News

POST TYPE

ABOUT US

နယ်စပ်ကခိုကိုးရာမဲ့တို့၏အမေ
15-Jul-2018


ဒေါက်တာ စင်သီယာမောင်၏ ဆေးခန်းသည် နယ်စပ်ကိုဖြတ်ကျော်ပြီး ဆေးလာကုသရလောက်အောင် လူသိများသည့် ဆေးခန်းတစ်ခုဖြစ်သည်။ ကရင်ပြည်နယ်အတွင်း ခေတ်မီဆေးခန်းများ မရှိရော့သလားဟု ထင်ရလောက်အောင်ပင် မကျန်းမာသူများ၊ ထိခိုက်ဒဏ်ရာ ရထားသူများသည် ခြေကျင်တစ်မျိုး၊ ထမ်းပိုး၍တစ်သွယ် တောကိုဖြတ်၊ တောင်ကိုကျော်ပြီး ဆေးခန်းကို အရောက်လာကြသည်။ ထိုဆေးခန်းကို ကရင်လူမျိုး ဆရာဝန်မတစ်ဦးသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဆင်ခြေဖုံး တောတောင်ထဲတွင် ၁၉၈၉ ခုနှစ်ကတည်းက ဖွင့်လှစ်ထားခဲ့ခြင်းဖြစ်သည်။

ထိုဆေးခန်းကား မယ်တော်ဆေးခန်းဖြစ်သည်။ မြန်မာပြည်နယ်စပ်နှင့်ဆိုလျှင် လေးကီလိုမီတာခန့် ကွာဝေးသည်။ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီလှုပ်ရှားမှုကာလအတွင်း အရေးနိမ့်ကာ ထွက်ပြေးလာသော ကျောင်းသားများကို ဆေးဝါးကုသပေးရန် ရည်ရွယ်ချက်ဖြင့် စတင်ဖွင့်လှစ်ပေးခဲ့သော ဆေးခန်းသေးသေးလေးသာဖြစ်သည်။ ဒေါက်တာစင်သီယာမောင်ကိုယ်တိုင်သည်လည်း ၁၉၈၈ ခုနှစ် နိုင်ငံရေးလှုပ်ရှားမှုများဖြစ်ပွားခဲ့ပြီးနောက် သူမ နေထိုင်ရာ မော်လမြိုင်မြို့မှ ထွက်ပြေးလာခဲ့သူ တစ်ဦးဖြစ်သည်။ သူသည် အမြန်ဆုံးထွက်ပြေးလာရသောကြောင့် မိဘများကို နှုတ်မဆက်နိုင်ခဲ့ဟုဆိုသည်။ နယ်စပ်သို့ ထွက်ပြေးလာသော ဆရာဝန်မလေးသည် ထိုင်းမြန်မာနယ်စပ်သို့ ခုနစ်ရက်ခရီးနှင်လာခဲ့ပြီးနောက် ကျောင်းသားလူငယ်များ၊ အခြားကရင်လူမျိုးများနှင့် ပူးပေါင်းမိသွားသည်။ ထိုအချိန်ကတည်းက သူသည် မိမိနေရပ်သို့ တစ်ကြိမ်မျှ ပြန်မရောက်တော့ဟုဆိုသည်။

ယခုအခါ ဒေါက်တာစင်သီယာမောင်သည် လူလတ်ပိုင်းအရွယ်ဖြစ်နေပြီး စကားကိုလည်း ငြင်သာစွာ ပြောဆိုတတ်သည်။ လေသံက နွမ်းလျနေသော်လည်း သူ့ဂုဏ်သတင်းတွေက နယ်စပ်ဒေသတစ်လျှောက် ကရင်လူမျိုးများကြားတွင် မွှေးပျံ့နေသည်။ သူ့ကို ဆေးရုံမှဆရာဝန်လေးတွေက “အမေ” ဟု ခေါ်ကြသည်။ 

