News

POST TYPE

ABOUT US

ဆာဖာရီဒေါက်တာ
02-Oct-2016 tagged as ဆရာဝန်

ကင်ညာ၏ အရှေ့ပိုင်းကမ်းခြေသည် ယခုအခါ အန္တရာယ်ထူပြွမ်းသော ဖုန်းဆိုးဒေသ ဖြစ်နေလေပြီ။ တစ်ချိန်က နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာ နယ်မြေ ဖြစ်တော့သည်။ ယနေ့တော့ အယ်ရှာဘတ် အကြမ်းဖက်သမားများ အန္တရာယ် ရှိသောကြောင့် ဝေးဝေးနေကြရန် အစိုးရက ညွှန်ကြားထားသည်။ အချို့က ထိုဧရိယာမှ ပြန်ထွက်ပြေးလာကြသည်။ သို့သော် ဒေါက်တာအွန်ရာအိုမာကတော့ သွားမြဲသွားလျက်ပေတည်း။

ကင်ညာနှင့် ဆိုမာလီ နယ်စပ်နားက ဝေးလံခေါင်ဖျား ကျွန်းစုများနေ နွမ်းပါးကျေးလက်ပြည်သူများထံသို့ အကူအညီပေးရေး အဖွဲ့အစည်းများ ရောက်ရှိနိုင်မှုသည်လည်း လျော့ကျသွားပေသည်။ 

“ကျန်းမာရေးစောင့်ရှောက်မှု ရကိုမရတဲ့ ရွာခြောက်ရွာ ရှိပါတယ်” ဟု ဒေါက်တာအိုမာက ပြောပြသည်။ သူမ ဦးဆောင်သော Safari Doctors အဖွဲ့က လှေများ၊ ကုန်းလမ်းနှင့် လေကြောင်းခရီးများကို သုံးကာ အဆိုပါ ပြည်သူများထံသို့ ကျန်းမာရေး စောင့်ရှောက်မှု ရစေရန်အတွက် စွန့်စွန့်စားစား သွားကြရသည်။

“ကျွန်မကို သတိပေးကြတယ်။ နင်တို့ဘာဖြစ်လို့ အဲဒီကို သွားသွားနေတာလဲ ဆိုပြီးတော့ပေါ့။ ကိုယ့်မှာ တာဝန်မှ မရှိတာ ဆိုပြီးလည်း ပြောကြတယ်” ဟု ဒေါက်တာအိုမာက ဆိုသည်။ ၎င်းသည် အသက် ၃၃ နှစ်အရွယ် ဆရာဝန်မတစ်ဦး ဖြစ်သည်။ ဘာဖြစ်လို့ ငါက အိမ်မှာနေနေပြီး သူတို့ကို ပစ်ထားရမှာလဲ ဆိုသည့် အတွေးဖြင့် ဆေးကုခရီးစဉ်များ ထွက်နေခဲ့သည်။ တကယ်တော့ သူမသာ နေတတ်လျှင် အမေရိကန်ပြည်ထောင်စုတွင် ကောင်းကောင်းနေနိုင်ပါသည်။ ကင်ညာဇာတိဖွား အိုမာသည် အမေရိကန်ကျောင်း နှစ်ကျောင်းမှ ဆေးပညာများ သင်ယူခဲ့သည်။ ဝါရှင်တန်ဒီစီတွင် အချိန်ပြည့် အလုပ်လည်း ရှိသည်။ သို့သော် အစစအရာရာ အဆင်ပြေနေသော ဘဝကို မရွေးချယ်ခဲ့ပါ။ နေရပ်သို့ ပြန်လာခဲ့သည်။ ငါ့မှာ တာဝန်ရှိတယ်ဟူသော ခံယူချက်ဖြင့် ၂၀၁၀ တွင် အိမ်ပြန်လာခဲ့ပါသည်။

ကလေးဘဝက ကျင်လည်ခဲ့ရာ ကျွန်းများသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် လုံခြုံရေး ပြဿနာကြောင့် အသက်ကယ် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီလုပ်ငန်းများ ထိုဒေသများသို့ မရောက်မပေါက်သည်ကို သူတွေ့မြင်ခဲ့ရပါသည်။ “ကျွန်မတို့ကို ဘာဂျူနီ၊ ဘိုနီမျိုးနွယ်စု ရပ်ရွာတွေလို့ ခေါ်ပါတယ်။ ကျွန်မတို့ ဒေသတွေမှာ ရွာထဲက ရွာပြင်တောင် မထွက်ဖူးတဲ့ လူတွေရှိသလို အဆင်သင့် ရေလာတာကို ဘဝမှာ တစ်ခါမှ ထုတ်ယူသုံးစွဲနိုင်ခြင်း မရှိဘူးတဲ့၊ ရပ်ရွာနေ ပြည်သူတွေလည်း အများကြီး ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။ လမ်းလျှောက်သွားနိုင်သော အကွာအဝေး ဒေသတွင် ကျောင်းဆိုလို့ မရှိသော အရပ်ဒေသလည်း ဖြစ်သည်။ ယနေ့အခါ ဆာဖာရီ ဆရာဝန်များအဖွဲ့သည် ကာကွယ်ဆေး ထိုးပေးခြင်း၊ မိခင်နှင့် ကလေးကျန်းမာရေး၊ ငှက်ဖျားနှင့် ဒေသရာသီ ရောဂါများကို ကုသပေးနေပြီ ဖြစ်သည်။ ဒါတောင် ခက်ခဲကျပ်တည်းစွာ သွားလာရသော အခြေအနေများကြောင့် တစ်နှစ်လျှင် လူဦးရေ ၁၀၀၀ နူန်းသာ ကူညီနိုင်ခြင်း ရှိသေးသည်။

