News

POST TYPE

ABOUT US

ရောဂါသည်း၍ နောက်ဆုံးအချိန်သို့ရောက်နေသည့် ကလေးများ၏ ဖခင်အဖြစ်ခံယူကာ ပြုစုသူ မိုဟာမက်ဘာဇိ
22-Jul-2018


ဆေးရုံရောက် အချို့သောကလေးများသည် သေအံ့မူးမူးဝေဒနာကို ခံစားနေကြရသည်။ ထိုကလေးများသည် အခြားဆေးရုံတက်ကလေးများနှင့် မတူသည်မှာကား မိဘစောင့်ရှောက်မှုဖြင့် မနေရသော ကလေးများဖြစ်ကြ၍ပေတည်း။ မိုဟာမက် ဘာဇိထိုအကြောင်းကို သိပါသည်။ ထို့ကြောင့်လည်း နှစ်ပေါင်း ၂၀ ကျော် လူမမာကလေးတို့၏ မွေးစားဖခင်အဖြစ် ခံယူခဲ့ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု လော့အိန်ဂျလိစ်ဒေသမှ မိဘမဲ့ကလေးစောင့်ရှောက်ရေးစနစ်များထဲမှ နေမကောင်းသူ ကလေးများတို့၏ အသည်းအသန်အဖြစ်ဆုံး ကလေးများကို သားသမီးအဖြစ် မွေးစားစောင့်ရှောက်ပေးနေခဲ့သည်။ ထို့ကြောင့် ကလေးအတော်များများ သူ့တွင် ရှိပါသည်။ အချို့က သူ့လက်ထဲမှာပင် ကွယ်လွန်သွားခဲ့ကြသည်။ သူ့ မွေးစားသားသမီး ဆယ်ဦးခန့်၏ နောက်ဆုံးခရီးကို သူစီစဉ်ပေးခဲ့ရသည်။ 

မိုဟာမက်ဘာဇိသည် ယခုအခါ ဦးနှောက်ဝေဒနာခံစားနေရသော ၆ နှစ်သမီးလေးအတွက် နေ့ညမပျက် ပြုစုနေရသည်။ သူမသည် မျက်မမြင်နားမကြားလေးလည်း ဖြစ်သည်။ လေလည်း ဖြတ်ထားသည်။ ကလေးမလေး၏ လက်ခြေများက မလှုပ်ရှားနိုင်ဖြစ်သည်။ မိုဟာမက်ဘာဇိသည် သူမွေးစားထားသော သမီးလေးကို ဖခင်အရင်းနဲ့မခြား ပြုစုကုသပေးလျက်ရှိသည်။ ဘာဇိသည် ခပ်အေးအေးနေတတ်သော လစ်ဗျားနိုင်ငံဖွား မွတ်ဆလင်တစ်ဦးဖြစ်ကာ အမေရိကသို့ ပြောင်းရွှေ့အခြေစိုက်ပြီး ကယ်လီဖိုးနီးယားပြည်နယ် အဇူစာဒေသတွင် နေထိုင်သူဖြစ်ပါသည်။ ဘာဇိသည် အားငယ်အားနည်းစွာ သေဆုံးရတော့မည့်ကလေးများကို သူတို့သည် တစ်ယောက်တည်း အထီးကျန်နေသူများမဟုတ်ကာ ဖခင်တစ်ယောက်ရှိပါကြောင်း အမြဲအားပေးကူညီတတ်သူ ဖြစ်သည်။ 

“သူ အသံမကြားနိုင်ဘူး၊ မမြင်နိုင်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်သူ့ကို အမြဲတမ်းစကား ပြောပေးပါတယ်။ သူ့လက်ကို ဆွဲရင်း သူနဲ့ကစားတယ်။ သူ့ကို နှစ်သိမ့်ပေးပါတယ်။ သူ့မှာ ခံစားချက်ရှိပါတယ်။ စိတ်ဝိညာဉ်ရှိပါတယ်။ သူမက လူတစ်ယောက်ပါ” ဟု မိုဟာမက်ဘာဇိက ပြောကြားသည်။ လော့အိန်ဂျလိစ်ဒေသ ကလေးသူငယ်စောင့်ရှောက်ရေး ဌာနအောက်တွင် ကလေးငယ်သုံးသောင်းခွဲကို ကြည့်ရှု စောင့်ရှောက်ပေးနေသည်။ ၎င်းတို့ထဲကမှ ၆၀၀ ခန့်သည် ဌာန၏ ကျန်းမာရေးဝန်ဆောင်မှုကို ခံယူနေရရှာသည်။ အချို့မှာ ပြင်းထန်သော ကျန်းမာသော အခြေအနေများကို ကြုံနေရသူများဖြစ်သည်။ ထိုသို့သော ကျန်းမာရေးအထူးချို့ယွင်းနေသော မိဘမဲ့ စောင့်ရှောက်ခံကလေးများကိုမူ မွေးစားလိုသူ နည်းသည်။ အတိအကျဆိုရလျှင် မိုဟာမက်ဘာဇိ တစ်ယောက်သာရှိသည်ဟု ဆိုနိုင်ပေမည်။ 