မယ်တော်ဆေးခန်းကို ထူထောင်စဉ်က ဒေါက်တာစင်သီယာသည် နယ်စပ်သို့ရောက်လာသော ထောင်ပေါင်းများစွာ ကျောင်းသားများကို ဆေးဝါးများကုသပေးရန်ဖြစ်သည်။ ထွက်ပြေးလာသော ကျောင်းသားတွေက မဲဆောက်မြို့ဝန်းကျင်တွင် စုရုံးကာ နေထိုင်ကြသည်။ ထိုကျောင်းသား အများစုသည် ငှက်ဖျားဝေဒနာများ ခံစားနေကြရပြီး တောတွင်း၌နေထိုင်သဖြင့် ဒဏ်ရာတွေလည်း အမျိုးမျိုးရရှိနေကြသည်။ ထိုစဉ်ကတည်းက ဆေးခန်းကလေးကို ကျန်းမာရေးစောင့်ရှောက်သည့်ဌာနအနေနှင့် စတင်ခဲ့ပြီးနောက် အတွင်းလူနာ၊ အပြင် လူနာများ လက်ခံကုသပေးခဲ့သည်။ နောက်ပိုင်း မိခင်နှင့် ကလေးများ စောင့်ရှောက်သည့်ဌာနများကိုပါ ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုမှတစ်ဆင့် မျက်စိကုဌာန၊ ကလေးအာဟာရနှင့် ကာကွယ်ဆေးထိုးရေး အစီအစဉ်များ၊ မိသားစု စီမံကိန်းအကြံပေးဌာနများဖွင့်လှစ်ထားခဲ့ပြီး နယ်စပ်သို့ရောက်လာကြသော ရွှေ့ပြောင်းလုပ်သားများအတွက်ပါ ကျန်းမာရေးစောင့်ရှောက်မှု များကို ဆောင်ရွက်ပေးခဲ့သည်။ ဝန်ထမ်းများအနေနှင့် ဆရာဝန်သုံးဦးနှင့် ကျန်းမာရေးလုပ်သားပေါင်း ၆၀ ခန့်ကိုထားရှိကာ အခမဲ့ကုသပေးလျက်ရှိသည်။

မူလဆေးခန်းအဆောက်အအုံမှ အနည်းငယ်လမ်းလျှောက်ထွက်လိုက်လျှင် စြင်္ကံဖြင့် ဆက်ထားသည့် အိမ်သာလေးများကိုတွေ့ရမည်ဖြစ်သည်။ အိမ်သာတွေကကျဉ်းပြီး အနံ့အသက်တွေကလည်း ပြင်းလှသည်။ ကျွန်မ မွေးခန်းကို ဖြတ်သန်းခဲ့သည်။ ထိုအခန်းသည် သီးခြားဆောက်ထားပြီး သံဆန်ခါများဖြင့် ကာထားသည်။ ထိုအခန်းထဲတွင် သံခုတင်လေးလုံးရှိပြီး ပလတ်စတစ်အခင်းတွေ ခင်းထားသည်။ ကုတင်တစ်လုံးနှင့်တစ်လုံးကို မီတာအနည်းငယ်စီသာ ခြားထားသည်။ စားပွဲအပေါ်နှင့် မျက်နှာကြက်သည် သိပ်မကွာလှအောင် နိမ့်လွန်းလှသည်။ ဆေးခန်းတွင် လူနာတွေ များပြားစွာ ရောက်လာသည့်ကြားမှ အတွင်းလူနာများကို ကုသရန်အတွက် အဆောက်အအုံများကို ဆောက်လုပ်ကြရခြင်းဖြစ်သည်။ ၁၉၉၉ ခုနှစ်နောက်ပိုင်းတွင်မှ ဆေးခန်းကို ပီပြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ 

မယ်တော်ဆေးခန်းသည် ကျန်းမာရေးစောင့်ရှောက်မှုများပေးသည့်အပြင် နယ်စပ်တစ်ဝိုက်ရှိ အရပ်လက်သည်များကို ခေတ်မီနည်းစနစ်များဖြင့် မွေးပေးနိုင်ရန်အတွက်လည်း သင်တန်းများပေးလျက်ရှိသည်။ မိုဘိုင်းလ် ဆေးကုသရေးအဖွဲ့များနှင့် ကျောပိုးအိတ်လွယ်ဆရာဝန်များအဖွဲ့ကိုလည်း ဖွဲ့စည်းပေးထားပြီး ကရင်ပြည်နယ်အတွင်း ခြေလျင်သွားကာ ကျန်းမာရေးဝန်ဆောင်မှုများကိုလည်း ပေးလျက်ရှိသည်။ ကျောပိုးအိတ်လွယ် ဆရာဝန်များအဖွဲ့သည် အတည်တကျမရှိသည့် ကရင်လူမျိုးများကြားတွင် လှည့်လည်သွားလာရင်း ဆေးဝါးများ ကုသပေးလျက်ရှိသည်။ ကျောပိုးအိတ်လွယ် ဆရာဝန်များအဖွဲ့မှ ဆရာဝန်တစ်ဦး၏ အဆိုအရ သူတို့အဖွဲ့သည် ထိုင်း နိုင်ငံဆေးခန်းသို့ ပြန်ရောက်လာချိန်တွင် ၆၅၀ ကီလိုမီတာခန့် လမ်းလျှောက်ခဲ့ပြီးပြီဖြစ်ကြောင်း သိရသည်။ 

