News

POST TYPE

ABOUT US

ကာချုပ်မိန့်ခွန်း ပဲ့တင်သံ
17-Jul-2018
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သောမိန့်ခွန်းနှင့်ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းတွင် ဝေဖန်မှုတွေ ဆူညံသွားခဲ့သည်။ ထောက်ခံသူ၊ ကန့်ကွက်သူ၊ ငြင်းပယ်သူ စသည်ဖြင့် ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းကို တစ်စုံလုံးသုံးသပ်လျှင် အဓိကအားဖြင့် တပ်မတော်၏ အစဉ်အလာနှင့် ရပ်တည်မှုကို ခါတိုင်းလိုပြောသွားခဲ့ခြင်းသာ ဖြစ်သည်ဟု ယူဆမိသည်။ သို့သော် ထိုအထဲကမှ အငြင်းပွားစရာအချက်တွေအချို့ ပါဝင်သွားခဲ့သည်ကိုတော့ သတိပြုမိပါသည်။ 

သမိုင်းအခြေပြုချဉ်းကပ်မှု

တပ်တော်ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်း၏ သုံးပုံနှစ်ပုံခန့်မှာ သမိုင်းကြောင်းနှင့်ဆက်စပ်၍ ပြောသွားတာတွေ့ရသည်။ သမိုင်းနှင့်ပတ်သက်သော အချက်အလက်အကြောင်းအရာမှန်သမျှကို အားလုံးကသဘောတူလက်ခံထားတာမျိုး မရှိတတ်တာကို သတိပြုဖို့လိုမည်ထင်ပါသည်။ ရှင်းအောင်ဆိုရလျှင် သမိုင်းကို နှစ်မျိုးပိုင်းခြားလေ့လာနိင်သည်။ “အချက်အလက်” နှင့် “အကြောင်းအရာပိုင်း” ဟူ၍ ဖြစ်သည်။

“အချက်အလက်” ဆိုသည့်အပိုင်းမှာလည်း အငြင်းပွားစရာတချို့ရှိတတ်သည်။ သို့သော် အများစုက အတည်ပြုပါသည်။ ဥပမာ (၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများကျဆုံးသည်) ဟူသော မှတ်တမ်းသည် အချက်အလက်ဖြစ်သည်။ အငြင်းပွားစရာမရှိ။ ဦးစောက ဘာကြောင့်သတ်တာလဲဆိုသော နောက်ခံ “အကြောင်းအရာ” ပိုင်းနှင့် ပတ်သက်လာသောအခါ တစ်ယောက်တစ်မျိုးဖြစ်ကုန်သည်။ 

ဦးစောက အာဏာမက်လို့၊ ဗိုလ်ချုပ်ကို အငြိုးထားလို့၊ အင်္ဂလိပ်အစိုးရကခိုင်းလို့ စသည်ဖြင့်... ။ အကြောင်းအရာပိုင်းမှာ သူမှန်သည် ကိုယ်မှန်သည်ဟူ၍ အငြင်းပွားကြတော့သည်။

ပြည်တွင်းစစ်ပေါ်ပေါက်လာသော အချိန်ကာလကိုဖော်ပြခြင်းသည် အချက်အလက်ပိုင်းဖြစ်၍ အငြင်းပွားစရာမရှိသော်လည်း ပြည်တွင်းစစ် ဘာကြောင့်ဖြစ်ရသလဲ၊ ဘယ်သူတွေကြောင့်ဖြစ်ရသလဲ ဟူသော အကြောင်းအရာပိုင်းမှာတော့ အငြင်းပွားမှုတွေ အများကြီးရှိနေပြန်သည်။ ဖဆပလက ကွန်မြူနစ်ပါတီကြောင့်ဟုဆိုသည်။ ကွန်မြူနစ်ပါတီက ဖဆပလကြောင့် တောခိုခဲ့ရခြင်းဟု တုံ့ပြန်သည်။ သို့ဖြစ်၍ အကြောင်းအရာပိုင်းနှင့်ပတ်သက်ပြီး တစ်ဖက်တည်း၏အမြင်ကို သီးသန့်ဆွဲယူကာ ကောက်ချက်ချလျှင် အပြည့်အဝလက်ခံနိုင်စရာမရှိသော သမိုင်းဖြစ်ပေလိမ့်မည်။

