News

POST TYPE

ABOUT US

ပါကစ္စတန်ရွေးကောက်ပွဲရလဒ်ကို ပြိုင်ဘက်ပါတီများက ပယ်ချ၊ အသစ်ကျင်းပရန် တောင်းဆို
29-Jul-2018


အစ္စလာမ်မာဘတ်၊ ဇူလိုင် ၂၈

ပါကစ္စတန်နိုင်ငံတွင် ခရစ်ကက် ကစားသမားဟောင်း အီမာခန်းထံ အာဏာဆောင်ကြဉ်းပေးမည့် ဗုဒ္ဓဟူးနေ့ကရွေး ကောက်ပွဲရလဒ်များကို ပြိုင်ဘက်နိုင်ငံရေး ပါတီတစ်စုက ပယ်ချလိုက်ကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲတွင် အီမရန်ခန်း၏ ပါတီက ထိပ်မှပြေးခဲ့ပြီး အောင်ပွဲရကြောင်း ကြေညာလိုက်သော်လည်း မဲရလဒ်များကို မမှန်မကန်ပြုလုပ်ထားသည်ဟု ပြိုင်ဘက်နိုင်ငံရေးပါတီများက စွပ်စွဲကြသည်။

အစ္စလာမ်မာဘတ်တွင် PML N ပါတီအပါအဝင် ပါတီများဆွေးနွေးကြပြီးနောက် ပါတီခေါင်းဆောင်တစ်ဦးက ရွေးကောက်ပွဲအသစ် ကျင်းပပေးရန် ဆန္ဒပြမည်ဟု ပြောကြားသည်။

အကျဉ်းစံဝန်ကြီးချုပ်ဟောင်း နာဝပ်ဇ်ရရှစ်ဖ်၏ညီဖြစ်သူ PML N ခေါင်းဆောင် ရှာဘတ်စ်ရှရစ်ဖ်ကမူ လွှတ်တော်အား သပိတ်မှောက်ရေး၊ မမှောက်ရေးကို မဆုံးဖြတ်ရသေးဟု ပြောကြားသည်။

ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ၎င်းနှင့် ဘေးချင်းကပ်ထိုင်နေသူ MMA ပါတီခေါင်းဆောင် မာလူနာဖာဇာလာရီမန်းက ရွေးကောက်ပွဲ ပြန်လည်ကျင်းပရေး တောင်းဆိုသည့်လှုပ်ရှားမှုကို ပြုလုပ်မည်ဖြစ်ပြီး ဆန္ဒပြမှုများရှိလာမည်ဖြစ်သည်ဟု ပြောကြားသည်။

ရွေးကောက်ပွဲအပြီးတွင် ပါတီတစ်ဒါဇင်ကျော်မှ ခေါင်းဆောင်များက ပူးတွဲမဟာဗျူဟာတစ်ခု ချမှတ်ရန် တိုက်တွန်းခဲ့ကြသည်။

ယခုရွေးကောက်ပွဲသည် ခန်း၏ PTI ပါတီနှင့် ရှရစ်ဖ်၏ PML N ပါတီတို့ ထိပ်တိုက်ယှဉ်ပြိုင်သည့်ပွဲဟု ရှုမြင်ရသည်။ အမတ် ၂၇၂ နေရာရှိသောလွှတ်တော်အတွက် မဲအများစုရေတွက်ပြီးချိန်တွင် အီမာခန်း၏ပါတီက ၁၁၅ နေရာဖြင့် ထိပ်ဆုံးမှဦးဆောင်ခဲ့ပြီး ၆၄ နေရာနိုင်သော PML N ကို အပြတ်ဖြတ်ထားနိုင်ခဲ့သည်။ လုပ်ကြံသတ်ဖြတ်ခံရသူ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို၏ သားဘီလာဝါဘူတို၏ PPP ပါတီက ၄၃ နေရာဖြင့် တတိယနေရာရရှိသည်။

အများစုအနိုင်အဖြစ် သတ်မှတ်ရန် စုစုပေါင်း ၁၃၇ နေရာလိုအပ်ရာ အီမာခန်းသည် ဝန်ကြီးချုပ်ဖြစ်ရန် လမ်းကြောင်းပေါ်တွင် ရှိနေသော်လည်း ညွှန့်ပေါင်းအစိုးရဖွဲ့ရမည်ဖြစ်သည်။

အကယ်၍ အခြားပါတီများ၏ ဆန္ဒပြမှုများထွက်ပေါ်လာပါက နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်လာနိုင်သည်။ စိတ်ဝင်စားစရာအချက်မှာ နာဝပ်ဇ်ရရှစ်ဖ်၏ ပါတီက လွှတ်တော်ကိုသပိတ်မှောက်ရန် မဆုံးဖြတ်ရသေးခြင်းပင်ဖြစ်သည်။ အစောပိုင်းတွင် ရှရစ်ဖ်၏တူက အတိုက်အခံအဖြစ် ရပ်တည်ရန် အဆင်သင့်ရှိသည်ဟု ပြောဆိုထားသော်လည်း နာရီပိုင်းအကြာတွင် ရွေးကောက်ပွဲအသစ် ကျင်းပရေးတောင်းဆိုမည့်အုပ်စုနှင့် ပူးပေါင်းသွားသည်။

F-04


  • VIA