အသက် ၆၂ နှစ်အရွယ် မိုဟာမက်ဘာဇိသည် မုတ်ဆိတ်ကျင်စွယ်နှင့် အမျိုးသားကြီးတစ်ဦးဖြစ်ကာ နူးညံ့သောအသံရှိသည်။ ၁၉၇၈ ခုနှစ်တွင် လစ်ဗျားမှ အမေရိကသို့ ကောလိပ်ကျောင်းသားတစ်ဦးအဖြစ် ရောက်လာပြီး အမေရိကသားခံယူခဲ့ခြင်းဖြစ်သည်။ ထို့နောက် အမေရိကန် အမျိုးသမီးတစ်ဦးနှင့် အကြောင်းပါခဲ့သည်။ သူတို့ ဇနီးမောင်နှံလက်တွဲကာ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် လိုအပ်နေသော ကလေးများကို မွေးစားပြုစုစောင့်ရှောက်ပေးကြသည်။ ဇနီးသည် ဒွန်းဘာဇိသည်လည်း မိုဟာမက်ဘာဇိ နှင့် မတွေ့ခင်က ကလေးများကို ကူညီစောင့်ရှောက်နေရာပေးနေကျဖြစ်သည်။ အသွင်တူသည့် သူတို့ဆုံစည်းမှုကြောင့် မိုဟာမက်ဘာဇိအတွက် အဆင်ပြေခဲ့ခြင်းလည်း ဖြစ်သည်။

ဘာဇိ ဇနီးမောင်နှံသည် သူတို့အိမ်တွင် ကလေးဒါဇင်ပေါင်းများစွာဖြင့် အတူနေထိုင်ကြသည်။ ဒေသကောလိပ်တွင်လည်း ကလေးမွေးစားခြင်း၊ နာမကျန်းသောကလေးများကို ပြုစုပေးခြင်း၊ သေဆုံးသည့်အခါ စီမံဆောင်ရွက်ခြင်းတို့ကို သင်ကြားပြသပေးကြသည်။ ၁၉၈၉ ခုနှစ်ကတည်းက ဇနီးသည်နှင့်အတူ နာမကျန်းမိဘမဲ့ကလေးများကို မွေးစားပြုစုနေခဲ့ကြကြောင်း ဘာဇိက ပြောကြားသည်။ သားသမီးများ ကွယ်လွန်သွားသည့်အခါတိုင်း နာကျင်ကြေကွဲရသော်လည်း နာမကျန်းကလေးများကို မွေးစားပြုစု နေကြဆဲဖြစ်သည်။ “သော့ချက်ကတော့ သင်ပါပဲ။ သင်ဟာ သူတို့ကို ကိုယ့်သွေးသားရင်းလို ချစ်ခင်ရမယ်” ဟု ဘာဇိက ပြောကြားသည်။ သူတို့ နာမကျန်း ဖြစ်ပြီးသေဆုံးရတော့မည်ကို သိသော်လည်း လူသားတစ်ယောက်အနေနှင့် အကောင်းဆုံးလုပ်ပေးနိုင်သည်ကို ဆောင်ရွက်ပေးခဲ့ပြီး နောက်ပိုင်းကိစ္စကိုတော့ ဘုရားက တာဝန်ယူလိမ့်မည်ဟု သူကခံယူထားသည်။ 

မိုဟာမက်ဘာဇိနှင့် ဇနီးတို့တွင် သွေးသားရင်းသားတစ်ဦးလည်း ထွန်းကားသည်။ အဒမ်ဟုတ် အမည်ရသည်။ သူသည် မွေးရာပါ အရိုးပျော့သောဝေဒနာ ခံစားနေခဲ့ရသည်။ သားဖြစ်သူကို စောင့်ရှောက်ရင်းဖြင့် ဝေဒနာသည်ကလေးများ၏ မိဘအရင်းအချာသဖွယ် စောင့်ရှောက်ဖေးမမှုလိုအပ်ပုံကို နားလည်လာခဲ့ပါသည်။ 

ကလေးအရွယ်သည် ခုန်ပေါက်ပြေးလွှား ကစားပျော်ရွှင်ရသည့်အရွယ်ဖြစ်ပါသည်။ သို့ပါသော်လည်း ဝေဒနာဖိစီးနှိပ်စက်မှုကြုံရသည့်အခါ အခြားကလေးများကဲ့သို့ မဟုတ်ဘဲ ရုန်းကန်နေကြရသဖြင့် သနားစဖွယ်ကောင်းပါသည်။ ယင်းသို့သနားစဖွယ် ဖြစ်ရသည့်ကြားထဲ မိဘဆွေမျိုးအရင်းအချာမရှိသည့် ကလေးများမှာ ပိုပြီး အထီးကျန်ဝမ်းနည်းရပေသည်။ မိုဟာမက်ဘာဇိတို့ဇနီးမောင်နှံသည် အဆိုပါ အခြေအနေကို ကြားဝင်ကာ ကူညီပေးနေကြသူများဖြစ်သည်။ ကူညီနိုင်ခဲ့သော ပေးဆပ်မှုဖြစ်ပါသည်။

သန့်ဇင်စိုး