မြန်မာ့သမိုင်းကို ပြန်ကြည့်လျှင်ပင် မွန်တို့ရေးသောသမိုင်း၊ ရခိုင်တို့ရေးသောသမိုင်း၊ ရှမ်းများရေးသောသမိုင်း၊ ဗမာတို့ရေးသောသမိုင်း စသည်ဖြင့် မျိုးစုံရှိတတ်သည်ဖြစ်ရာ အကြောင်းအရာပိုင်းအရ ဆန့်ကျင်ကွဲလွဲချက်တွေ များစွာရှိနေတတ်ပါသည်။

သမိုင်းကိုပြောကြသည့်အခါ ဆိုခဲ့ပါ “အချက်အလက်” နှင့် “အကြောင်းအရာ” ဟူသော အပိုင်းနှစ်ခုကို ပေါင်းစပ်ပြောဆိုကြရသည်။ ထို့ကြောင့် သမိုင်းကိုအခြေတည်ပြီး ပြောကြမည်ဆိုလျှင် အပြန်အလှန် အငြင်းပွားစရာတွေ ရှိလာမည်ဖြစ်သည်။ ဆိုလိုသည်မှာ သမိုင်းကို ကိုင်ပြီးပြောသည့်အတွက် မှားသည်ဟု ပြောလိုရင်းမဟုတ်။ သမိုင်းဆိုင်ရာအချက်အလက်အရ မှန်သော်လည်း အကြောင်းအရာပိုင်းကိုပါ ဆက်စပ်ပြောရသည့်အခါ အငြင်းပွားမှုတွေများစွာ ရှိလာနိုင်သည့်အတွက်ကြောင့်ဖြစ်ပါသည်။ သမိုင်းကိုချဉ်းကပ်လျှင် အပြုသဘောဆောင်သောချဉ်းကပ်မှု၊ ညီညွတ်ရေးကို အခြေခံသောချဉ်းကပ်မှု၊ သင်ခန်းစာယူသောအမြင်ဖြင့်ချဉ်းကပ်မှု ဟူသော ရှုထောင့်များကသာ ရပ်တည်သင့်သည်ဟု ထင်မိပါသည်။

ကိုယ်စားပြုခြင်း

“ကိုယ်စားပြုသည်”ဆိုသောစကားလုံးကို မြန်မာအဘိဓာန်တွင် “တစ်စုံတစ်ယောက်ဆောင်ရွက်ရမည့်ကိစ္စကို တာဝန်ယူဆောင်ရွက်ပေးခြင်း”ဟု ဖွင့်ဆိုထားပြီး “ကိုယ်စားလှယ်”ဆိုသည်ကိုတော့ “ကိုယ်စားဆောင်ရွက်ခွင့်ကို ပေးအပ်ခြင်းခံရသူ”လို့ အဓိပ္ပာယ်ဖွင့်ထားပါသည်။

တပ်မတော်သည် ပြည်သူလူထုကို ကိုယ်စားပြုသည်ဟူသော စကားရပ်မှာ မမှားသော်လည်း အသုံးလွဲသွားသည်ဟု ဆိုချင်သည်။ အဘယ့်ကြောင့်ဆိုသော် အစိုးရအဖွဲ့၏ယန္တရားကို နှစ်ပိုင်းခွဲ၍ကြည့်ရမည် ဖြစ်သည်။ “မူဝါဒ ဆုံးဖြတ်ချက်ချမှတ်သော”အဖွဲ့နှင့် “မြေပြင်မှာ လက်တွေ့ဝန်ဆောင်မှုပေးသောအဖွဲ့”ဟူ၍ဖြစ်သည်။

တစ်နည်းဆိုရသော် အစိုးရအဖွဲ့တွင် “ရွေးကောက်ခံအဖွဲ့” နှင့် “ရွေးကောက်မခံရသောအဖွဲ့” ဟူ၍ အလွယ်သတ်မှတ်နိင်ပါသည်။ ယေဘုယျအားဖြင့် မူဝါဒချမှတ်ပေးသော(ရွေးကောက်ခံ) အဖွဲ့မှာ အပြောင်းအလဲရှိတတ်ပြီး ပြည်သူကို လက်တွေ့ဝန်ဆောင်မှုပေးသော (ရွေးကောက်ခံစရာ မလိုသည့်) အဖွဲ့မှာ အမြဲတည်ရှိသည်။ တပ်မတော်သည် ပြည်သူကို ဝန်ဆောင်မှုပေးသော (ရွေးကောက်ခံစရာမလိုသည့်) အပိုင်းမှာ ပါဝင်သည်။ 