၁၉၉၈ ခုနှစ်တွင် မယ်တော်ဆေးခန်း၌ အတွင်းလူနာနှင့် ပြင်ပလူနာပေါင်း ၁၉,၄၇၁ ဦးလာရောက် ကုသခဲ့ကြောင်းသိရသည်။ ၁၉၉၇ ခုနှစ်ထက် ၂၇ ရာခိုင်နှုန်း တိုးတက်များပြားလာခြင်းဖြစ်သည်။ 

“အများစုက နယ်စပ်ကို ဖြတ်ကျော်လာခဲ့ကြတာ။ မြန်မာပြည်အတွင်းမှာ အစိုးရစစ်တပ်က နယ်မြေတွေကို ပိုပြီးသိမ်းပိုက် ထိန်းချုပ်လာခဲ့ကြတယ်။ နင်းမိုင်းပြဿနာတွေ အရမ်းများလာလိမ့်မယ်။ လူတွေအတွက် သွေးတွေလည်း အများကြီးလိုလာလိမ့်မယ်” ဟုဒေါက်တာစင်သီယာမောင်ကဆိုသည်။ ဆေးခန်းအတွင်း သွေးသွင်းကုသရခြင်းသည် ၁၉၉၈ ခုနှစ်တွင် ယခင်နှစ်များကထက် ရာခိုင်နှုန်း ၃၀၀ ခန့် ပိုပြီးများလာသည်။ ဆေးခန်းတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းအများစုသည် သွေးလှူ ဒါန်းကြသူများဖြစ်ကြသည်။ 

ဆေးခန်းသို့ရောက်လာကြသည့် လူနာများသည် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများ၊ ငှက်ဖျားနှင့် သွေးအားနည်း ရောဂါဝေဒနာခံစားနေရ သူများဖြစ်ကြသည်။ ဆေးခန်းမှထုတ်ပြန်သည့် နှစ်ပတ်လည်အစီရင်ခံစာများကို ဖတ်ကြည့်လျှင် နယ်စပ်တစ်လျှောက်၌ ဒုက္ခဆင်းရဲခံပြီး အခြေအနေအမျိုးမျိုးဖြင့် နေထိုင်ကြသူများတွင် အခြားကျန်းမာရေးဆိုင်ရာ ပြဿနာများလည်းရှိနေကြောင်းတွေ့ရသည်။ ယင်းပြဿနာများမှာ ဘယ်ရီ-ဘယ်ရီဟု ခေါ်သည့် ရောဂါများ၊ တီဘီနှင့် လိင်ဆက်ဆံခြင်းမှ ရလာသော ဆိုင်ရာရောဂါများ (HIV အပါအဝင်)၊ ကိုယ်ဝန်ပျက်ကျခြင်းမှဖြစ်လာသော ရောဂါများ၊ အာဟာရချို့တဲ့ခြင်းကြောင့် ဖြစ်ပွားလာသည့် ရောဂါများစသည်ဖြင့် များစွာသော ပြဿနာများကိုလည်း ရင်ဆိုင်ဖြေရှင်းပေးနေရသေးသည်။ 

နယ်စပ်ဒေသများတွင် ခိုကိုးရာမဲ့ လာရောက်နေထိုင်ကြသူများအတွက် ကလေးသူငယ်များအား အာဟာရဖြည့်တင်းပေးခြင်းကို ဆေးခန်းစတင်ခဲ့သည့် ၁၉၉၈ ခုနှစ်လယ်လောက်ကတည်းက ဆောင်ရွက်ပေးနေခဲ့သည်။ ပရိုဂရမ်စတင်ပြီး ခြောက်လအတွင်း ကလေးပေါင်း ၂၂၀၀ ကျော်ကို လက်ခံပြီး ကုသပေးခဲ့သည်။ ထိုကလေးများတွင် ၆၀ ရာခိုင်နှုန်းခန့်သည် အာဟာရချို့တဲ့သည့်ဒဏ်ကို အလွန်အမင်း ခံစားနေကြရကြောင်းတွေ့ရသည်။ ကလေးများ အာဟာရဖြည့်တင်းရေး ပရိုဂရမ်တွင် ကိုယ်အလေးချိန် ချိန်ခြင်း၊ တစ်ပတ်တစ်ကြိမ် မျှတသည့် အစားအစာများကို ကျွေးမွေးခြင်းများအား ပြုလုပ်နိုင်ခဲ့သည်။ အာဟာရ လွန်မင်းစွာ ချို့တဲ့သည့် ကလေးများကို အတွင်းလူနာဆောင်တွင်ထားပြီး တစ်နေ့လျှင် အစားအစာ ခြောက်ကြိမ်ကျွေးပြီး ပြုစုကုသပေးမှုများ လုပ်ဆောင်ခဲ့သည်။ 

