News

POST TYPE

ABOUT US

မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးကွက် ရပ်ဆိုင်းလုနီး
01-Aug-2018
မန္တလေး၊ ဇူလိုင် ၃၁

မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် အရောင်းအဝယ်လုပ်ငန်း ရပ်ဆိုင်းလုနီးပါးဖြစ်နေပြီး ဈေးလျှော့ရောင်းချနေကြောင်း မန္တလေး အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူအချို့ထံမှ သိရသည်။

“ဈေးကွက်မရပ်ရုံပါပဲ။ အရောင်းအဝယ်မကောင်းဘူး။ ပုံမှန်အောက်ကို လျော့နေတယ်” ဟု မန္တလေးမြို့ခံ ဖိုးလမင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးဝဏ္ဏစိုးက ပြောကြားသည်။

မြေကွက်ပိုင်ရှင်အနေနှင့် ကာလပေါက်ဈေးအောက် ဈေးလျှော့ပေးခြင်း မရှိပါက အရောင်းအဝယ်ဖြစ်ရန် မလွယ်ကူသောအနေအထားတွင် ရှိနေသည်ဟု ၎င်းကပြောဆိုသည်။

လတ်တလောတွင် အများပြည်သူတို့၏ စီးပွားရေးလုပ်ငန်းများ မကောင်းမွန်ခြင်း၊ ငွေဈေးနှုန်းများ ကမောက်ကမဖြစ်နေခြင်း၊ မြေယာဥပဒေ သက်ရောက်မှုအားနည်းခြင်းနှင့် ကျူးပြဿနာများသည် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်ဈေးကွက်ကို နှေးကွေးသွားစေခဲ့သည်ဟု အကျိုးဆောင်အချို့က သုံးသပ်ထားသည်။ 

ကာလပေါက်ဈေး ကျပ်သိန်း ၃၀၀ ခန့်တန်ကြေးရှိသောမြေကွက်သည် အရောင်းအဝယ်ဈေးကွက်၌ ကျပ်သိန်း ၂၀၀ နှင့် ၂၅၀ ကြားသို့ ဈေးလျှော့ရောင်းချမှသာ အရောင်းအဝယ်ဖြစ်မည့် အနေအထားတွင်ရှိနေသည်ဟု ၎င်းတို့က ပြောဆိုသည်။ 

မြရည်နန္ဒာ၊ ထန်းကိုးပင်၊ ထွန်တုံးနှင့် အောင်ပင်လယ်ရပ်ကွက်မှ မြေကွက်များသည် ကျပ်သိန်း ၃၀၀ နှင့် ကျပ်သိန်း ၅၀၀ အကြားတွင်ရှိကြောင်း မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးကွက်သည် ၂၀၁၄ ခုနှစ်မှစ၍ အရောင်းအဝယ်လုပ်ငန်းကျဆင်းသွားခဲ့ပြီး မြေဈေးနှုန်းများအနေနှင့်လည်း အနည်းဆုံး ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း အကျိုးဆောင်များက ပြောဆိုသည်။

M-08