ထို့ကြောင့် ကိုယ်စားပြုခြင်း/မပြုခြင်းနှင့်မဆိုင်။ တကယ်တမ်း ပြည်သူကို ကိုယ်စားပြု မပြု ဆိုသည့်ကိစ္စမှာ အစိုးရအဖွဲ့၏ မူဝါဒချမှတ်သော အပိုင်းမှာပါဝင်သည့်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများနှင့် သာသက်ဆိုင်သည်။ ဒီမိုကရေစီစနစ်တွင် ယေဘုယျအားဖြင့် ပြည်သူလူထု၏ ထောက်ခံမှု ၇၀ ရာခိုင်နှုန်းခန့်ရလျှင် အစိုးရဖွဲ့နိုင်ပြီး ယင်းအစိုးရအဖွဲ့သည် သူတို့ကိုမထောက်ခံသော ကျန်သည့်ပြည်သူ ၃၀ ရာခိုင်နှုန်းကိုပါ အုပ်ချုပ်နိုင်သည်။ သို့နှင့်တိုင် ယင်းပါတီသည် ပြည်သူ ၇၀ ရာခိုင်နှုန်းကိုသာ ကိုယ်စားပြုသောပါတီဖြစ်သည်ဟု ပြောလိုပါက ပြောနိုင်သည်။ အစိုးရအဖွဲ့တစ်ခုအနေဖြင့်တော့ ပြည်သူအားလုံးကိုသာ တာဝန်ခံရလေ့ရှိပါသည်။ မူအားဖြင့်ဆိုရလျှင် တပ်မတော်အပါအဝင် အစိုးရအဖွဲ့၏ ဝန်ကြီးဌာနအသီးသီးအနေနှင့် ရွေးကောက်ပွဲဖြင့်တက်လာသော အစိုးများကို တာဝန်ခံရလေ့ရှိပြီး ရွေးကောက်ခံများကတော့ ပြည်သူကိုတာဝန်ခံရသည်။ မိမိတို့လက်ထက် နိုင်ငံရေးရလဒ်အကောင်းအဆိုးများအတွက် တာဝန်ယူကြရပါသည်။

သည်နေရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဆိုလိုရင်းမှာ တပ်မတော်သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အစဉ်အမြဲ ကာကွယ်စောင့်ရှောက်မှုပေးနေသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ပြည်သူကို ကိုယ်စားပြုသည်ဟု ပြောခြင်းဖြစ်မည်ထင်ပါသည်။ စကားလုံး သုံးစွဲပုံလွဲသွားခြင်းသာဖြစ်သည်ဟု မြင်မိသည်။

တပ်မတော်ရဲ့ ဒီပလိုမေစီမာနေသလား

ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းကို နားထောင်ပြီးနောက် တပ်မတော်၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ထားရှိသောသဘောထားမှာ တင်းမာလာသလားဟု မေးခွန်းထုတ်မှုများလည်း ရှိနေသည်။ တစ်ဦးတည်း အမြင်အရ ဆိုရလျှင် မာသည်ဟုမမြင်ပါ။ တပ်မတော်၏ သဘောထားသည် ယခင်ကလည်း သည်အတိုင်းသာဖြစ်သည်။ အင်အားစကားပြောခြင်းမှာ လက်မှတ်မထိုးရသေးသော အဖွဲ့များကို အသိပေးလိုရင်းဖြစ်မည်ဟု ယူဆပါသည်။ တပ်မတော်သည် ငြိမ်းချမ်းရေးကို ပြင်းပြစွာလိုလားနေသည်မှာ အငြင်းပွားစရာမရှိပါ။ ယခုအစိုးရသက်တမ်းအတွင်းမှာပင် ငြိမ်းချမ်းရေး အပြီးသတ်ရရှိလိုကြောင်းကို ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော်မှ ခေါင်းဆောင်များက အတိအလင်းပြောကြားခဲ့ပြီးဖြစ်ရာ အစိုးရထောက်ခံသူများဘက်မှ သံသယများကို လျော့ကျစေခဲ့ပါသည်။ သို့သော်လည်း ငြိမ်းချမ်းရေးညီလာခံမှာ ချပြသောသဘောထားဖြစ်သည့်အတွက်ကြောင့်လည်းကောင်း၊ အင်အားကြီးမားဆုံးသော အင်စတီကျူးရှင်းကြီးတစ်ခုဖြစ်နေသည့်အတွက်လည်းကောင်း ယခုထက်ပို၍ တစ်စုံတစ်ရာပျော့ပျောင်းမှုကို ပြသသင့်ပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုသည်မှာ အပေးအယူ အလျှော့အတင်းပြုလုပ်၍ ညှိနှိုင်းကြရခြင်းဖြစ်ရာ တတ်နိုင်သမျှ အပြန်အလှန် ယုံကြည်မှု၊ နားလည်မှုများတည်ဆောက်နိုင်ဖို့လိုပါသည်။ သို့ဆိုလျှင် အပြန်အလှန်ပျော့ပျောင်းညင်သာမှုများဖြင့်သာ ချဉ်းကပ်ကြဖို့လိုပါလိမ့်မည်။