ဒေါက်တာ စင်သီယာမောင်သည် ဆေးခန်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးအနေနှင့် သတင်းထုတ်ပြန်ပြောကြားမှုများ လုပ်ရသည်။ ထို့ပြင် နိုင်ငံခြားမှ ရောက်လာသော ဧည့်သည်များကို မကြာခဏ လက်ခံတွေ့ဆုံခဲ့ရသည်။ ထိုဧည့်သည်များမှာ ကယ်ဆယ်ရေးဌာနတွင် တာဝန်ထမ်းဆောင်နေကြသူများ၊ ခရစ်ယာန်အဖွဲ့အစည်းများနှင့် နိုင်ငံခြားသံတမန်များဖြစ်ကြကာ ငွေနှင့် အခြားအထောက်အပံ့ပစ္စည်းများ လာရောက်လှူဒါန်းကြခြင်းဖြစ်သည်။

ဒေါက်တာစင်သီယာမောင်ကို ကမ္ဘာ့ကျန်းမာရေးနှင့် လူ့အခွင့်အရေးအဖွဲ့ကြီးက ၁၉၉၉ ခုနှစ် ဇွန်လတွင် Jonathan Mann Award ဆုကို ချီးမြှင့်လိုက်ပြီးသည့်နောက်တွင် နိုင်ငံခြားဧည့်သည်တော်များ သည် ဆေးခန်းသို့ အရောက်အပေါက်များလာကြသည်။ အသက်လေးဆယ်ခန့်ရှိမည့် ကရင်ဆရာဝန်မကြီးသည် လစာတစ်ပြားမှမယူဘဲ တာဝန်ကို ထမ်းဆောင်နေပြီး သူမမိသားစုနှင့်အတူ ဆင်းရဲချို့တဲ့စွာပင် နေထိုင်သူဖြစ်သည်။ ဂျိုနာသန်မန်းဆုရရှိလိုက်သည့်အတွက် သူ့ကို အမေရိကန်ဒေါ်လာ ၂၅,၀၀၀ ချီးမြှင့်ခြင်းခံလိုက်ရသည်။ နိုင်ငံတကာမှ ဆုပေးရန် ရွေးချယ်ထားသည့် လူပေါင်း ၅၀ ထဲတွင် သူက ယင်းဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ဂျိုနာသန်မန်းဆုသည် ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးကပေးသည့် ဆုဖြစ်သည်။ ထိုပါမောက္ခကြီးကို နိုင်ငံတကာက အေအိုင်ဒီအက်စ်သုတေသီအဖြစ် သိထားကြသည်။ သူသည် လူ့အခွင့်အရေးကိုထောက်ခံအားပေးသူ တစ်ဦးလည်းဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် လေယာဉ်ပျက်ကျပြီး ကွယ်လွန်သွားခဲ့ရသည်။ 

ကျွန်မအမြင်မှာတော့ ဒေါက်တာသည် လူရှေ့သူရှေ့ထွက်ရလျှင် သိပ်ပြီးအဆင်မပြေဟုထင်သည်။ သို့သော် ကျွန်မနှင့်အတူ တစ်နာရီလောက်ထိုင်ပြီး နယ်စပ်တွင် ရောက်နေကြသော ရွှေ့ပြောင်းနေထိုင်သူများ ရင်ဆိုင်နေကြရသည့် လူမှုရေးဆိုင်ရာ ပြဿနာများကို ဆွေးနွေးဖြစ်ကြသည်။ သူမလေသံကတိုးပြီး နွမ်းလျနေသည်။ သို့သော် သူမ၏ မျက်လုံးဝိုင်းကြီးများက ကရင်အဖွဲ့အစည်းအပေါ် အကျိုးပြုရန် မည်မျှအထိ စိတ်အားထက်သန်နေကြောင်းကို ပြဆိုနေသည်။ 

