကူညီပေးနေခြင်းဖြစ်သည်။ အနည်းဆုံးသော လမ်းဘေးကလေးများ မဖြစ်ဘဲ နွေးထွေးလုံခြုံစွာ ဖခင်တစ်ယောက်၏ စောင့်ရှောက်မှုအောက်တွင် နေရသည်။ ဖလိုရင်ဂလိုဆူလိယက်သည် ကောင်လေးများကို ဘဝတွက်တာ သိမှတ်စရာ ကျွမ်းကျင်မှုများ၊ အသက်မွေးဝမ်းကျောင်းပညာများ သင်ပေးသည်။ ပညာသင်ပေးသည်။ သူတို့ခြေထောက်ပေါ်သူတို့ ရပ်တည်နိုင်သွားအောင် လေ့ကျင့်ပေးသည်။ 

“အစတုန်းကတော့ ကျွန်တော်က လမ်းတွေပေါ် သွားရှာရတယ်။ မူးယစ်ဆေးဝါးတောင် သုံးတတ်နေတဲ့ ကောင်လေးတွေကို တွေ့တယ်။ အခက်ခဲဆုံးက သူတို့ဟာ အကူအညီလိုနေတယ်ဆိုတာကို ဖျောင်းဖျပြောပြရတာပဲ။ သူတို့က အကူအညီလိုနေတယ်လို့ မထင်ဘူးဗျ။ လမ်းပေါ်မှာပဲ ကိုယ့်ဘာသာ နေချင်ကြတယ်” ဟု ဖလိုရင်ဂလိုဆူလိယက်က ပြောကြားသည်။ 

ကောင်လေးတွေကို လေ့ကျင့်သင်ကြားပေးပြီးမှ တကယ့်ဘဝထဲကို ပြန်သွားခိုင်းသည်။ သူ့ထံမှာ နေထိုင်ပညာသင်ကြားသွားပြီး တည်ငြိမ်သောဘဝကို ဖြတ်သန်းနိုင်နေပြီဖြစ်သည့် သားများစွာ ရှိနေသည်။ ကောင်လေး ၁၂ ယောက်ဆံ့သည့်အိမ်တွင် သိုးထိန်းဖခင် နေထိုင်ပါသည်။ သူ့ရုံးခန်းလေးထဲက အိပ်ရာသေးသေးလေးထဲတွင် အိပ်သည်။ ကောင်လေးများက အိပ်ခန်းနှစ်ခန်းတွင် နှစ်ထပ်ခုတင်များဖြင့် အိပ်ရသည်။ လောလောဆယ် သူစောင့်ရှောက်ပညာသင်ပေးနေသော သားခုနစ်ယောက်ရှိသည်။ နှစ်ဦးကတော့ သူ့သားအရင်း ၂ ယောက်ဖြစ်သည်။ ကျန်သားများက မွေးစားသားများဖြစ်သည်။ ဒီကောင်လေးတွေလည်း ပညာစုံ အတောင်အလက်စုံလျှင် လောကကြီးထဲ ပြန်ထွက်ကြတော့မည်။ သိုးထိန်းကတော့ သိုးမည်းလေးများကို စောင့်ရှောက်ပေးနေဦးမည် ဖြစ်သည်။ စားရေးသောက်ရေးခက်ခဲခဲ့သည့်အချိန်များရှိသော်လည်း သားအဖတွေ ရအောင်ကျော်ဖြတ်ကြသည်။

“သိုးထိန်းဟာ ကျွန်တော့်ကို အကောင်းဆုံးတွေပဲ လုပ်ဆောင်ပေးခဲ့တယ်။ အကောင်းဆုံး ပညာရေးကို သင်ကြားစေပါတယ်။ မိမိကိုယ်ကို ဆန်းစစ်စေပြီး ဘဝအတွက် ကောင်းတာတွေကို ရှာခိုင်းတယ်” ဟု ဂျော့ဟုအမည်ရသည့် မွေးစားသားတစ်ယောက်က ဆိုသည်။

“ကျွန်တော့်မှာ မိဘမရှိပေမယ့် ဖောင်ဒေးရှင်းကလူတွေက မေတ္တာပေးကြပါတယ်” ဟု ၎င်းက ဆိုသည်။ 

မိဘမဲ့ကလေးများ အရွယ်ရောက်သည့်အခါ လူ့အဖွဲ့အစည်းထဲသို့ တကယ်တမ်းဝင်ရောက်ရင်ဆိုင်ရမည့်အခါ မိဘက စောင့်ရှောက်ပဲ့ပြင်ပေးလိုက်သူများလောက် ရွေးချယ်စရာ မများလှပေ။ သိုးထိန်းသည် သူ့သိုးမည်းလေးများကို မိဘ၏ ပဲ့ပြင်သင်ကြားပေးမှု၊ ထောက်ပံ့ကူညီမှုတို့ကို တစ်နိုင်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ ကောင်လေးအများဆုံး ၁၂ ယောက်သာဆံ့သည့် သူအိမ်မှ ထွက်သွားပြီး လောကကြီးတွင် ပျံသန်းနေသည့် သားတော်မောင် ၆၀ လောက်ပင် ရှိနေပြီ။ သိုးထိန်းကတော့ သိုးအုပ်ကို မှန်ကန်သည့် လမ်းကြောင်းပေါ်ရောက်အောင် ပြုစုပေးနေဆဲဖြစ်သည်။

သန့်ဇင်စိုး