ဆာဖာရီဒေါက်တာများ အစီအစဉ်ကို လုပ်ခဲ့ရခြင်းသည် ထောင်ပေါင်းများစွာသော ပဟေဠိ အပိုင်းအစများကို ဆွဲဆက်ရသကဲ့သို့ ရှိလေသည်။ ထိုအပိုင်းအစများများကို ပေါင်းလိုက်လျှင် မည်သည့်ပုံစံ ထွက်လာမည်ကိုပင် အစက မသိခဲ့။ သို့သော် အဆိုပါ ဧရိယာကို အကူအညီများ ရောက်ရှိစေဖို့ရာ အားထုတ်မှုများကို အစိုးရ ဝန်ထမ်းများမှသည် နောက်ဆုံး  ငါးဖမ်းလှေသမားများ အထိ ကူညီကြသည်။ ထိုမှတစ်ဆင့် ကျန်းမာရေး စောင့်ရှောက်မှုကို ရယူပိုင်ခွင့်ကို ရစေဖို့အတွက် ကွက်လပ်ဖြည့်ကြလေသည်။

လက်ရှိအချိန် ၂၀၁၆ စက်တင်ဘာတွင်လည်း ကိုယ်ဝန်ကြီး တကားကားဖြင့် ဒေါက်တာအိုမာသည် ယင်းခရီးစဉ်များသို့ တစ်လလျှင် နှစ်ကြိမ်တိုင် သွားရောက်ဆေးကုသနေဆဲ ဖြစ်သည်။ “ကြောက်သလားလို့ မေးလာရင် ကျွန်မက မကြောက်ဘူးလို့ပဲ ပြောရမှာပေါ့။ ကိုယ့်ကို ခြိမ်းခြောက်နေတယ်လို့ ခံစားရမှ အန္တရာယ် တကယ်ရှိတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်မတို့ဟာ ပစ်မှတ်ထား တိုက်ခိုက်ခံရစရာ အကြောင်းဖြစ်အောင် ဘာမှလုပ်နေတာမှ မဟုတ်တာဘဲ” ဟု အိုမာက ဆိုသည်။ ဒေသတွင် ရှိနေသော ပြည်သူများ၏ အသက်တာကို ကူညီရန်ဆိုသည့် အစီအစဉ်မှတစ်ပါး အခြားအစီအစဉ် ဘာဆိုဘာမှ ပါမသွားဟုလည်း ဆိုသည်။ “လူတွေရဲ့ ဘဝတွေကို ကူညီတာက တစ်ခုခု မှားနေပြီလို့ ထင်တယ် ဆိုရင်တော့ဖြင့် ကျွန်မတို့လည်း မတတ်နိုင်ပေဘူးပေါ့ရှင်” ဟု ဒေါက်တာအိုမာက ဆိုပါသည်။

ဗိုက်ထဲမှာလည်း ခြောက်လအရွယ် ကိုယ်ဝန်က ရှိသည်။ အိမ်မှာလည်း ကလေးပေါက်စန တစ်ယောက် ရှိသည်။ ဘာကြောင့် အဆိုပါ အကြမ်းဖက်သမားများ ပိုင်နက်နေရာကို သွားရောက်စွန့်စား ကူညီနေရသနည်းဟု သတင်းမီဒီယာတစ်ခုက မေးမြန်းဖူးသည်။ “ကျွန်မက ကိုယ်ဝန်နဲ့ပါ။ နိုဝင်ဘာလောက်တော့ ကျွန်မ မွေးမှာပေါ့ရှင်။ ဒါပေမဲ့ ခုနားဖို့ မလိုသေးဘူးလို့ ယူဆထားပါတယ်။ ဒီကလေးက ဆာဖာရီ ဒေါက်တာများရဲ့ ကလေးပေါ့လေ။ ဒီမှာ ရှိနေပေးပြီး အိမ်နဲ့ နီးနီးနားနားမှာ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်တွေကို ဖြည့်ဆည်းရခြင်းဟာ  ဘဝအသက်တာတွေကို အားဆေးသွင်း ပေးနေတာနဲ့ အတူတူပါပဲနော်” ဟု ၎င်းက ဖြေကြားခဲ့သည်။

အားလုံးမက်မော တွယ်တာကြသည့် အမေရိကန်အိပ်မက်ဟု ခေါ်သော အမေရိကတွင် သွားရောက်ခြေချခွင့်ကို ရခဲ့ပေသော်ငြား ကိုယ့်မြေကိုယ့်ရေတွင် လိုအပ်နေသူများကို ထားခဲ့ပြီး သာတောင့်သာယာ အမေရိကန် ဆရာဝန်မ ဘဝကို ငြင်းဆန်ခဲ့ပြီး လှေစီးဆရာဝန်မ ဘဝကို ရွေးချယ်ခဲ့သည့် ဒေါက်တာအိုမာ၏ စိတ်ဓာတ်မွေးမြူနိုင်ရန်အတွက် ကိုယ်ကျိုးစွန့်ရသည်။ သူကတော့ ကိုယ်ကျိုးစွန့်သည်ဟုရော၊ အများ အကျိုးဆောင်သည်ဟုရော ယူဆမည်ဟု မထင်ပါ။ ကိုယ်ယုံကြည်ရာကို ကိုယ်လုပ်ချင်ရာကို လုပ်နေခြင်းသာ ဖြစ်ပေတော့သည်။           

သန့်ဇင်စိုး