ဆိုရလျှင် ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းမှာ ထောက်ပြစရာ အဓိကအားဖြင့် အချက်နှစ်ချက်သာမြင်ရသည်။ သမိုင်းကြောင်းကိုအခြေတည်ပြီး ရပ်ခံထားသောကြောင့် အချက်အလက်အားဖြင့်မှန်သော်ငြား အကြောင်းအရာပိုင်းအရ အငြင်းပွားစရာများဖြစ်သွားသည်။ တပ်မတော်သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးသော အဖွဲ့အစည်းတစ်ရပ်ဆိုသည်မှာ ဘယ်သူမှမငြင်းနိုင်။ သို့သော် ကိုယ်စားပြုဆိုသော အသုံးအနှုန်းက အနည်းငယ်အံချော်သွားသည်ဟု ထင်ပါသည်။

တစ်စုံလုံးကို ခြုံငုံကြည့်လျှင် တပ်မတော်အနေနှင့် တိုင်းပြည်တည် ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန္ဒပြင်းပြနေသည်ကို အထင်အရှားမြင်ရသည်။ ဥပမာ “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့နေရာမှာ အချိန်ဆွဲဆောင်ရွက်ခြင်းဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ ကျွန်တော်တို့နိုင်ငံကို ပိုပြီးနိမ့်ကျအောင်ဆွဲနှစ်သလိုဖြစ်နေတယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်” ဟူသောစကားမှာ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို မည်မျှလိုလားနေသလဲဆိုတာ ဆဝါးနိုင်သည်။

အဓိကတော့ တပ်မတော်နှင့် စစ်အာဏာရှင်ကို ခွဲခြားမြင်တတ်ဖို့လိုသည်။ စစ်တပ် ဓာတ်မတည့်သော စိတ်အခံနှင့်တွေးကြလျှင် အပြစ်တွေချည်းသာမြင်ရပေမည်။ ချစ်လွန်းသောစိတ်နှင့် ကြည့်ပြန်လျှင်လည်း အပြစ်အနာအဆာဟူ၍ တစ်စက်မျှ တွေ့ကြမည်မဟုတ်။ ချစ်ခြင်း မုန်းခြင်းကို ခွာပြီးကြည့်နိင်မှ အားနည်းချက်/အားသာချက်ကို တွေ့ရမည်။ မည်သို့ပင်ဆိုစေကာမူ တိုင်းပြည်၏အင်အားစုမှန်သမျှကို တိုင်းပြည်တည်ဆောက်ရေးအတွက် နေရာတကျအသုံးချနိုင်လျှင် တိုးတက်မှုမြန်သည်။ တပ်မတော်သည် တိုင်းပြည်အတွက် အဖိုးတန်သော အင်အားစုကြီးတစ်ခုဖြစ်ရာ ယင်းအင်အားစုကို ပြည်သူက နည်းမှန်လမ်းမှန်ဖြင့် ထိန်းကျောင်းအသုံးချတတ်မည်ဆိုလျှင် အားလုံးမျှော်လင့်သော ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ကြီးတစ်ခုကို အမြန်ဆုံး မြင်တွေ့ကြရပါလိမ့်မည်။

ဝင်းကို