နယ်စပ်တွင် မြန်မာပြည်ဘက်မှ တရားမဝင်လာရောက်နေထိုင်ကြသူများသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရာ၌ လုပ်ခလစာနည်းပါးစွာ ခံစားကြရသည်။ လယ်ယာ၊ စက်ရုံနှင့် ဆောက်လုပ်ရေးလုပ်ငန်း ခွင်များတွင် မိသားစုအားလုံး ဝင်ရောက်လုပ်ကိုင်ကြရသည်။ မူးယစ်ဆေးဝါး (အမ်ဖက်တမင်း စိတ်ကြွဆေးများ) ကို ထိုအလုပ်သမားများသည် သုံးစွဲလေ့ ရှိကြပြီး၊ မူးယစ်ဆေးသုံးစွဲမှုက ထိုရွှေ့ပြောင်းလုပ်သား များကြားတွင် အလွန်အမင်းပျံ့နှံ့နေသည်။ အချို့က ထိုဆေးဝါးများကို သုံးစွဲခြင်းဖြင့် အလုပ်ချိန်ကို ကြာကြာလုပ်နိုင်ပြီး ပင်ပန်းမှုဒဏ်ကို ပိုပြီးခံနိုင်ရည်ရှိသည်ဟု ထင်နေကြသည်။ 

ထိုင်းအစိုးရသည် နယ်စပ်ဒေသများရှိ တရားမဝင်နေထိုင်သည့် အလုပ်သမားများ၏ စခန်းများကို ဖြိုခွင်းနှိမ်နင်းလေ့ရှိသည်။ မဲဆောက်လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာပြည်မှ လာသော တရားမဝင် အလုပ်သမားပေါင်း ၃၉,၀၀၀ ခန့် ကို ဖမ်းဆီးရမိကြောင်း သိရသည်။ ၁၉၉၈ ခုနှစ်က စတင်ပြီး မြန်မာထိုင်းနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းလေးခုကို စတင်နှိမ်နင်းခဲ့ခြင်းဖြစ်သည်။ ၁၉၉၉ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း လူပေါင်း ၁၅,၀၀၀ ကို ပြန်ပို့ပြီးဖြစ်သည်။

ရွှေ့ပြောင်းနေထိုင်ကြသူများထဲတွင် မြန်မာနိုင်ငံမှလာသော အမျိုးသမီးလေးများဘဝက ပိုပြီးဆိုးရွားလှသည်။ သူတို့ဘဝများကို ပြည့်တန်ဆာ လုပ်ငန်းများဖြင့် ရပ်တည်နေကြရသူတွေ အလွန်များသည်။ ကိုယ်ဝန်ရှိလာလျှင် အလုပ်မလုပ်ရမည်စိုးရိမ်ပြီး မလုံခြုံသည့် ကိုယ်ဝန်ဖျက်ချမှုများကို သူတို့ကျူးလွန်တတ်ကြောင်း ဒေါက်တာက ပြောပြသည်။ ဆေးခန်းသို့ ထိုကိုယ်ဝန်ဖျက်ချသူများ မကြာခဏ ရောက်လာတတ်သဖြင့် ကုသပေးနေရသည်။

“မြန်မာနိုင်ငံမှာ တွေ့နေကျ အဖြစ်အပျက်မျိုးတွေက ဒီမှာ အမြဲတွေ့နေရတယ်။ ဆယ်စုနှစ်ပေါင်းများစွာ စီးပွားရေးအဆင်မပြေမှုတွေကြောင့် ရိုက်ခတ်လာတဲ့ဒဏ်တွေပေါ့။ မြန်မာမိသားစုတွေမှာက မိသားစုပြဿနာတက်လာပြီ၊ စီးပွားရေး အဆင်မပြေတော့ဘူးဆိုရင် မိန်းကလေးကို ကျောင်းထုတ်တော့တာပဲ။ အဲဒီ မိန်းကလေးက ကျောင်းထွက်ပြီး သူ့ထက်ငယ်သူတွေကို ပြန်ပြီးရှာကျွေးပေါ့။ ဒီတော့ သူတို့လည်း သားကောင်ဘဝကို ကျရောက်တော့တာပဲ” ဟု ဒေါက်တာစင်သီယာမောင်က ကျွန်မကို ပြောလိုက်သည်။

Ref : Whispers at the Pagoda, Potraits  of Modern Burma; Julie Sell