News

POST TYPE

ABOUT US

ပါကစ္စတန်ရွေးကောက်ပွဲ ကနဦးမဲရလဒ်များအရ ခရစ်ကတ်ကစားသမားဟောင်း အီမရန်ခန်း၏ ပါတီဦးဆောင်
27-Jul-2018
အစ္စလာမ်မာဘတ်၊ ဇူလိုင် ၂၆

ပါကစ္စတန်ရွေးကောက်ပွဲ ကနဦးမဲရလဒ်များအရ နာမည်ကျော် ခရစ်ကတ် ကစားသမားဟောင်း အီမရန်ခန်း၏ PTI ပါတီက ဦးဆောင်နေပြီးခန်းသည် ဝန်ကြီးချုပ်ဖြစ်လာနိုင်ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

ဇူလိုင်လ ၂၅ ရက်နေ့ကကျင်းပသည့် ရွေးကောက်ပွဲမဲရေတွက်မှုများ ထက်ဝက်နီးပါး ရှိလာချိန်တွင် PTI ပါတီသည် မဲအများဆုံးရနေသော်လည်း ထက်ဝက်ကျော်ရန် မသေချာသောကြောင့် အခြားပါတီများနှင့် ညွန့်ပေါင်းအစိုးရဖွဲ့ရဖွယ်ရှိနေသည်။ ခန်း၏ ပြိုင်ဘက်များကမူ မဲမသမာမှုများရှိနေကြောင်း စွပ်စွဲမှုများရှိနေသည်။

မဲဆွယ်ကာလတွင် ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့ပြီး ရွေးကောက်ပွဲနေ့တွင် ဗုံးပေါက်ကွဲမှုကြောင့် မဲရုံတစ်ရုံတွင် လူ ၃၁ ဦး သေဆုံးခဲ့ရသည်။

မဲရုံအားလုံး၏ ၄၇ ရာခိုင်နှုန်းမှ မဲများရေတွက်ပြီးချိန်တွင် ခန်း၏ ပါကစ္စတန် တီရိခ်အီအင်ဆက်ဖ် (PTI) ပါတီသည် အမတ်နေရာ ၂၇၂ နေရာအနက် ၁၁၃ နေရာတွင် ဦးဆောင်နေကြောင်းကော်မရှင်က ထုတ်ပြန်သောရလဒ်များကို ကိုးကား၍ ပါကစ္စတန် Dawn သတင်းစာက ဖော်ပြထားသည်။

အောက်စ်ဖို့ဒ်တက္ကသိုလ်ဆင်း ခန်းသည် ၁၉၉၂ တွင် ပါကစ္စတန်ခရစ်ကတ်အသင်း ကမ္ဘာ့ဖလားရစေရန် ဦးဆောင်နိုင်ခဲ့သူဖြစ်ပြီး ၁၉၉၆ ခုနှစ်ကတည်းက နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သူဖြစ်သည်။ သို့သော်လည်း နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရပြီး ပါတီအင်အားကောင်းလာစေရန် အချိန်ယူခဲ့ကြသည်။

ယခုအခါ အသက် ၆၅ နှစ်ရှိပြီဖြစ်သော ခန်းသည် နိုင်ငံရေးတွင် ဝင်စွက်လေ့ရှိသော စစ်တပ်၏ ပံ့ပိုးမှုရရှိထားသည်ဟု ပြိုင်ဘက်များက စွပ်စွဲထားကြသည်။

ယခုရွေးကောက်ပွဲမှသည် ချောချောမွေ့မွေ့ အာဏာလွှဲနိုင်သည့်အဆင့် ရောက်ရှိလာပါက ပါကစ္စတန်သမိုင်းတစ်လျှောက် ဒုတိယအကြိမ်အဖြစ် အရပ်သားအစိုးရတစ်ရပ် သက်တမ်းအပြည့် တာဝန်ယူပြီး အခြားအရပ်သားအစိုးရ တစ်ဖွဲ့သို့ အာဏာလွှဲပေးနိုင်သည့် ဖြစ်စဉ်အဖြစ် သမိုင်းဝင်မည်ဖြစ်သည်။

သို့သော်လည်း ဝန်ကြီးချုပ်ဟောင်း နာဝပ်ရှရစ်ဖ်၏ ပါတီနှင့် ပါတီအချို့က မဲရလဒ်ကို ကန့်ကွက်ထားကြပြီး မဲမသမာမှုများ ရှိနေသည်ဟု စွပ်စွဲထားသည်။

“ပြည်သူတွေရဲ့ ရွေးချယ်ပိုင်ခွင့်ကို စော်ကားခံခဲ့ရပါတယ်။ ဒါဟာလုံးဝသည်းမခံနိုင်စရာ ကိစ္စပါ”ဟု ပါကစ္စတန်မွတ်ဆလင် လိဂ်=နာဝပ် (PML-N) ခေါင်းဆောင်၊ ဝန်ကြီးချုပ်ဟောင်း နာဝပ်ရှရစ်ဖ်၏ ညီရှီဘားရှရစ်ဖ်က ဝေဖန်ခဲ့သည်။

လုပ်ကြံခံခဲ့ရသော ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို၏ PPP ပါတီမှာ တတိယနေရာတွင် ရပ်တည်ဖွယ်ရှိသည်။ ပါတီကိုဘူတို၏ သားဖြစ်သူအောက်စ်ဖို့ဒ် တက္ကသိုလ်ဆင်း တစ်ဦးပင်ဖြစ်သည့် အသက် ၂၉ နှစ်သာရှိသေးသူ ဘီလာဝယ်ဘူတိုက ဦးဆောင်နေသည်။

F-03


  • VIA